Friday, July 29, 2016

ဖားကန့်ဒေသတွင် ညအချိန် တောင်ပေါ်တက်၍ အင်တာနက်သုံးသူနှစ်ဦး အုပ်စုဖွဲ့ လုယက်တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရ

ဖားကန့်မြို့နယ် ရှရော်ခကျေးရွာတွင် ညအချိန် တောင်ပေါ်တက်၍ အင်တာနက်သုံးသူနှစ်ဦး အုပ်စုဖွဲ့ လုယက် တိုက်ခိုက်ခံရပြီး ပြင်းထန်စွာ ဒဏ်ရာရခဲ့ကြာင်း သတင်းရရှိသည်။
ဇူလိုင် ၂၇ ရက် ည ၇ နာရီခွဲအချိန်က ရှရော်ခကျေးရွာနေ ကိုမင်းအောင်  (၃၂ နှစ်) နှင့် ကိုထွန်းဝင်းဦး (၂၄ နှစ်) တို့မှာ ကျေးရွာနှင့် မလှမ်းမကမ်းရှိ အင်တာနက်လိုင်းမိသော ငွေဗျိုင်းဖြူ တောင်ကုန်းပေါ်တွင် Facebook သွားရောက် သုံးစွဲနေစဉ် လူအင်အား ခြောက်ဦးခန့်ရှိသည့် အုပ်စုမှ တုတ်ဖြင့် ၀ိုင်းရိုက်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှစ်ဦး၏ ဖုန်းများမှာ လုယက်ခံခဲ့ရပြီး ဒဏ်ရာပြင်းထန်စွာဖြင့် သတိလစ်ခဲ့ကြောင်း၊ ရွာသားများ ရောက်လာမှ ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ရကြောင်း သိရှိရသည်။
“သူတို့က Facebook သွားသုံးကြတာလေ။ အဲဒီမှာ အာရုံစိုက်နေတဲ့အချိန် လူခြောက်ဦးလောက်က နောက်ကနေ ၀ိုင်းရိုက်ကြတာ။ အရိုက်ခံရပြီး အဲဒီနေရာမှာတင် လဲနေတာ။ နောက်ရွာက အင်တာနက်သုံးတဲ့ သူတွေကတွေ့လို့ အကြောင်းလာကြားမှ ဆေးရုံကို တင်လိုက်တာ။ တစ်ဦးက ခေါင်းမှာ အချက် ၃၀ လောက် ချုပ်ရတယ်။ တစ်ဦးက ငါးချက်လောက် ချုပ်ရတယ်။ ဖုန်းတော့ပါသွားတယ်။ ဆိုင်ကယ်က သော့ရှာမရလို့ ထင်တယ်။ မပါသွားဘူး။ ဒီမှာက ဒါမျိုးခဏခဏ ဖြစ်နေတာ။ ပစ္စည်းလုတဲ့အပြင် လူကိုပါရိုက်တာ။ အမှုကတော့ မဖွင့်တော့ဘူး။ ဖွင့်ရင်လည်း ဒါမျိုးခဏခဏ ဖြစ်နေတာ မိတယ်လို့ မကြားဖူးဘူး” ဟု အရိုက်ခံရသူများ၏ သူငယ်ချင်းဖြစ်သူက ပြောကြားသည်။
၎င်းတို့နှစ်ဦး လုယက်တိုက်ခိုက်ခံရသည့် ရှရော်ခကျေးရွာ အနီးပတ်ဝန်းကျင်တွင် ယခင်ကလည်း ယခုကဲ့သို့ ၁၀ မှုထက်မနည်း ဖြစ်ပွားခဲ့ပြီး အုပ်စုဖွဲ့ကာ တုတ်ဓားများဖြင့် ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် လူသေဆုံးမှုများလည်း ရှိခဲ့ကြောင်း၊ ထိုအုပ်စုဖွဲ့ လုယက်သူများအား ယနေ့အချိန်ထိ ရဲတပ်ဖွဲ့မှ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိသေးဘဲ ဒေသခံများမှာ ညအချိန်တွင် သွားရေးလာရေး ခက်ခဲနေကြောင်း သိရသည်။

Writer: 
အောင်ဟိန်းမင်း (ဖားကန့်)

No comments: