Tuesday, August 30, 2016

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းများဖြစ်ပေါ်နိုင်ပြီး မြစ်ရေမြင့်တက်မှုကြောင့် ရေကြီးမည့်အန္တရာယ်ရှိ

ရန်ကုန်၊ သြဂုတ် ၂၉

အနောက်တောင် မုတ်သုံလေ ဆုတ်ခွာနေစဉ်ကာလ (စက်တင်ဘာလ)အတွင်း ဘင်္ဂလားပင်လယ်အော်၌ မုန်တိုင်းနှစ်လုံးခန့် ဖြစ်ပေါ်နိုင်ပြီး မြစ်ကြီးများတွင်လည်း မြစ်ရေ မြင့်တက်လာခြင်းကြောင့် ရေကြီး ရေလျှံမည့် အန္တရာယ် ရှိနေကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီး ဌာနက ကြေညာချက် ထုတ်ပြန်သည်။

စက်တင်ဘာလအတွင်း လေဖိအားနည်းရပ်ဝန်း သုံးကြိမ်ခန့် ဖြစ်ပေါ်နိုင်ပြီး နှစ်ကြိမ်တွင် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ပြီး ဧရာဝတီနှင့် ချင်းတွင်းမြစ်တို့တွင်လည်း မြစ်ရေများ မြင့်တက်လာနိုင်သည့်အပြင် ဒေသအချို့တွင် မိုးအားကောင်းနေနိုင် သည့်အတွက် ရေကြီးရေလျှံမည့် အန္တရာယ်ရှိကြောင်း အဆိုပါဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက သတိပေးပြောဆိုသည်။

အနောက်တောင် မုတ်သုံလေသည် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသ၊ ၁၈ ရက်နေ့မှ ၂၂ ရက်နေ့အတွင်း အလယ်ပိုင်းဒေသ၊ ၂၄ ရက်နေ့မှ ၂၈ ရက်နေ့အတွင်း မြစ်ဝကျွန်းပေါ် ဒေသများနှင့် စက်တင်ဘာလ ၃၀ ရက်နေ့မှ အောက်တို ဘာလ ၄ ရက်နေ့အတွင်း၌မူ မြန်မာနိုင်ငံ တစ်ဝန်းလုံးမှ ဆုတ်ခွာဖွယ်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ခန့်မှန်းချက် ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတစ်ဝန်းမှ မုတ်သုံလေ ပြန်လည်ဆုတ်ခွာစဉ်ကာလ (စက်တင်ဘာလနှင့် အောက်တိုဘာလ)အတွင်း မိုးရွာသွန်းမှု များနိုင်ခြင်းနှင့် မုန်တိုင်းများ အရှိန်ကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ရာ တတိယ ရေကြီးကာလကို အထူးသတိပြု နေထိုင်ရန် လိုအပ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း တိုက်တွန်း ပြောဆိုထားသည်။

ယင်းကာလအတွင်း မိုးသည်းထန်မှုကြောင့် ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ဟင်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ ချင်းတွင်းမြစ်ရေသည် ဟုမ္မလင်းမြို့၊ ဖောင်းပြင်မြို့၊ မော်လိုက်မြို့၊ ကလေးဝမြို့၊ မင်းကင်းမြို့၊ ကနီမြို့နှင့် မုံရွာမြို့တို့တွင် တစ်ကြိမ်ခန့်စီ၊ စစ်တောင်း မြစ်ရေသည် တောင်ငူမြို့နှင့် မဒေါက်မြို့တို့တွင် တစ်ကြိမ်ခန့်စီနှင့် သံလွင်မြစ်ရေသည် ဘားအံမြို့တွင် တစ်ကြိမ်ခန့် ငဝန် မြစ်ရေသည် ငါးသိုင်းချောင်းမြို့နှင့် ပုသိမ်မြို့တို့တွင် တစ်ကြိမ်ခန့်စီ ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးအထက်ကို ကျော်လွန်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတိပေးချက် ထုတ်ပြန်သည်။

လက်ရှိ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေပြီး ယင်းအရှိန်ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်နှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပြီး ရှမ်းပြည် နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကျန်ဒေသများတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်ကြောင်း ဒေါက်တာကျော်မိုးဦးက ပြောဆိုသည်။

No comments: