Friday, July 29, 2016

ရေကြီးရေလျှံမှုများကြောင့် အာရှတောင်ပိုင်း နိုင်ငံများတွင် လူ ၁၀၀ ကျော် သေဆုံး

မုတ်သုံရာသီဥတု ပီပြင်လာမှုနှင့်အတူ ရေကြီးရေလျှံမှုများကြောင့် အာရှ တောင်ပိုင်း နိုင်ငံများတွင် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း သိရသည်။
နီပေါနိုင်ငံသည် အခြေအနေ အဆိုးဆုံးဖြစ်ပြီး ယခုသီတင်းပတ်အတွင်း လူပေါင်း ၇၅ ဦးထက်မနည်း သေဆုံးခဲ့သည်။ ရေကြီးမှုနှင့်အတူ မြေပြိုမှုများပါ ဖြစ်ပေါ်ခဲ့ရာ လူပေါင်း ထောင်နှင့်ချီ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
အာရှတောင်ပိုင်း ဒေသများတွင် ဇွန်မှ စက်တင်ဘာအထိ မုတ်သုံလေ ဝင်ရောက်တိုက်ခတ်လေ့ရှိရာ မိုးများပြီး ရေလွှမ်းမိုးမှုများ ဖြစ်ပေါ်လေ့ ရှိသည်။ အိန္ဒိယရှိ ဘီဟာပြည်နယ်တွင်လည်း ရေကြီးရေလျှံမှုများကြောင့် လူ ၂၂ ဦး သေဆုံးပြီး လူပေါင်း ၁.၅ သန်းအပေါ် ရာသီဥတု၏ ဆိုးကျိုးသက်ရောက်မှုများ ကြုံတွေ့စေခဲ့ကြောင်း ပြည်နယ် အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
ဗြဟ္မပုတြနှင့် အခြားသော မြစ်ကြီးအချို့တို့တွင် ရေမျက်နှာပြင်က စိုးရိမ်ရေအမှတ်အထက် ကျော်လွန် မြင့်တက်လာသည်။ ဘင်္ဂလားဒေ့ရှ်ရှိ မြေနိမ့်ဒေသများဖြစ်သော ကူရီဂရမ်နှင့် ဂျာမဲလ်ပွာတို့တွင်လည်း ဆိုးဆိုးရွားရွား ရေကြီးမှုများ ဖြစ်ပေါ်နေသည်။ ဘင်္ဂလားဒေ့ရှ် အစိုးရက ရေကြီးမှုများကြောင့် အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ကြောင်း ကြေညာထားသည်။
ပါကစ္စတန်တွင်မူ မိုးသည်းထန်ပြီး ရေကြီးရေလျှံမှုများကြောင့် လူပေါင်း ၂၂ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။ အဆိုးဆုံး ဒေသများမှာ ပက်တွန်ခါဝါနှင့် ပန်ဂျပ်ပြည်နယ်များ ဖြစ်သည်ဟု ပြည်တွင်းထုတ် Dawn သတင်းစာက ဖော်ပြခဲ့သည်။
ယခုလ အစောပိုင်းမှစ၍ ပါကစ္စတန်နှင့် အိန္ဒိယ မြောက်ပိုင်း ဒေသများတွင်ပင် လူ ၅၈ ဦးထက်မနည်း သေဆုံးခဲ့သည်။ ပါကစ္စတန်ရှိ ချီထရယ်လ် ဒေသသည် အဆိုးရွားဆုံး ဖြစ်နေပြီး အိန္ဒိယဘက်တွင်မူ အူတာရက်ခန်နှင့် အရူနာချယ်လ် ပရာဒက်ရှ် ပြည်နယ်များ၌ အခြေအနေ ဆိုးနေကြောင်း သိရှိရသည်။
Ref: AFP
http://www.7daydaily.com

No comments: