Saturday, July 30, 2016

မိုင်ဂျာယန်အစည်းဝေးပြီးဆုံး ၂၁ ရာစု ပင်လုံကို တိုင်းရင်းသားအားလုံး တက်မည်မတက်မည် မဆုံးဖြတ်နိုင်ခဲ့ --- --- --- ---- --- --- --- --- --- --- ---



ကေအိုင်အေ ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်တွင်ကျင်းပနေသည့် တိုင်းရင်းသားများ မျက်နှာစုံညီအစည်းအဝေးမှာ ဇူလိုင်လ ၃၀ရက်နေ့ ညနေပိုင်းက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး ၂၁ ရာစု ပင်လုံညီလာခံသို့ တိုင်းရင်းသားအားလုံး တက်ရောက်မည် မတက်ရောက်မည်ကို ဆုံးဖြတ်နိုင်ခြင်းမရှိခဲ့ကြောင်းသိရသည်။

ညီလာခံနောက်ဆုံးနေ့တွင် နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် လက်မှတ်ရေးထိုးထားခြင်း မရှိသည့်အဖွဲ့များအကြား ပူးပေါင်းဆောင်ရွက်နိုင်ရေး ၊ ယခင်ရက်များက ချမှတ်ထားသည့် ဘုံသဘောထားများအား ဆက်လက်အတည်ပြုနိုင်ရေးအတွက်  ကော်မတီဖွဲ့စည်းရေးတို့ကို ဆွေးနွေးခဲ့ကြသည်။

‘ မိုင်ဂျာယန်မှာ ဆွေးနွေးတာတွေက ၂၁ ရာစု ပင်လုံညီလာခံကို တက်မယ်ဆိုရင် ဘာကို ဆွေးနွေးမလဲဆိုတာ ခေါင်းစဉ်အောက်မှာ ဆွေးနွေးတာဖြစ်ပါတယ်။ အခု ဒီမှာရောက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၈ ဖွဲ့စလုံးဟာ တက်လို့ရှိရင် ဆွေးနွေးဖို့ အချက်တွေရှာနေတာဖြစ်တယ်။ ဘယ်လို သွားမယ်ဆိုတဲ့အပိုင်းကတော့ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများနဲ့ ဆွေးနွေးပြီးမှပဲသွားပါမယ်။ အစိုးရအပေါ်လည်းမူတည်တယ်။ ‘ ဟု မိုင်ဂျာယန်တိုင်းရင်းသား လက်နက်ကိုင်များ မျက်နှာစုံညီအစည်းအဝေး ကျင်းပရေးကော်မတီ ဒုတိယ ဥက္ကဌ ဗိုလ်ချုပ်ဂွန်မော်က အစည်းအဝေးအပြီး သတင်းစာရှင်းလင်းမှုတွင် ပြောဆိုသည်။
အစိုးရက ၂၁ ရာစုပင်လုံညီလာခံတွင် အားလုံးပါဝင်မှုအပေါ် အခြေခံမည်ဟု ယခင်က ပြောဆိုထားသော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကမူ တအာင်းပလောင်အမျိုးသားတပ်ဖွဲ့ TNLA/PSLF ၊ MNDAA ကိုးကန့်အဖွဲ့နှင့် အေအေ ရက္ခိုင့်တပ်မတော်တို့မှာ လက်နက်စွန့်ရန် သေချာပြီဆိုမှသာ ငြိမ်းချမ်းရေးဆွေးနွေးမည်ဟု ဆိုထားခဲ့ပါသည်။

တိုင်းရင်းသားလက်နက်ကိုင် ၂၁ ဖွဲ့ရှိသည့်အနက် ၈ ဖွဲ့သာနိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲမှု လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းမှာ အားလုံးပါဝင်မှုကို ယခင်အစိုးရဟောင်းဘက်မှ ငြင်းပယ်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းလည်း သိရသည်။

‘၂၁ ပင်လုံလိုပဲ ခေါ်ခေါ် ဘယ်လိုပဲခေါ်ခေါ် ဒီညီလာခံမှာ တက်ရောက်မဲ့ ရထားကို ဘယ်နေရာကစီးစီး စီးလို့ရတယ်ဆိုတဲ့ စကားခေတ်စားနေတာ ရှိပါတယ်။ ဒါပေမဲ့ ရထားလက်မှတ်လည်းမပေးဘူး။ ပေးလည်း ပေးမစီးဘူးဆိုရင် ဒါက စဉ်းစားစရာရှိပါတယ်။ အစိုးရအနေနဲ့ကလည်း အားလုံးပါဝင်လာနိုင်အောင် ဘယ်လို အခင်းအကျင်းတွေ ဖန်တီးပေးထားသလဲဆိုတာက အရေးကြီးပါတယ်။ အားလုံးကို လာပါလာပါ ပြောပြီး လာနိုင်တဲ့ အခင်းအကျင်း မဖန်တီးပေးနိုင်ဘူးဆိုရင် တိုက်ပွဲဆိုတာ ရှမ်းမြောက်တင်မက ကချင် ၊ ရခိုင် မှာလည်း ဖြစ်နေတယ်။ နေရာတော်တော်များများ မှာ ဖြစ်နေတဲ့ ပဋိ့ပက္ခတွေပါ။ အစိုးရအနေနဲ့ အခင်းအကျင်းကောင်းကို ဖန်တီးပေးဖို့ လိုအပ်တယ်လို့ ပြောချင်တယ်။ ‘ ဟု ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်အဖြစ် မိုင်ဂျာယန် အစည်းဝေးသို့ တက်ရောက်ခဲ့သူ စိုင်းကျော်ညွှန့်က ပြောသည်။

၅ ရက်တာကျင်းပပြီးစီးခဲ့သည့် မိုင်ဂျာယန်အစည်းအဝေးတွင် အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်ရာတွင် အခြေခံရမည့် မူ (၈) ချက် ၊ ၂၁ ရာစုပင်လုံညီလာခံတွင် အစိုးရမှ သတ်မှတ်ထားသည့် နိုင်ငံရေးနှင့် လုံခြုံရေးကဏ္ဍအပြင် ၊ စီးပွားရေး ၊ လူမှုရေး ၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကိစ္စရပ်များကိုပါ ထည့်သွင်းဆွေးနွေးရေးတို့ကို သဘောတူခဲ့ပါသည်။ ယင်းအပြင် အနာဂတ် ပြည်ထောင်စု တပ်မတော်အား အရပ်သားအုပ်ချုပ်မှုအောက်တွင် ထားရှိရေးကိစ္စအပေါ် ဘုံသဘောထားအဖြစ် သဘောတူညီခဲ့သည်။

‘ဒီမိုကရေစီနည်းကျဆိုရင် တပ်မတော်က အရပ်သား အုပ်ချုပ်မှုအောက်မှာရှိရမှာဖြစ်တယ်။ ဒါကကျွန်တော်တို့တင် မကဘူး ပြည်သူအားလုံးက တောင်းဆိုနေတဲ့ အရာပါ။ ‘ ကေအိုင်အို ၊ ကေအိုင်စီ ဒုတိယ ဥက္ကဌ (၂) ဗိုလ်ချုပ်ဂွန်မော်က ပြောသည်။
ယင်းအပြင် ပြည်နယ်အလိုက်ဖွဲ့စည်းပုံ ရေးဆွဲရာတွင် ထားရှိရမည့် အခြေခံမူများအတွက် အလုပ်အဖွဲ့အားဖွဲ့စည်းရန် သဘောတူထားသည်ဟု သိရပြီး မိုင်ဂျာယန်ဆွေးနွေးပွဲအတွင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီမှ တင်သွင်းသည့် အမျိုးသားပြည်နယ်များနှင့် အမျိုးသားများပြည်နယ် ( ဗမာ ပြည်နယ် ဖွဲ့စည်းမှုပါဝင် ) ဖွဲ့စည်းမှုအပေါ် အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေမူကြမ်းအပေါ် ဆွေးနွေးမှုများလည်း ရှိခဲ့သည်။

‘ပြည်နယ်ကိစ္စနဲ့ပတ်သက်ရင်တော့ ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်မယ်ဆိုတဲ့အချိန်မှာ ကိုယ်စားပြုမှုကတော့ ဥပမာ ကျွန်တော်တို့ရှမ်းနဲ့ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ တိုင်းရင်းသားအားလုံးနဲ့ ဟိုတုန်းက Federated Shan state ရှိခဲ့တယ်။ အဲတော့ ဗမာအားလုံးကို ကိုယ်စားပြုတဲ့ ပြည်နယ်ကို ဗမာတိုင်းရင်းသားများအားလုံးက  စဉ်းစားသင့်တယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ တန်းတူရေးကိုသွားတဲ့အခါစဉ်းစားသင့်ပါတယ်။ တန်းတူရေးကိုလက်ခံတယ်။ ဖက်ဒရယ်ကိုလက်ခံတယ်ဆိုရင် ဒါတွေက စဉ်းစားရမဲ့ အချက်တွေဖြစ်တယ်။  ‘ ဟု စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့မှ ကိုယ်စားလှယ်ဖြစ်သူ စိုင်းကျော်ညွှန့်ကပြောသည်။
နိုင်ငံရေးဆွေးနွေးပွဲများတွင် အသုံးပြုမည့် နိုင်ငံရေးမူဘောင်နှင့်ပတ်သက်၍ သုံးပွင့်ဆိုင် ဆွေးနွေးရန်လည်း မိုင်ဂျာယန် အစည်းအဝေးတွင် ဘုံသဘောထားချမှတ်နိုင်ခဲ့ပါသည်။

အစိုးရက သြဂုတ်လနောက်ဆုံးအပတ်အတွင်း ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပမည်ဟု ကြေငြာထားသော်လည်း ကြိုတင်ပြင်ဆင်ရန် အခြေနေများ လိုအပ်မှုကြောင့် ကျင်းပချိန်နောက်ဆုတ်ရမှုများ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများလည်း ရှိနေပါသည်။

The Ladies News


No comments: