Sunday, August 28, 2016

နာဂမှာ ကူးစက်ရောဂါကြောင့် သေ ဆုံးသူ ၈၂ ဦးရှိ



စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက ကူးစက်ရောဂါခံစားနေရတဲ့ ကလေးငယ်တစ်ဦးကို တွေ့ရစဉ်

Photo: Emergency Response Team to Naga Region

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ်တွေမှာ ကူးစက်ရောဂါကြောင့် ဒေသခံ ၈၂ ဦးသေဆုံးပြီး ကျေးရွာ ၇ ရွာမှာလည်း ရောဂါပိုးပျံ့နှံ့နေပါတယ်။

သေဆုံးသူ ၈၂ ဦးထဲမှာ နန်းယွန်းမြို့မှာ သေဆုံးသူ ၅ဝ ကျော်ရှိနေပြီး အခြေအနေ ဆိုးရွားနေတယ်လို့  နာဂ အမျိုးသားရေးရာကောင်စီက ပြန်ကြားရေး တာဝန်ခံ ကိုကဲယုံးက ပြောပါတယ်။

"ဝက်သက်ရောဂါဖြစ်နေတာက လဟယ်မှာဖြစ်တယ်၊ နန်းယွန်းမှာက ကူးစက်ရောဂါ တစ်မျိုးတော့ဖြစ်တယ် ဒါပေမယ့် ဒီဟာက ဝက်သက်ရောဂါမဟုတ်ဘူးလို့တော့ပြောတယ်၊ ဆက်တိုက်ဖြစ်နေတာ၊ အခု နန်းယွန်း ဘက်မှာ ပိုပြီးတော့မှ အခြေအနေဆိုးနေတယ်၊ ဝက်သက်ရောဂါမဟုတ်ဘူးလို့ ပြောတဲ့နောက်ပိုင်းမှာလည်း နန်းယွန်းဘက်မှာ ဆေးဝါးကုသမှု မရရှိဘူး၊ အဲ့တော့ ဒီလိုမျိုးလျစ်လျူရှု ထားခံရတဲ့အခါမှာ မလိုအပ်ပဲ သေ ဆုံးမှုတွေ ဆက်တိုက်ဖြစ်နေတယ်" လို့ ပြောပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက လဟယ်မြို့နယ်မှာ ဝက်သက်ရောဂါကာကွယ်ဆေးတွေကို လိုက်လံထိုးပေးနေပါတယ်။

ရောဂါဖြစ်ပွားနေတဲ့ နန်းယွန်းမြို့နယ်နဲ့ လဟယ်မြို့နယ်တွေဟာ ဆက်သွယ်ရေးခက်ခဲပြီး သွားလာရခက်ခဲ တဲ့ နေရာတွေဖြစ်တဲ့အတွက် ကုသရေးအပိုင်းမှာ အခက်အခဲတွေရှိနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

No comments: