Monday, August 29, 2016

တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ် ထုတ်ပြန်


ရန်ကုန်၊ သြဂုတ် ၂၉

ယခု ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး တက္ကသိုလ်တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်ကို ပညာရေးဝန်ကြီးဌာနက ယနေ့(သြဂုတ် ၂၉ရက်)တွင် လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်လိုက်သည်။

ယခုနှစ် မတ်လကပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်ပြီးသူများ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းကို သြဂုတ်လကုန်နောက်ဆုံးလျှောက်ထားရမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်သည့် ညွှန်ကြားစာတွင် ဖော်ပြထားသည်။

ကျောင်းသား၊ ကျောင်းသူများအနေနှင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်နှင့် ဝင်ခွင့်လျှောက်ထားရမည့် ပုံစံအိတ်၊ အမှတ်စာရင်း၊ အရည် အချင်းမှတ်တမ်း ချုပ်ရမှတ်အဆင့်များကို မိမိတို့ဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူး(အခြေခံပညာကျောင်းအုပ်ကြီးများ)ထံမှ သြဂုတ် ၁၇ရက်မှ စ၍ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ယခုနှစ် မတ် ၉ရက်မှ ၁၈ရက်အထိပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ၆၃၀,၀၀၀ကျော်ရှိသည့်အနက် အောင်မြင်သည့် ကျောင်းသား၊ ကျောင်းသူ ၁၉၀,၀၀၀ သာကျော်ရှိသည့်အတွက် အောင်ချက်ရာခိုင်နှုန်း ၂၉ဒသမ၉၂ရာခိုင်နှုန်းသာရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ထုတ်ပြန်သည့်စာရင်းများအရသိရှိရသည်။

ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ကို ကြည့်ရှုရန်- https://www.facebook.com/moe.gov.mm/posts/1062044757235920

No comments: