မက်ဆေ့ခ်ျပို့ခ ပိုယူ၍ ပြုလုပ်နေသော အစီအစဉ်များကို ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံးအား လက်ရှိတွင် ရပ်ဆိုင်းခိုင်းထားပြီး ဥပဒေနှင့် ညီ မညီ စိစစ်အတည်ပြုပြီးမှသာ ခွင့်ပြု သင့် မသင့် ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနမှ စုံစမ်းသိရှိရသည်။
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း စသည်တို့အနေဖြင့် မက်ဆေ့ခ်ျပို့ခကို ပုံမှန်နှုန်းထားထက်ပိုယူ၍ ပြုလုပ်နေသော အစီအစဉ်များ ရှိသော်လည်း ဇူလိုင် ၁၈ ရက်တွင် အူရီဒူးက ပြုလုပ်သော ‘ခုဖြေခုထော’ အစီအစဉ်မှာ ဝေဖန်မှုများ ထွက်ပေါ်ခဲ့ပြီး ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနက ကြီးကြပ်ခဲ့ရကြောင်း သိရသည်။
ထို့နောက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ တယ်လီနော (မြန်မာ) တို့ ပြုလုပ်သည့် အလားတူ အစီအစဉ်များကိုလည်း ရပ်ဆိုင်းခိုင်းထားပြီး ဥပဒေဆိုင်ရာ အဖွဲ့အစည်းများနှင့် တိုင်ပင်ဆွေးနွေးနေကြောင်း ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“ဆက်သွယ်ရေး အော်ပရေတာတွေမှာ ပုံမှန်ဝန်ဆောင်မှုတွေနဲ့ ထပ်တိုးဝန်ဆောင်မှုဆိုပြီး ရှိပါတယ်။ Value Added Service တွေမှာက Terms and Condition တွေရှိပြီး ဒါတွေကိုဖတ်ပြီးတော့ သဘောတူမှ သုံးရမယ့် အစီအစဉ်မျိုးတွေပေါ့။ အရင်တုန်းကတော့ အဲဒါမျိုးတွေကို ကန့်သတ်တာ မရှိဘဲ ခွင့်ပြုထားတာပေါ့။ ဒါပေမဲ့ ဒီလိုဆောင်ရွက်မှုတွေအပေါ် သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုကိုကြည့်ပါတယ်။ ကံစမ်းမဲ အစီအစဉ်တွေဖြစ်ပြီး လိမ်များ လိမ်နေသလား၊ အဖြေမှန်လျက်သားနဲ့ မှားတယ် ဆိုတာမျိုးတွေ၊ ဒီလိုအစီအစဉ်တွေကို ပုံမှန်နှုန်းထားနဲ့ရော လုပ်ခွင့်ရှိ မရှိ ဒါတွေကို ပြန်စိစစ်နေပါတယ်။ ဥပဒေဆိုင်ရာ အဖွဲ့အစည်းတွေကို မေးမြန်းဆွေးနွေးနေတာ ရှိပါတယ်။ အဲဒီအချိန်မှာ ခဏရပ်ဆိုင်း ခိုင်းထားတာဖြစ်ပြီး ဒါတွေပြီးသွားရင် ခွင့်ပြုမယ် မပြုဘူး ဆိုတာကို အတည်ပြုမှာ ဖြစ်ပါတယ်” ဟု ဆက်သွယ်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ဇူလိုင် ၂၈ ရက်တွင် ပြောကြားသည်။
အူရီဒူး၏ အစီအစဉ်မတိုင်မီ MPT က Travel Quiz အစီအစဉ်ကို ပြုလုပ်ခဲ့ပြီး ကနဦးဝန်ဆောင်မှု ကျပ် ၅၀၀ နှင့် နေ့စဉ် ကျပ် ၁၅၀ ကောက်ခံခဲ့ကြောင်း သိရသည်။ ထို့ပြင် သီချင်းဆိုပြိုင်ပွဲနှင့် အခြားပြိုင်ပွဲများအတွက် မက်ဆေ့ခ်ျပေးပို့ကာ မဲပေးရာတွင်လည်း ပုံမှန်နှုန်းထားထက် ပိုမိုကောက်ခံခြင်းများ ရှိခဲ့ကြောင်း သိရသည်။
ယင်းသို့သော အစီအစဉ်များကို မက်ဆေ့ခ်ျပို့ခ တစ်စောင်လျှင် ကျပ် ၂၀၀ ယူ၍ ပြုလုပ်ခြင်းအပြင် ပုံမှန်မက်ဆေ့ခ်ျပို့ခဖြင့်လည်း ပြုလုပ်ခွင့်ရှိ မရှိကိုပါ ပြန်လည်စိစစ်မည်ဖြစ်ကြောင်း သိရသည်။
Writer:
နေမျိုးထွန်း
No comments:
Post a Comment