Saturday, July 30, 2016

မြိတ်မြို့က ငါးအမှုန့်ကြိတ်စက်ရုံတချို့ လုပ်ကိုင်ခွင့် ၆ လ ရပ်နားရမည်



(တနင်္သာရီတိုင်း မြိတ်မြို့က တိရစ္ဆာန်အစာ ထုတ်လုပ်တဲ့ ငါးအမှုန့်ကြိတ်စက်ရုံ တစ်ရုံကို တွေ့ရစဉ်) Photo: Kyaw Lwin Oo/RFA
တနင်္သာရီတိုင်း မြိတ်မြို့မှာရှိတဲ့ ငါးအမှုန့်ကြိတ်စက်ရုံတချို့ဟာ အနံ့ဆိုးမထွက်အောင် ဆောင်ရွက်ဖို့နဲ့ ရေဆိုးတွေကို ပင်လယ်ထဲမစွန့်ပစ်ဖို့ တိုင်းအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်ကို မလိုက်နာတဲ့အတွက် လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်ဆိုင်းဖို့ ညွှန်ကြားသွားမယ်လို့ ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

စည်းကမ်းမလိုက်နာတဲ့စက်ရုံတွေကို ပိတ်ခိုင်းမှာဖြစ်ပြီး သန့်ရှင်းမှုရှိပြီး အနံ့ဆိုးမထွက်တဲ့ စက်ရုံတွေကိုတော့ လုပ်ကိုင်ခွင့်ပေးထားမယ်လို့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် က ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်လဝန်းကျင်က ငါးအမှုန့်ကြိတ်စက်ရုံတွေကို အနံ့ဆိုးမထွက်အောင်နဲ့ ရေဆိုးစွန့်ပစ်မှု စနစ်တွေကို စနစ်တကျဆောင်ရွက်ဖို့ သတိပေးခဲ့ပြီးနောက် ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့က ဝန်ကြီးချုပ်ကိုယ်တိုင် ဝင်ရောက်စစ်ဆေးရာမှာ စက်ရုံတချို့ဟာ ညွှန်ကြားချက်တွေကို မလိုက်နာတာတွေ့ရှိခဲ့တဲ့အတွက် ယာယီရပ်နားခံရမှာဖြစ်ပါတယ်။

လုပ်ငန်းလည်ပတ်ခွင့် ၆ လ ရပ်နားရမယ့် ငါးအမှုန့်ကြိတ် စက်ရုံစာရင်းကို လာမယ့်သြဂုတ်လ ၁ ရက်နေ့မှာ ကြေညာမှာဖြစ်ပါတယ်။

မြိတ်မြို့မှာ လွန်ခဲ့တဲ့အစိုးရလက်ထက်ကတည်းက ငါးအမှုန့်ကြိတ်စက်ရုံတွေရှိခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂ဝ၁၂ခုနှစ်က အနံ့ဆိုးထွက်တဲ့စက်ရုံတွေကို ပိတ်သိမ်းပေးဖို့ ဒေသခံတွေက ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

မြိတ်မြို့က အင်းလေးမြိုင်စက်မှုဇုန်မှာ မင်းဇာနည်၊ ထူးထူးတိုး၊ အဆောင်ကောင်း၊ ဗဲင်(န်)တေ့(ခ်ျ)၊ ပထော်ပထက်ကျွန်း စတဲ့ ငါးအမှုန့်ကြိတ်စက်ရုံ ၅ ခုရှိပါတယ်။

RFA Burmese

No comments: