Friday, July 29, 2016

အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် စစ်သား ၉,၀၀၀ နီးပါး ပါဝင်ခဲ့ဟု တူရကီစစ်တပ် ထုတ်ပြန်

အန်ကာရာ၊ ဇူလိုင် ၂၇

ဇူလိုင် ၁၅ ရက်နေ့က မအောင်မြင်သော အာဏာသိမ်းရန် ကြိုးပမ်းမှုတွင် စစ်သည် ၈၆၅၁ ဦး၊ တူရကီစစ်တပ် တစ်ခုလုံး၏ ၁ ဒသမ ၅ ရာခိုင်နှုန်း ပါဝင်ခဲ့သည်ဟု စစ်တပ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

အာဏာသိမ်းရန် ကြိုးပမ်းသူများသည် လေယာဉ် ၃၅ စင်း၊ ရဟတ်ယာဉ် ၃၇ စင်း၊ တင့်ကား ၇၄ စီး၊ သင်္ဘော ၃ စင်းကို ရယူလှုပ်ရှားခဲ့သည်ဟုလည်း စစ်ဘက် တာဝန်ရှိသူများက ထုတ်ပြန်ခဲ့သည်။

အာဏာသိမ်းရန် ကြိုးပမ်းမှုနှင့် ပတ်သက်ပြီး လူ ၁၆၀၀၀ နီးပါးကို ထိန်းသိမ်းထားပြီး ဖြစ်သလို နောက်ထပ် ဂျာနယ်လစ် ၄၇ ဦးကိုလည်း ဖမ်းဝရမ်း ထုတ်ပြန်ခဲ့သည်။ 

အမေရိကန်တွင် နေထိုင်သည့် မွတ်ဆလင် တရားဟောဆရာ ဖက်သူလာဂူလမ်က နောက်ကွယ်မှ ကြိုးကိုင်ခဲ့သည်ဟု အစိုးရက စွပ်စွဲထားသော်လည်း ဂူလန်က ငြင်းဆိုထားသည်။

အာဏာသိမ်းရန် ကြိုးပမ်းစဉ် လူ ၂၄၆ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူ ၂၀၀၀ ကျော် ဒဏ်ရာရခဲ့သည်။

တူရကီစစ်ဦးစီးချုပ်၏ ထုတ်ပြန်ချက်တွင် အာဏာသိမ်းရန် ကြိုးပမ်းမှု၌ ပြန်ထမ်းဝင် မဟုတ်သည့် အရာရှိအဆင့်နှင့် သာမန်စစ်သည် ၁၆၇၆ ဦး၊ စစ်တက္ကသိုလ်ကျောင်းသား ၁၂၁၄ ဦးတို့လည်း ပါဝင်ခဲ့ပြီး စုစုပေါင်း ၈၆၅၁ ဦး ပါဝင်သည်ဟု ဖော်ပြထားသည်။

သတင်းထောက် ၄၂ ဦးကို ဖမ်းဝရမ်းထုတ်အပြီး ရက်အတန်ကြာတွင် နောက်ထပ် ဂျာနယ်လစ် ၄၇ ဦးကို ဖမ်းဝရမ်း ထပ်ထုတ်ထားသည်။ 

နောက်ထုတ်သည့် ဝရမ်းတွင် ပါဝင်သူ အများစုမှာ ယခုအခါ ရပ်ဆိုင်းသွားပြီ ဖြစ်သည့် ဇာမန်သတင်းစာမှ ဂျာနယ်လစ်များ ဖြစ်သည်။ 

အာဏာသိမ်းမှု မအောင်မြင်ဘဲ အဆုံးသတ်သွားသည်နှင့် အစိုးရသည် သတင်းမီဒီယာ အများအပြားကို ပိတ်သိမ်းရန် အမိန့်ထုတ်ခဲ့သည်။

ယခု သူပုန်ထမှုကို ဖြစ်စေသော ‘ဗိုင်းရပ်စ်’ ကို အပြတ်ရှင်းမည်ဟု သမ္မတ ရီဆက်တာယစ်အာဒိုဂန်က ကြွေးကြော်ထားသည်။

တူရကီအစိုးရသည် စစ်သည်အများအပြားကို ဖမ်းဆီးခဲ့သလို တရားသူကြီးများ၊ အစိုးရဝန်ထမ်းများ၊ ကျောင်းဆရာများ၊ တက္ကသိုလ် အကြီးအကဲများ ထောင်ချီ ရာထူးမှ ထုတ်ပယ်၊ ဆိုင်းငံ့ခဲ့သည်။

အဖမ်းခံထားရသူများကို မုဒိမ်းကျင့်ခြင်း အပါအဝင် ရိုက်နှက်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများ ပြုလုပ်ခဲ့သည်ဆိုသော ခိုင်လုံသည့် အထောက်အထားများ ရရှိထားသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ထားသည်။

No comments: