Sunday, July 31, 2016

ချောင်းသာတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး "

ချောင်းသာတွင် အမျိုးသားတစ်ဦး ရေနစ်သေဆုံး "
ချောင်းသာကမ်းခြေတွင်လိုင်းကြီးနေသည့် အချိန်တွင် ရေဆင်းချိုးရာ၌ နှစ်ဦးရေနစ်ပြီး တစ်ဦး သေဆုံးသွားမှု ဇူလိုင် ၃၁ရက် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့ကြောင်း ချောင်းသာ ဟိုတယ်ဇုန် မှ သတင်းရရှိသည်။
“ ငါးယောက်လောက် ရှိတယ် ဘောကွင်း ကိုယ်စီနဲ့ ရေဆင်းချိုးကြ ရာကနေ လိုင်းကကြီးနေတဲ့အတွက် ကမ်းနဲ့ ဝေးတဲ့ နေရာကို မျောသွားတော့ သူတို့ထဲက နှစ်ယောက်က ကြောက်ပြီး ဘောကွင်းပေါ်က ခုန်ဆင်းလိုက်တဲ့ အတွက် ရေနစ် သွားတာ သက်ကယ်ရေယာဉ် သွားပြီး ကယ်ပေမယ့် တစ်ယောက်ကိုပဲ ကယ်တင် နိုင်လိုက်ပြီး နောက် တစ်ယောက်ကိုကတော့ အသက်မမှီလိုက်ပါဘူး “ ဟု ချောင်းသာ ဟိုတယ်ဇုန် အတွင်းရေးမှူး ဦးမင်းကျော်ဦး ကပြောသည်။
၎င်းတို့ ရေချိုးနေသည့် နေရာမှာ သက်ကယ်ရေယာဉ် ရှိသည့် နေရာဖြင့် အနည်းငယ် ကွာဝေးနေသည့် အတွက် နှစ်ဦးလုံးကို အချိန်မီ မကယ်တင် နိုင်လိုက်ခြင်းဖြစ်ပြီး ရေနစ်သူ နှစ်ဦးလုံးမှာ အမျိုးသားများဖြစ်၍ ကယ်တင်နိုင်ခဲ့သည့် တစ်ဦးကို ဆေးရုံသို့ပို့ဆောင်ထားပြီး နှစ်ဦးလုံးမှာ အရက်သောက် ထားသည်ဟု လည်း သိရကြောင်း ၄င်းက ပြောကြားခဲ့သည်။
“ လိုင်းကြီးနေတဲ့ အချိန်တွေမှာ ရေထဲ မဆင်းဖို့ သက်ကယ်ရေယာဉ်တွေက နိုးဆော် တာတွေ ရှိပေမယ့် ခရီးသည် အချို့က လိုက်နာမူ သိပ်မရှိပါဘူး ၊ဒီရက်ပိုင်း ကမ်းခြေကို ဆင်းတဲ့၊ပြန်တက်လာတဲ့ ဧည့်သည် စာရင်းကို သေချာမှတ်ပြီး စောင့်ကြည့်ဖို့ ဇုန်တစ်ခုလုံးကို ဟိုတယ် မန်နေဂျာ တွေအားလုံးကို ထပ်ပြီး သတိပေးထားပါတယ် အဲဒါမှ တစ်ခုခု ဖြစ်တာနဲ့ ကယ်ဆယ်ရေးတွေ တန်းလုပ်လို့ရမှာဖြစ်ပါတယ် “ ဟု ဦးမင်းကျော်ဦး ကပြောသည်။
ယခုရက်ပိုင်းတွင် နိုင်ငံတစ်ဝှမ်းရှိ နေရာအများစု၌ မိုးရွာသွန်းမူများဖြစ်ပေါ်နေသော်လည်းချောင်းသာ ကမ်းခြေသို့ လာရောက် လည်ပတ်သူအများအပြားရှိနေပြီး ဟိုတယ်အများစုတွင် ခရီးသည်များဖြင့် ပြည့်နေသည့် အတွက် ဧည့်သည်များ၏ လုံခြုံရေးကို ပို၍ ဂရုစိုက်ရန် သက်ကယ်ရေယာဉ်များနှင့် ဟိုတယ်များကို သတိပေးထားကြောင်း ၄င်းကပြောသည်။

No comments: