Friday, July 29, 2016

ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့် ရပ်နားထားသောကြောင့် နယ်လိုင်စင်ဖြင့် ရန်ကုန်မြို့တွင်း စီးနင်းမှုရှိနေ ------ -------- ---------

“အစိုးရကရန်ကုန်မြို့တွင်း ယာဉ်ကြော ပိတ်ဆို့မှု ကျပ်တည်းမှုတွေကို လျှော့ချနိုင်မယ်ထင်လို့ ရန်ကုန်လိုင်စင်အတွက် ပါကင်ပါမစ်တွေ ပိတ်လိုက်တယ်။ အဲ့ဒါကို အခုနယ်လိုင်စင်တွေနဲ့ ရန်ကုန်မြို့တွင်းမှာ စီးနေတယ်ဆိုတော့ ကားကကျပ်မြဲ ကျပ်နေဦးမှာပဲ။ နယ်လိုင်စင်တွေနဲ့ပတ်သက်ပြီး အစိုးရက ထိထိရောက်ရောက် ကိုင်တွယ်ဖို့လိုနေပြီ”ဟု မော်တော်ယာဉ်ရောင်းဝယ်သူ  ကိုဇေယျာထွန်းက သုံးသပ်သည်။

နယ်လိုင်စင်ဖြင့် စီးနင်းခွင့်ပြုထားသည့် ကားများ ရန်ကုန်မြို့အတွင်း စီးနင်းသွားလာမှုမှာ ယခင်ကထက် ပိုမိုများပြားလာခဲ့ကြောင်း လမ်းနှင့်ယာဉ် စည်းကမ်းဆိုင်ရာ စောင့်ကြည့် လေ့လာ သူအချို့က သုံးသပ်ပြောဆိုကြသည်။

“နယ်လိုင်စင်ကား ကိစ္စနဲ့ပတ်သက်ပြီး ကိုင်တွယ်ဖို့က ကျွန်တော်တို့ဆွေးနွေးညှိနှိုင်းနေကြတုန်းပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ယာဉ်ထိန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒ ပြောင်းလဲပြီးနောက်ပိုင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန် လိုင်စင် (YGN) ဖြင့်သာ မောင်းနှင်စီးနင်းသည့် အခြေအနေရှိခဲ့သော် လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တိုင်းဒေသကြီး ပါကင်ပါမစ် ရပ်ဆိုင်းထားပြီး နောက်ပိုင်းတွင် နယ်လိုင်စင် တံဆိပ်ကပ်ကားများ ရန်ကုန်တိုင်းအတွင်း စီးနင်းမှု ပိုများလာခြင်းဖြစ်ကြောင်း မော်တော်ယာဉ် ရောင်းဝယ်သူ ကိုဇေယျာထွန်းကသုံးသပ်သည်။

“ရန်ကုန်ပါကင်ပါမစ် ပိတ်ထားလိုက်တော့ နောက်ရောက်လာတဲ့ ကားတွေက နယ်လိုင်စင်နဲ့ပဲ သွင်းကြတော့တယ်။ ဒါတွေကို ရန်ကုန်မှာပဲ စီးတယ်။ အခုနောက်ပိုင်းမှာ နယ်လိုင်စင်နဲ့ကားတွေ ရန်ကုန်မြို့ထဲမှာ ပိုများလာတာ အားလုံးအသိပဲ။ တွေ့နေရတာပဲလေ အစိုးရက ဒါကို ဘာမှမလုပ်ပဲ ဒီအတိုင်းကြည့်နေမှာလား စီးခွင့်ပြုနေမှာလား” ဟု ကိုဇေယျာထွန်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ရန်ကုန်တိုင်း ကားပါကင်ပါမစ် ထောက်ခံချက်အား ဧပြီလလယ်မှ စတင် ရပ်ဆိုင်းလိုက်ပြီးနောက် ပြည်ပမှ ၀င်ရောက်လာသည့် မော်တော်ယာဉ်များအနေဖြင့် ရန်ကုန်တိုင်းလိုင်စင်ဖြင့် မှတ်ပုံတင်ရန် ခက်ခဲသည့်အတွက် နယ်လိုင်စင်ဖြင့် မှတ်ပုံတင်မှုများ ရှိခဲ့သည်။ ရန်ကုန်တိုင်းအတွင်းသို့ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းဒေသကြီး ၊ မန္တလေးတိုင်းဒေသကြီးနှင့် နေပြည်တော် တို့မှ လိုင်စင်ကားများ အဓိက ၀င်ရောက် မောင်းနှင်နေကြောင်း တွေ့ရှိရသည်။

“ကျွန်တော်တို့မြင်တာကတော့ တိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ ထွက်ပေါက်အနေနဲ့ တစ်ခုခုလုပ်ပေးမှရမယ်။ အဲ့လိုမှမရရင်တော့ ကားစီးတဲ့လူက ဒီလိုပဲစီးရမှာပဲ။ သူတို့လည်း ရန်ကုန်လိုင်စင်တော့ စီးချင်တာပေါ့။ သဘောက တကယ်ဖြစ်ချင်တာတော့ ရန်ကုန်တိုင်းရဲ့ မူဝါဒကို ဆုံးဖြတ်ဖို့အတွက် ဒါကိုတော့ ကျွန်တော်တို့မြင်တာ အမြန်ဆုံး ဆောင်ရွက်ရင်တော့ ပိုပြီးအဆင်ပြေမယ်လို့ မြင်ပါတယ်။ နောက် ပြည်သူကိုလည်း ကျွန်တော်တို့အနေနဲ့ ကြိုပြီး အသိပေးချင်တာ လက်ရှိက ရန်ကုန်လိုင်စင်မပေးတော့ နယ်လိုင်စင်စီးနေရတယ်။ နယ်လိုင်စင် ကပ်နေရတာ အစိုးရက ဘာထုတ်ပြန်မလဲဆိုတာကို သတိထားသင့်တယ်လို့ ပြည်သူတွေကို မက်ဆေ့ခ်ပေးချင်တယ်။ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို တိုက်တွန်းချင်တာကလည်း ရန်ကုန်တိုင်းနဲ့ပတ်သက်ပြီး ကားပေါ်လစီတစ်ခုကို အမြန်ဆုံး ထုတ်ပြန်ပေးနိုင်ရင် ကောင်းမယ်လို့ တိုက်တွန်းချင်ပါတယ်”ဟု မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ  ဒေါက်တာစိုးထွန်းက The Ladies သို့ပြောသည်။

အစိုးရသစ် လက်ထက်တွက် မော်တော်ယာဉ် တင်သွင်းခွင့်နှင့် သက်ဆိုင်သော မူဝါဒသစ်ရေးဆွဲနေ ပြီဖြစ်ကာ ၂၀၁၆ ခုနှစ် နှစ်မကုန်မီအတွင်း ထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး၊ သက်ဆိုင်ရာ ၀န်ကြီးဌာနများ ဖြစ်သော အကောက်ခွန်၊ ပြည်တွင်းအခွန်၊ က.ည.န၊ စက်မှုဝန်ကြီးဌာနများ အပါအ၀င် စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ၀န်ကြီးဌာနတို့မှ ပါဝင်ရေးဆွဲနေပြီဖြစ်ကာ အစိုးရသစ်၏ မော်တော်ယာဉ် တင်သွင်းခွင့်နှင့် သက်ဆိုင်သော မူဝါဒအသစ်ဖြစ်လာမည် ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

The Ladies News

No comments: