‘ကျွန်တော်တို့
တောင်အာဖရိက ပြည်သူတွေ အတိတ်နဲ့ နောက်ပြန် မလှည့်ကြေး ပြတ်ပြတ်သားသား
လမ်းခွဲလိုက်တယ်။ လက်တွေ့ဘ၀မှာ ကျွန်တော်တို့ တရားမျှတမှု၊ လူမျိုးရေး
မခွဲခြားမှုနဲ့ ဒီမိုကရေစီအပေါ် သစ္စာခံဖို့ စိတ်ထားတူညီကြတယ်။ ကျွန်တော်တို့
တမ်းတနေတဲ့ ငြိမ်းချမ်းပြီး သဟဇာတဖြစ်တဲ့ တန်းတူညီမျှ နိုင်ငံတစ်ခုပေါ့။
သက်တံဟာ ကျွန်တော်တို့နိုင်ငံရဲ့ သင်္ကေတတစ်ခု ဖြစ်လာတယ်။ ကျွန်တော်တို့ကို
သွေးခွဲဖို့ အသုံးပြုခဲ့တဲ့ ကျွန်တော်တို့ရဲ့ ဘာသာစကားနဲ့ ယဉ်ကျေးမှု
အမျိုးမျိုးကို အင်အားနဲ့ ကြွယ်ဝ ချမ်းသာမှု ရင်းမြစ်တစ်ရပ်အဖြစ်
ပြောင်းကြမယ်’
နယ်ဆင်မင်ဒဲလား
အမျိုးသား ပြန်လည်သင့်မြတ်ရေးနေ့အတွက် ပြောကြားခဲ့သည့် စကား
၁၆ ဒီဇင်ဘာ ၁၉၉၅
တိုင်းရင်းသားများအနေဖြင့် ခွဲထွက်ရေးကို ချန်ထားပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးစသည့် အဓိကအချက်သုံးချက်ကို တောင်းဆိုတိုက်ပွဲဝင်လျက်ရှိရာ မရမချင်း လက်တွဲဆောင်ရွက်ရန် မိုင်ဂျာယန် အစည်းအဝေး တတိယနေ့ သဘာပတိ ချင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ CNF ဒုတိယဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်းက တိုက်တွန်း ပြောကြားခဲ့သည်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မျက်နှာစုံညီ အစည်းအဝေး တတိယနေ့ကို ဇူလိုင် ၂၈ ရက်က ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပရာ သဘာပတိအဖြစ် ဆောင်ရွက်သော ချင်းအမျိုးသားတပ် ဦး (CNF) ဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်းက အစည်းအဝေး အဖွင့်မိန့်ခွန်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
မိုင်ဂျာယန် မျက်နှာစုံညီ အစည်းအဝေး ပြုလုပ်ရခြင်းမှာ မကြာမီ ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) အတွက် ပြင်ဆင်ရန် ဖြစ်ကြောင်း၊ ပင်လုံညီလာခံကို ၁၉၄၆ ခုနှစ် မတ်လတွင် တစ်ကြိမ်၊ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလတွင် တစ်ကြိမ် နှစ်ကြိမ်တိုင်တိုင် ကျင်းပပြီး ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ပြီး ဖြစ်ကြောင်းနှင့် ယင်းစာချုပ်ကြီး ချုပ်ဆိုပြီး နိုင်ငံတော်တစ်ခု မွေးဖွားပေးခဲ့ကာ ပြည်ထောင်စုကြီး ပေါ်ပေါက်ပြီး ဖြစ်သော်လည်း လက်ရှိတွင် ၂၁ ရာစု ပင်လုံကို ထပ်ပြီး ကျင်းပရန် လိုအပ်နေခြင်းမှာ မေးခွန်းကြီး ဖြစ်နေကြောင်း ၎င်းက ဆိုသည်။ ဆက်လက်၍ ၎င်းက “အဲဒါကြောင့် ဒါတွေကို ခြုံပြီးတော့ ပြောရမယ်ဆိုရင် ယနေ့ ၂၁ ရာစု ပင်လုံညီလာခံကြီးမှာ ကျွန်တော်တို့ ပြင်ဆင်တဲ့အခါမှာ ကျွန်တော်တို့ရဲ့ ပြင်ဆင်ချက်က ပင်လုံကတည်းက ယနေ့အထိ ကျွန်တော်တို့ အဆက်ဆက်သော တောင်းဆိုချက်ထဲက အဓိက အရေးကြီးဆုံးဖြစ်တဲ့ သုံးချက်ကို ဆက်ပြီး တိုက်ပွဲဝင်နေတာ ဖြစ်ပါတယ်။ အဲဒီသုံးချက်ကတော့ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ ဖြစ်ပါတယ်။ အဲဒီသုံးချက် အခွင့်အရေးသုံးရပ်ကို ကျွန်တော်တို့က စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ပဲ ထူထောင်လို့ရမယ်လို့ ကျွန်တော်တို့ခံယူထားပါတယ်” ဟု ပြောကြားခဲ့သည်။
နယ်ချဲ့အစိုးရသည် မြန်မာတိုင်းရင်းသားများအား ဘာသာစကားနှင့် ယဉ်ကျေးမှု အမျိုးမျိုး ကွဲပြားမှုကို အသုံးချကာ သွေးခွဲအုပ်ချုပ်ရေးဖြင့် အုပ်ချုပ်ခဲ့သည်။ သို့သော် ၁၉၄၇ ဖေဖော်ဝါရီ ၁၂ ရက်တွင် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ပြီး နိုင်ငံတော်တစ်ခု မွေးဖွားပေးကာ ပြည်ထောင်စုကြီး ပေါ်ပေါက်လာခဲ့သည်။ ဆက်လက်၍ တရားမျှတမှု၊ လူမျိုးရေး မခွဲခြားမှုနှင့် ဒီမိုကရေစီတို့အပေါ် သစ္စာရှိရေးဟူသော တူညီသော စိတ်ထားများဖြင့် ငြိမ်းချမ်းပြီး သဟဇာတဖြစ်သည့် တန်းတူညီမျှသော နိုင်ငံတစ်ခုဆီ ရောက်ရှိရေးအတွက် မိုင်ဂျာယန်မှသည် ပင်လုံဆီသို့ အောင်မြင်စွာ ချီတက်နိုင်ပါစေဟု The Daily Eleven သတင်းစာက ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ဇူလိုင် ၂၉ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့ အာဘော်

No comments:
Post a Comment