Tuesday, August 30, 2016

မိုး/ဇလ ညွှန်ကြားမှုဦးစီးဌာနနှင့် ကိုရီးယား မိုးလေဝသအဖွဲ့တို့ ပူးပေါင်းကာ မိုးလေဝသဆိုင်ရာ Master Plan ရေးဆွဲမည်



Posted: August 30, 2016

မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနနှင့် ကိုရီးယား မိုးလေဝသအဖွဲ့အစည်းမှ ပညာရှင်များ ပူးပေါင်းကာ မိုးလေဝသဆိုင်ရာ Master Plan ကို စက်တင်ဘာလအတွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သိရှိရသည်။

 

လက်ရှိတွင် Master Plan ရေးဆွဲခြင်းနှင့် ပတ်သက်၍ ၂၀၁၅ ခုနှစ်အတွင်းမှ ရေးဆွဲခဲ့သည့် Master Plan အား ပြန်လည်ဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

“Master Plan ရေးဆွဲဖို့ ခွင့်ပြုချက်အရ ဆွေးနွေးခဲ့ကြတာ ကြာနေပြီ။ အခုမှ အကောင်အထည်ဖော်ရမှာ ဖြစ်တယ်။ အကောင်အထည်ဖော်မှာထက် ရေးဆွဲဖို့အတွက် စတင်မှာ ဖြစ်တယ်။ ဒါကို စက်တင်ဘာလကနေ စ ပြီးတော့ သုံးလလောက် ထိုင်ပြီးတော့ ရေးဆွဲသွားမယ်။ အရင်ထဲက ဆွေးနွေးပြီးတော့ အကြမ်းဖျင်းတော့ ရေးဆွဲပြီးဖြစ်တယ်။ ဒီပေါ်မှာ အခြေခံပြီးတော့ ဌာနရဲ့ လိုအပ်ချက်အပေါ် မူတည်ပြီး ရေးဆွဲသွားမယ်”ဟု မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်ခင်ချိုချိုစိန်က ပြောသည်။

 

မိုးလေဝသနှင့် ပတ်သက်သည့် စက်ပစ္စည်းကရိယာများ၏ အရည်အသွေး ဖွံ့ဖြိုးရေး၊ အခြေခံ အဆောက်အအုံများ၊ လူ့သားအရင်းမြစ် ဖွံ့ဖြိုးရေး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန လက်အောက်ရှိ တိမ်မြုပ် ပျောက်ကွယ်နေသည့် ဌာနခွဲများကိုလည်း Master Plan အတွင်း ထည့်သွင်း ရေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

 

“လက်ရှိ အခြေအနေတွေအပေါ် သုံးသပ်ပြီးတော့ ဘာတွေ ထိထိရောက်ရောက် ဆက်လုပ်မယ်ဆိုတာ အရင် ဆွေးနွေးမယ်။ နည်းပညာပိုင်းနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုပံ့ပေးရမယ်ဆိုတာ လေ့လာမယ်ပြီး Master Plan ထဲမှာ ထည့်သွင်းမယ်” ဟု မိုးလေဝသနှင့် ဇဗေဒ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဟာရင်နိုင်တီယမ်းက ပြောသည်။

 

မြန်မာနိုင်ငံတွင် မိုးလေဝသ ခန့်မှန်းချက်နှင့် ပတ်သက်သည့် ရေဒါ(၃)လုံး၊ ATPS အလုံးရေ(၃၀)ကို ဂျပန်နိုင်ငံ၏ အကူအညီဖြင့် တည်ဆောက်ထားပြီး ရေဒါများ ဆက်လက်တည်ဆောက်နိုင်ရန် အလှူရှင်များကိုလည်း ရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် မိုးလေဝသနှင့် ဘူမိရူပဗေဒဆိုရာ ကိစ္စရပ်များ လေ့လာခန့်မှန်းချက်များ အရည်အသွေးမြင့်မားစေရန် အာဆီယံ နိုင်ငံများမှ နည်းပညာများ ကူညီပံ့ပိုးပေးခြင်းနှင့် ပြည်ပနိုင်ငံများသို့ သင်တန်းများ စေလွှတ်ခြင်း၊ ပညာရှင်များ ခေါ်ယူကာ သုတေသန ပြုလုပ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံတွင် သြဂုတ်လ(၂၄)ရက်က အင်အား ၆ ဒဿမ ၈ ရစ်ချက်စကေး အင်းအားပြင်းထန် ငလျင်လှုပ်ခတ်မှုကြောင့် ပုဂံယဉ်ကျေးမှုနယ်မြေရှိ ရှေးဟောင်းစေတီအများအပြား ထိခိုက်ပျက်ဆီးခဲ့ရပြီး ရခိုင်ပြည်နယ်ရှိ၊ ရှေးဟောင်းစေတီများ၊ မကွေးတိုင်းအတွင်းရှိ စေတီများနှင့် နေအိမ်များ ထိခိုက်ပျက်ဆီးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

 

MMK

The Ladies News

No comments: