တောင်ငူ၊ ဩဂုတ်၂၈
ပဲခူးတက္ကသိုလ် စာသင်ဆောင်တစ်ခုတွင် လွန်ခဲ့သော သုံးရက်က ကျောင်းသားတစ်ဦးကို ဓားဖြင့် ခြိမ်းခြောက်ကာ ဆဲဆိုရမ်းကားခဲ့သော လူငယ်နှစ်ဦးကို ဩဂုတ် ၂၇ရက်က အင်းတကော်မြို့ နေအိမ်တွင် ဖမ်းမိခဲ့ကြောင်း ပဲခူးတက္ကသိုလ် သင်တန်းရေးရာ ဌာနမှူး ဦးမွန်နိုင်က ပြောကြားသည်။
အဆိုပါ တက္ကသိုလ်ရှိ ဟံသာဆောင် အခန်းအမှတ် (၁၁၄) တွင် ဩဂုတ် ၂၅ ရက် နံနက် ၁၀ နာရီခန့်က တတိယနှစ် ရူပဗေဒ ကျောင်းသား အသက် ၂၂ နှစ်အရွယ် မောင်ကောင်းမြတ်ဦးနှင့် ဒုတိယနှစ် သင်္ချာအဝေးသင်တက္ကသိုလ် ကျောင်းသား အသက် ၂၁ နှစ်အရွယ် မောင်ဝေယံ (ခ) ဝေယံအောင်တို့ ရောက်ရှိလာပြီး ကျောင်းသားတစ်ယောက်၏ နာမည်မေးမြန်းခဲ့ကြောင်း၊ အတန်းခေါင်းဆောင် မောင်ဟိန်းထက်ဦး၏ ပါးကို မောင်ကောင်းမြတ်ဦးက လက်ဖြင့် တစ်ချက်ရိုက်စဉ် လုံးထွေးသတ်ပုတ်ခဲ့ကြပြီး ဓားဖြင့် ခြိမ်းခြောက်ဆဲဆိုခဲ့ကြကာ စာသင်ခုံတစ်ခုပေါ်မှ ထမင်းချိုင့်ကို ထုရိုက်ပေါက်ခွဲခဲ့ကြောင်း ပဲခူးမြို့ အမှတ် (၃) နယ်မြေရဲစခန်းမှ စုံစမ်းသိရှိရသည်။
“ဓားနဲ့ခြိမ်းခြောက်ခဲ့တဲ့ လူငယ်နှစ်ဦးက သမီးရည်းစားကိစ္စနဲ့ အခင်းဖြစ်တဲ့ စာသင်ခန်းက ကျောင်းသားတစ်ယောက်ကို လာရှာတာ မတွေ့တော့ အခန်းထဲက ကျောင်းသားခေါင်းဆောင် EC နဲ့ စကားဆက်များပြီး ဖြစ်တာ၊ ဖမ်းထားတဲ့ လူငယ်နှစ်ယောက်ကို စစ်ဆေးနေပါတယ်” ဟု ပဲခူးအမှတ် ၃ စခန်းမှ အမှုစစ်အရာရှိ ဒုရဲအုပ် ဇော်ဇော်မောင်က ပြောကြားသည်။
စာသင်ဆောင်အတွင်း ဆဲဆိုကြိမ်းမောင်း ခြိမ်းခြောက်ခဲ့သူ နှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၂၄/၃၂၃ ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း ပဲခူးမြို့ အမှတ် (၃) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။
ဓားကိုင်သောင်းကျန်းသော တက္ကသိုလ်ကျောင်းသား နှစ်ဦးကို တရားရုံးက အရေးယူ ဆောင်ရွက်ပြီးပါက ကျောင်းစည်းကမ်းနှင့် ဆက်လက်အရေးယူမည် ဖြစ်ကြောင်း ပဲခူးတက္ကသိုလ် ကျောင်းသားရေးရာ ဌာနထံမှ သိရှိရသည်။
No comments:
Post a Comment