Wednesday, August 31, 2016

စင်ကာပူ နိုင်ငံကဲ့သို့ ဖွံ့ဖြိုးစေရန် မြန်မာနိုင်ငံတွင် တရားဥပဒေ စိုးမိုးရေး တင်းကျပ်စွာ ကိုင်တွယ်သင့်ဟုဆို



စစ်တွေ၊ သြဂုတ် ၃ဝ

ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံ အနေနှင့် စင်ကာပူနိုင်ငံ ကဲ့သို့ ဖွံ့ဖြိုး တိုးတက်လာစေရန် ပညာရေး ကဏ္ဍကို အလေးထား ဆောင်ရွက်ရန် လိုအပ်နေပြီး တရားဥပဒေ စိုးမိုးရေးကိုလည်း တင်းကျပ်စွာ ကိုင်တွယ်သင့်ကြောင်း ရခိုင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ရုံးခန်းမ၌ သြဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်သည့် စင်ကာပူနိုင်ငံ လေ့လာရေး ခရီးစဉ်အကြောင်း ရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“အဓိက က စည်းကမ်းကို သေချာ တင်းကျပ်ပြီး လူမှု အသိုင်းအဝိုင်းကို အောင်မြင်အောင် ကြိုးစားပြီး လုပ်တယ်။ သူတို့ဆီမှာလည်း ပဋိပက္ခတွေ ဖြစ်ခဲ့တာပဲ။ ဒါပေမဲ့ ဥပဒေနဲ့ တင်းတင်းကျပ်ကျပ် ထိန်းတယ်။ တရားဥပဒေ စိုးမိုးရေးက အဓိက ကျပါတယ်”ဟု လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာက ပြောဆိုသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီး သုံးဦး၏ စင်ကာပူနိုင်ငံ လေ့လာရေး ခရီးစဉ်နှင့် ပတ်သက်၍ ပြည်နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မြို့မိ မြို့ဖများ အပါအဝင် လူ ၅ဝ ခန့်က ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ အတွင်း၌ ပညာရေး ဆုံးခန်းတိုင်အောင် သင်ကြားသည့် ကလေး အရေအတွက် နည်းပါးနေပြီး ပညာရေး မပြီးဆုံးသည့် ယင်းကလေးများအတွက် အလုပ်အကိုင် အခွင့်အလမ်းနှင့် ပညာ ဆက်သင်နိုင်ရေးအတွက် အစီအမံများ ချမှတ်၍ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးက ပြောကြားသည်။

“စင်ကာပူနိုင်ငံမှာက လူဦးရေကို လူမှုရေး အသိုင်းအဝိုင်းတွေနဲ့ ထိန်းတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက တရုတ်က ၇၅ ရာခိုင်နှုန်း၊ မလေးက ၁၃ ရာခိုင်နှုန်း၊ အိန္ဒိယက ၁ဝ ရာခိုင်နှုန်းလောက်နဲ့ အခြား နိုင်ငံသားတွေပေါ့။ အခုလည်း အဲဒီ အချိုးအတိုင်းပဲ။ တိုးလာတာ မရှိဘူး။ ဒါကြောင့် လူမှုအသိုင်းအဝိုင်း တည်ငြိမ်နေတာ”ဟု လူမှုရေးဝန်ကြီး ဒေါက်တာ ချမ်းသာက ထပ်လောင်း ပြောကြားသည်။

ရခိုင်ပြည်နယ် အစိုးရသစ် အနေနှင့် ရခိုင်ပြည်နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်လျက်ရှိရာ အစိုးရဝန်ထမ်းများအတွက် တန်ဖိုးနည်း အိမ်ရာ စီမံကိန်းတွေ အပါအဝင် ပညာရေးနှင့် ကျန်းမာရေး ကဲ့သို့ သောကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အလေးထား ဆောင်ရွက်နေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်က ပြောဆိုသည်။

No comments: