Sunday, August 28, 2016

ISIL နှင့် ဟစ်ဇဘိုလာ


အီရတ်နှင့် လီဗတ်အစ္စလာမ္မစ် နိုင်ငံတော် (ISIL- လီဗတ်ဆိုသည်မှာ မြေထဲပင်လယ်အရှေ့ပိုင်း ဒေသများကို ရည်ညွှန်းသည့် သမိုင်းဆိုင်ရာနာမည်) ခြိမ်းခြောက်မှုဆိုသည့် သတင်းများ အရှေ့အလယ်ပိုင်းနှင့် ကမ္ဘာ့ဒေသ အသီးသီးတွင် လွှမ်းမိုးလျက်ရှိကာ လုံခြုံရေး ကျွမ်းကျင်သူများ၏ အာရုံကို ဖမ်းစားလျက် ရှိသော်လည်း ယင်းမှာ တစ်ခုတည်းနှင့် အဆိုးရွားဆုံး ခြိမ်းခြောက်မှု မဟုတ်ပေ။

မူလအယ်လ်ကေဒါအဖွဲ့မှာ အရေးနိမ့်လျက်ရှိသည့် အစ္စလာမ္မစ်လှုပ်ရှားမှု တစ်ခု ဖြစ်လာပြီး လက်ဘနွမ် အခြေစိုက် ရှီးယားဟစ်ဇဘိုလာ စစ်သွေးကြွအဖွဲ့မှာမူ အစွန်းရောက် မွတ်ဆလင် လှုပ်ရှားမှုများတွင် ကျွမ်းကျွမ်းကျင်ကျင် ရှိလာကာ အမေရိကန်နှင့် မဟာမိတ်များကို ခြိမ်းခြောက်လျက်ရှိသည်။ ISIL အယ်လ်ကေဒါနှင့် ဟစ်ဇဘိုလာ အုပ်စုတို့ကို နှိုင်းယှဉ်ကြည့်လျှင် အယ်လ်ကေဒါကို ဗဟိုအချက်အခြာ နေရာမှ ISIL တွန်းထုတ်လိုက်သော်လည်း အကြီးမားဆုံး အကြမ်းဖက် ခြိမ်းခြောက်မှု အန္တရာယ်အဖြစ် ISIL ရပ်တည်နိုင်ခြင်း မရှိသေးသည်ကို တွေ့နိုင်သည်။

ISIL ဆိုသည်မှာလည်း ဖြစ်စဉ်သစ်တစ်ရပ် မဟုတ်ပေ။ အစ္စလာမ္မစ် ပထမရာစုနှစ် ဖြစ်သော အေဒီ ၇ ရာစုတွင် ခါရီဂျီတတ် (Kharijites) ဆိုသည့် ဘာသာရေးအုပ်စုငယ် တစ်ခုသည် အခြားသော အစ္စလာမ္မစ် အုပ်စုများကို အကြမ်းဖက်ခဲ့ကြသည်။  ယင်းကဲ့သို့ အကြမ်းဖက်ခဲ့ခြင်းကြောင့်ပင် အစ္စလာမ္မစ် ပညာရှင်များနှင့် မွတ်ဆလင် လူထု၏ လိုလားထောက်ခံမှုကို ခါရီဂျီတတ်တို့ မရရှိခဲ့ပေ။ အဆိုပါဖြစ်စဉ်မှာ လူသိနည်းသည့် အစ္စလာမ္မစ် သမိုင်းတစ်ရပ် ဖြစ်သည်။

အနေနှင့် ၎င်းတို့၏ မစ်ရှင်များ အောင်မြင်လိုပါက အချက်များစွာကို  ဖြည့်ဆည်းရမည် ဖြစ်သည်။ ယင်းတို့အနက် အချို့မှာ အဖွဲ့အစည်းကို ကောင်းမွန်စွာ တည်ဆောက်ခြင်း၊ နယ်မြေတစ်ခုကို ထိန်းချုပ်ခြင်းတို့ ဖြစ်သည်။ နယ်မြေတစ်ရပ်ကို ကောင်းကောင်းမွန်မွန် ထိန်းချုပ်ပြီးနောက် ယင်းနယ်မြေတွင်း ထိရောက်သည့် အစိုးရတစ်ရပ်၊ နိုင်ငံရေးမျက်နှာစာတစ်ရပ်၊ လက်နက်ကိုင်အဖွဲ့တစ်ခု၊ ရဲတပ်ဖွဲ့၊ ထောက်လှမ်းရေးတပ်ဖွဲ့တို့ကို တည်ထောင်နိုင်ရမည် ဖြစ်သည်။ ထို့အပြင် အဆင့်သုံးဆင့်တွင်လည်း တရားဝင် ထောက်ခံမှု ရရှိရမည် ဖြစ်သည်။ အောက်ခြေမှ တရားဝင်ထောက်ခံမှု၊ အထက်မှ ထောက်ခံမှုနှင့် ပြင်ပထောက်ခံမှုတို့ ဖြစ်သည်။

ထို့အပြင် မိမိကိုယ်ကိုယ် ငွေကြေးထောက်ပံ့နိုင်ခြင်း မရှိခြင်းကြောင့်လည်း အခြားသော အခြေအနေတစ်ရပ် ပေါ်ထွက်လာသည်။ နိုင်ငံတော်တစ်ရပ်၏ စပွန်ဆာရယူရေး ဆိုသည့် အချက်ဖြစ်သည်။

ISIL အောင်ပွဲများကို အကဲဖြတ်ခြင်း


ISIL အဖွဲ့ ဆိုသည်မှာ ခေါင်းဆောင် အမျိုးမျိုး အမည်အမျိုးမျိုးဖြင့် ၁၉၉၉ ခုနှစ်မှ စတင်ပေါ်ထွက်လာသည့် အဖွဲ့အစည်းတစ်ရပ် ဖြစ်သည်။ ၂၀၁၃ ခုနှစ် အရောက်တွင်မူ အီရတ်အနောက်ပိုင်း နယ်မြေတစ်ခုလုံးနှင့် ဆီးရီးယားအရှေ့ပိုင်း နယ်မြေတို့ ကို ISIL ထိန်းချုပ်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း ထိရောက်သည့် အစိုးရတစ်ရပ်ကို ISIL ဖွဲ့စည်းနိုင်ခြင်း ရှိ မရှိ ဆိုသည်ကို ကျွမ်းကျင်သူများအကြား သဘောထားကွဲလွဲလျက် ရှိသည်။

၂၀၀၄ နှင့် ၂၀၁၀ ခုနှစ်ကြားတွင် ISIL မှာ အီရတ်ရှိ အယ်လ်ကေဒါအဖွဲ့အဖြစ် (AQI) လူသိများခဲ့ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို အာရုံမရှိခဲ့ပေ။ ၂၀၀၇ ခုနှစ်တွင် အီရတ်သို့ အမေရိကန်တပ်ဖွဲ့ဝင်များ တိုးမြှင့်စေလွှတ်လိုက်သည့်အခါ AUI ပြိုကွဲသွားခဲ့သည်။ သို့သော် အမေရိကန်တို့ အီရတ် မှ ၂၀၁၁ ခုနှစ်တွင် ဆုတ်ခွာသွားသည့်အချိန် ရှီးယား လွှမ်းမိုးထားသည့် အီရတ် ဗဟိုအစိုးရအဖွဲ့တွင် ဆွန်နီများ လက်တွေ့ပိုင်းအရ ဘေးဖယ်ခံထားရချိန်တွင် AUI ပြန်ပေါ်လာသည်။ အီရတ်အနောက်ပိုင်း ဒေသတစ်ခုလုံးကို သိမ်းယူပြီးသည့်နောက်တွင်  အစိုးရတစ်ရပ် ဖွဲ့စည်းလိုက်ပြီး အီရတ် အစ္စလာမ္မစ်နိုင်ငံတော် ဆိုသည့် အမည်ကို AUI ခံယူလိုက်တော့သည်။ (ISIL ဟုလည်း ရည်ညွန်းလေ့ရှိသည်။)

ယင်းကဲ့သို့ အဖွဲ့ကို ပြန်လည်ဖွဲ့စည်းမှုကြောင့် ရှုမြင်မှုအမျိုးမျိုး ပေါ်ပေါက်လာသည်။ လုပ်ငန်းလည်ပတ်နိုင်သည့် နိုင်ငံရေး  အဖွဲ့အစည်းတစ်ရပ်ကို ISIL တို့ ဖွဲ့စည်းနိုင်လိုက်ပြီဟု အချို့သော လေ့လာသူများက သုံးသပ်ထားသော်လည်း ယင်းအစိုးရမှာ အီရတ်နှင့် ဆီးရီးယားတို့ကို အကြောက်တရားဖြင့် အုပ်စိုးသည့် အဖွဲ့တစ်ရပ်သာ ဖြစ်သည်ဟု အချို့က မှတ်ချက်ပြုထားသည်။

တစ်ဖန် အစ္စလာမ္မစ်နိုင်ငံတော်၏ စစ်ရေးနှင့် နိုင်ငံရေး အဖွဲ့အစည်းများအကြား 'ညီညွတ်သည့် အားထုတ်မှု' ရှိ မရှိ ဆိုသည့်  မေးခွန်းတစ်ရပ်လည်း ပေါ်ထွက်လာသည်။ ISIL နှင့် ၎င်း၏ လက်အောက်ခံ ပြည်သူများကြား ကွာဟချက်ကြီးတစ်ရပ် ရှိနေသည်ဟု  အချို့သော ကျွမ်းကျင်သူများက သုံးသပ်ထားသည်။ ဥပမာအားဖြင့် အီရတ်နှင့် ဆီးရီးယား ဗျူရိုကရေစီစနစ်တွင်းရှိ ကျောင်းဆရာများနှင့် အရပ်ဘက် ဝန်ထမ်းများကို ISIL တို့က အကြောက်တရားဖြင့် လွှမ်းမိုးကာ အတင်းအကျပ် အလုပ်ခိုင်းစေလျက် ရှိသည်။

စစ်ဘက်ချဲ့ထွင်မှု

စိတ်ပျက်လျက်ရှိသည့် အီရတ်ဆွန်နီများ (ဘတ်ပါတီဝင် စစ်အရာရှိဟောင်းများ) နိုင်ငံခြား တိုက်ခိုက်ရေးသမားများဖြင့် ISIL က ၎င်း၏ စစ်ရေးကို တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ အီရတ်နိုင်ငံသား မဟုတ်သည့် ဂျော်ဒန်နိုင်ငံသား အဘူမူဆတ်အယ်ဇာကာဝီ ဦးဆောင်မှုအောက်တွင် AUI အဖွဲ့က နိုင်ငံခြားတိုက်ခိုက်ရေးသမားများ စုဆောင်းခဲ့သဖြင့် ဒေသခံ အီရတ်များနှင့် ထိပ်တိုက်တွေ့ခဲ့ရသည်။ ၎င်းတို့သည် ဆွန်နီမွတ်ဆလင်များ ဖြစ်သော်လည်း အာရပ်များသည် အီရတ်ယဉ်ကျေးမှုကို လေးစားခြင်း မရှိသလို  အာရပ်မဟုတ်သူများသည် အီရတ်များကို  သိမ်းယူရမိထားသည့် လက်အောက်ခံများအဖြစ် ဆက်ဆံခဲ့ကြသည်။ တိုက်ခိုက်ရေးသမားများ တိုးချဲ့လိုက်ခြင်းကြောင့်လည်း  အကန့်အသတ်ရှိသည့် ရင်းမြစ်မှာ ဆွဲညှစ်ခံလိုက်ရပြီး အရပ်သားများထက် တိုက်ခိုက်ရေးသမားများကို ဦးစားပေးလာတော့သည်။

တရားဝင် ထောက်ခံမှု ရရှိခြင်း

အောက်ခြေအဆင့်၏ တရားဝင် ထောက်ခံမှု ရရှိရေးနှင့် ပတ်သက်လျှင် အချို့သော နယ်ပယ်များတွင် ISIL သည် တာလီဘန်နှင့် AUI တို့ ကျူးလွန်ခဲ့သည့် အမှားများကို ထပ်မံကျူးလွန်လျက်ရှိသည်။ တာဝန်ခံမှုရှိသည့် အစိုးရတစ်ရပ် တည်ဆောက်ရေး၊ စီးပွားရေး တည်ဆောက်ရေးထက် တင်းကျပ်ကြမ်းတမ်းသည့် ရှီးယား ရာဇဝတ်မှုဆိုင်ရာ အပြစ်ပေးမှုများကို ကျင့်သုံးရန် ပိုမိုစိတ်ဝင်စားသဖြင့် လက်အောက်ခံ ဆွန်နီများမှာ စစ်ဆန်သည့် ဘာသာရေး အုပ်ချုပ်မှု စနစ်ကိုသာ ကြုံတွေ့နေရသည်။ ယင်းကြောင့်ပင် အမေရိကန်တပ်ဖွဲ့များ အာဖဂန်ကို ကျူးကျော်သည့်အခါ အရပ်သား အနည်းငယ်သာ မွတ်ဆလင်များဖြစ်သည့် တာလီဘန်များကို မွတ်ဆလင် မဟုတ်သည့် ကျူးကျော်သူများရန်မှ ကာကွယ်ခဲ့ရသည်။

အထက်အဆင့်၏ ထောက်ခံမှုရရှိရေးနှင့် ပတ်သက်လျှင် ဆွန်နီ Ulema အများစု၊ ဘာသာရေး ပညာရှင်များနှင့် ဆွန်နီတို့ လေးစားရသည့် ခေါင်းဆောင်များသည် ISIL လက်ခံရေး ငြင်းဆိုခဲ့သည်။ AUI နှင့် ISIL ကို  ထောက်ခံပေးခဲ့သည့် အစွန်းရောက် ဘာသာရေး ပညာရှင်များပင် ISIL မှာ အစ္စလာမ္မစ်အာဏာကို လေးစားမှု မရှိကြောင်း၊ ၎င်းင်းတို့၏ တိုက်ခိုက်မှုများကြောင့် မွတ်ဆလင် ရန်သူများ၏ သွေးထက် မွတ်ဆလင်များ၏ သွေးပိုကျလျက်ရှိကြောင်း ဝေဖန်လျက်ရှိသည်။ ယင်းကဲ့သို့သော နည်းဗျူဟာ အမှားများကြောင့်ပင် ခါရီဂျီတတ် (Khar-ijites) တို့မှာ အထီးကျန်ဆန်လာပြီး ပျက်သုဉ်းသွားခြင်း ဖြစ်သည်။ ၂၀၁၅ နိုဝင်ဘာ ၁၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ပဲရစ်တိုက်ခိုက်မှုသည် အနီးရှိ မွတ်ဆလင်များထက် အဝေးရှိ ရန်သူကို တိုက်ခိုက်ရေးဆိုသည့် ISIL ၏  နည်းဗျူဟာသစ် ဆိုပါက မွတ်ဆလင်ကမ္ဘာ၏ ထောက်ခံမှုကို ISIL တို့ ပြန်လည်ရရှိနိုင်သည့် မဟာဗျူဟာ အလှည့်အပြောင်းတစ်ရပ် ဖြစ်သည်။

ပြင်ပ၏ တရားဝင် ထောက်ခံမှု ရရှိရေးနှင့် ပတ်သက်လျှင် ISIL သည် အနီးအနားရှိ နောက်လိုက် ဂျီဟတ်ဝါဒီများ၊ မဟာမိတ် ဖြစ်လာနိုင်သည့် အဖွဲ့များဖြစ်သည့် အယ်လ်နျူစရာတပ်ဦး (ယခုတွင် နာမည်သစ်ဖြင့် ပြောင်းလဲဖွဲ့စည်းကာ အယ်လ်ကေဒါနှင့် ချိတ်ဆက်မှု ဖျက်ထားသည့်အဖွဲ့)၊ မွတ်ဆလင် ညီနောင်များအဖွဲ့၊ အခြားသော အယ်လ်ကေဒါ လိုလားသည့် အဖွဲ့များနှင့် ခပ်ခွာခွာ ရပ်တည်လျက်ရှိသည်။ တစ်ချိန်တည်းတွင် ISIL သည် ၎င်းအပေါ် စစ်ရေးအရ တိုက်ရိုက်အကူအညီပေးရန် မဖြစ်နိုင်သည့် ပထဝီအရ ဝေးကွာလှသည့် ဒေသများတွင်ရှိသည့် အဖွဲ့များ၏ သစ္စာခံယူမှုကို ရယူလျက်ရှိသည်။ ယင်းသို့ဖြင့်  အယ်လ်ကေဒါ လုပ်ဆောင်လျက်ရှိသည့် လုပ်ငန်းခွဲ တည်ထောင်ခြင်း အမှားကို ဆက်လက်ကျူးလွန်လျက် ရှိသည်။ ISIL ဆိုသည့် အမည်ကို ဝေးကွာလှသည့် ဒေသများတွင် အသုံးပြုခြင်းဖြင့် ဂုဏ်တက်လာနိုင်သော်လည်း မည်သည့်အကူအညီကိုမျှ လက်တွေ့ရလာနိုင်မည် မဟုတ်ပေ။ ထို့အပြင် အဆိုပါ ဝေးကွာလှသည့် နယ်မြေများတွင်ရှိသည့် အုပ်စုများ ချေမှုန်းခံရပါကလည်း ISIL ၏ နာမည် ထိခိုက်စေမည် ဖြစ်သည်။

နိုင်ငံတော်စပွန်ဆာနှင့် ဟစ်ဇဘိုလာ အကျိုးဆက်

ISIL သည် ၎င်းထိန်းချုပ်ရာ နယ်မြေတွင်းရှိ ရင်းမြစ်များဖြစ်သည့် ရေနံတွင်းများ၊ ရေအားလျှပ်စစ်များ၊ စိုက်ပျိုးရေး ထွက်ကုန်များနှင့် လုယက်ထားသည့် ရှေးဟောင်းပစ္စည်းများကို  အသုံးပြုပြီး လည်ပတ်နေခြင်း ဖြစ်သည်။ (ရွှေ၊ ငွေနှင့် ကြေးနီအခြေပြု ငွေကြေးတစ်မျိုးကို ISIL တို့ အသုံးပြုနေကြသည် ဟူ၍လည်း သတင်းထွက်ပေါ်လျက် ရှိသည်။) သို့သော်လည်း ယင်းရေနံတွင်းများနှင့်  ဆည်များသည် လေကြောင်းတိုက်ခိုက်မှုအတွင်း အလွယ်တကူ ပျက်စီးနိုင်ပြီး ကမ္ဘာတစ်ဝန်း ရေနံပိုထုတ်နေခြင်းကြောင့် ရေနံဈေး သိသိသာသာ ကျဆင်းသွားကာ ISIL တို့၏ ဝင်ငွေ ထက်ဝက်ခန့် ကျဆင်းသွားသည်။ ထို့ကြောင့် အဖွဲ့၏ ဘဏ္ဍာရေးရာ လွတ်လပ်မှုသည် အကန့်အသတ်ဖြင့် ရှိနေသည်။

ယင်းကဲ့သို့သော အခြေအနေများကို ၁၉၈၂ ခုနှစ်တွင် လျှို့ဝှက်အဖွဲ့အစည်းအဖြစ် စတင်ပေါ်ပေါက်လာပြီး ၁၉၈၅ ခုနှစ်တွင်  နိုင်ငံရေးပါတီအဖြစ် ရပ်တည်လာသည့် ဟစ်ဇဘိုလာအဖွဲ့နှင့် နှိုင်းယှဉ်ကြည့်ပါ။ ဟစ်ဇဘိုလာ စစ်သွေးကြွအဖွဲ့သည် အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့နှင့် သရေကျအောင် လက်ရည်တူ စစ်ပြိုင်နိုင်ခဲ့သည့် ပထမဆုံးသော အစ္စလာမ္မစ်အုပ်စု ဖြစ်သည်။ ၁၅ နှစ်ကြာ အစ္စရေးတပ်ဖွဲ့ ဆန့်ကျင်ရေး သောင်းကျန်းမှု လုပ်ဆောင်ခြင်းဖြင့် လက်ဘနွမ်တောင်ပိုင်းရှိ အစ္စရေးတပ်ဖွဲ့ဝင်များ ၂၀၀၀ ပြည့်နှစ်တွင် ဆုတ်ခွာရေး ဖိအားပေးနိုင်ခဲ့သည်။ ၂၀၀၆ ဇူလိုင် စစ်ပွဲတွင် ဟစ်ဇဘိုလာအဖွဲ့ အကျအရှုံး များခဲ့သော်လည်း အစ္စရေးနိုင်ငံတွင်းသို့ အီရန်နိုင်ငံထုတ် တာတိုနှင့် တာလတ်ပစ် ဒုံးကျည်များ ပစ်ခတ်ခြင်းဖြင့် နည်းဗျူဟာ ခြိမ်းခြောက်မှုတစ်ခုအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့သည်။ ထို့အပြင် ဟစ်ဇဘိုလာအဖွဲ့သည် ဆေးခန်းများ၊ ကျောင်းများအပါအဝင် ကျယ်ပြန့်သည့် လူမှုဖူလုံရေးစနစ် တစ်ရပ်ကို တည်ထောင်ထားသလို တည်ဆောက်ရေး ဂျီဟတ်အဖွဲ့ကိုလည်း စုစည်းထားသည်။ လုပ်ငန်းပေါင်းများစွာတွင်လည်း ရင်းနှီးမြှုပ်နှံထားသည်။ လက်ဘနွမ် နိုင်ငံရေးတွင်လည်း ဟစ်ဇဘိုလာ ဝင်ရောက်ပါဝင်နေခြင်းကြောင့် သမ္မတများ၊ အစိုးရအဖွဲ့များ တင်မြှောက်ရေးနှင့် ဖြုတ်ချရေးတွင် ခြယ်လှယ်နိုင်နေသည်။ “နိုင်ငံတော်ဆိုတဲ့ သတ်မှတ်ချက် မည်ကာမတ္တ ရှိနေတဲ့ နိုင်ငံတော်နဲ့အပြိုင် ဟစ်ဇဘိုလာအဖွဲ့ဟာ အမည်မခံထားတဲ့ နိုင်ငံတော် ဖြစ်လာနေပါတယ်” ဟု လက်ဘနွမ် လေ့လာသုံးသပ်သူတစ်ဦးက ယူကျုံးမရ ပြောကြားသွားသည်။

ဟစ်ဇဘိုလာအဖွဲ့သည် ပင်လယ်ရပ်ခြား အကြမ်းဖက်ကွန်ရက်ကိုလည်း တပ်ဖြန့်ထားသေးသည်။ ၁၉၉၂ မတ်လ ၁၇ ရက်နေ့တွင် အာဂျင်တီးနားမြို့တော်ရှိ အစ္စရေးသံရုံးကို ဟစ်ဇဘိုလာ ဗုံးခွဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ၂၉ ဦး သေဆုံးခဲ့ပြီး ၂၄၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ၁၉၉၄ ခုနှစ် သြဂုတ် ၁၈ ရက်နေ့တွင် အစ္စရေး-အာဂျင်တီးနား အပြန်အလှန် ကူညီရေးအဖွဲ့ ဌာနချုပ်ကို ဗုံးခွဲခဲ့သဖြင့် ၈၅  ဦး သေဆုံးကာ လူ ၃၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

ဟစ်ဇဘိုလာ အပြည်ပြည်ဆိုင်ရာအဖွဲ့၏ ခြိမ်းခြောက်မှုနှင့်ယှဉ်လျှင် အယ်လ်ကေဒါ ဆိုသည်မှာ မဖြစ်စလောက်သာ ဖြစ်သည်ဟု အချို့သော သုံးသပ်သူများက ပြောကြားထားလျက် ရှိသည်။ ယင်းကဲ့သို့သော အဖွဲ့အစည်းပိုင်းဆိုင်ရာ အားသာချက်များ၊ လက်ဘနွမ်နိုင်ငံတွင်း အမည်မခံဘဲ ထိန်းချုပ်နိုင်နေမှုများသည် အီရန်နိုင်ငံ၏ စစ်ရေးနှင့် ရုပ်ဝတ္ထု အကူအညီကြောင့်သာ ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အီရန်က ဟစ်ဇဘိုလာကို နှစ်စဉ် ဒေါ်လာသန်း ၁၀၀၀ ဖိုး ကူညီလျက်ရှိသည်ဟု ဆိုသည်။

အီရန် နျူကလီးယား လုပ်ငန်းများကို အစ္စရေးတို့ လက်ဦးမှုယူ တိုက်ခိုက်ပါက အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်ရေး ဟစ်ဇဘိုလာ အပြည်ပြည်ဆိုင်ရာအဖွဲ့ကို အမိန့်ပေးမည်ဟု အီရန်က သတိပေးထားပြီး ဖြစ်သည်။ အကျဉ်းချုပ်ဆိုရလျင် ISIL သည် ခြိမ်းခြောက်မှုတစ်ခု ဖြစ်သော်လည်း ရေရှည်ခြိမ်းခြောက်မှုအဖြစ် ရပ်တည်ရန် အခြေခံလိုအပ်ချက်များ ကင်းမဲ့လျက်ရှိသည်။ ဟစ်ဇဘိုလာမှာမူ သိသာထင်ရှားသည့် အောင်မြင်မှုများ ရရှိထားပြီး ကမ္ဘာတစ်ဝန်း တိုက်ခိုက်သွားနိုင်သည့် စွမ်းရည်လည်း ရှိနေသည်။ ပဲရစ်တိုက်ခိုက်မှုသည် ကမ္ဘာတစ်ဝန်း တိုက်ခိုက်မှုထံသို့ ISIL ဦးတည်လာခြင်းကို ဖော်ပြသည့် အပြောင်းအလဲ ဟုတ် မဟုတ် မေးရန်လိုလာသည်။ ထို့အပြင် ယင်းကဲ့သို့သော တိုက်ခိုက်မှုသည် ISIL ၏ သမားရိုးကျ စစ်ဆင်မှုပုံစံနှင့် သိသိသာသာ ကွဲပြားနေသဖြင့် အဆိုပါ တိုက်ခိုက်မှုကို ISIL ကြံစည်ခြင်း ဟုတ် မဟုတ်ကို မေးရမည်ဖြစ်သည်။ သို့သော်လည်း ကမ္ဘာတစ်ဝန်းရှိ မွတ်ဆလင်များ၏ ထောက်ခံမှုကို ISIL လက်လွတ်ခဲ့ရပြီး ဖြစ်သည်။ သမိုင်းကို  နားလည်သည့် မွတ်ဆလင်များက ISIL ကို အယ်ခါရီဂျီတတ် သို့မဟုတ် ခါရီဂျီတတ် လက်သစ်များဟု စတင်ခေါ်ဆိုကာ ၎င်းတို့၏ ရွံ့မုန်းမှုကို ဖော်ပြနေပြီ ဖြစ်သည်။ ISIL တို့၏ ကျရှုံးမှု မဝေးတော့ပေ။

ချမ်းမြေ့
ကိုးကား-Defense Forum

No comments: