Wednesday, August 31, 2016

စည်ပင်ဝန်ထမ်း တစ်ဦးကို သရက်သီးရောင်းချနေသော လမ်းဘေးဈေးသည်က ငရုတ်သီးမှုန့်ဖြင့် ပက်၍ ငံပြာရည်နှင့်လောင်း

ရန်ကုန်၊ သြဂုတ် ၃၁

စမ်းချောင်းမြို့နယ်၊ ပြည်လမ်းရှိ မဟာမြိုင်ကားမှတ်တိုင်တွင် သြဂုတ်လ ၃၀ ရက် နံနက် ၉ နာရီခွဲက စည်းကမ်းမဲ့ လမ်းဘေးဈေးသည်များကို စည်းကမ်းထိန်းသိမ်းရေးတာဝန်ဆောင်ရွက်နေသည့် စည်ပင်ဝန်ထမ်းအမျိုးသား၏ မျက်နှာကို သရက်သီးရောင်းချနေသော အမျိုးသမီးက ငရုတ်သီးမှုန့်ဖြင့် ပက်ခဲ့ ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

“ပြည်လမ်းပေါ်က စည်းကမ်းမဲ့ လမ်းဘေးဈေးသည်တွေကို စည်ပင်အဖွဲ့က မရောင်းချဖို့ ပြောဆိုပြီး ဖယ်ရှားခိုင်းရာက သရက်သီး ရောင်းနေတဲ့ အမျိုးသမီးက သူ့ဗန်းထဲက ငရုတ်သီးမှုန့်နဲ့ စည်ပင်ဝန်ထမ်း အမျိုးသားရဲ့ မျက်နှာ ကို ပက်ခဲ့တာ၊ ပြီးတော့ ဈေးဗန်းထဲမှာရှိတဲ့ ငံပြာရည်နဲ့ပါ လောင်းခဲ့တယ်လို့ အမှုဖွင့် တိုင်ကြားချက်အရ သိရတယ် ” ဟု စမ်းချောင်းမြို့မ ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ငရုတ်သီးမှုန့်ဖြင့် မျက်နှာအပက်ခံရသော စည်ပင်နေ့စား ဝန်ထမ်း အမျိုးသားမှာ မဟာမြိုင် ကားမှတ်တိုင်အနီး လမ်းဘေးတွင် သရက်သီးရောင်းနေသော အသက် ၃၀ အရွယ် အမျိုးသမီးကို လမ်းပေါ် ဈေးရောင်းချခြင်း မပြုရန်နှင့် အခြားနေရာသို့ ပြောင်းရွှေ့ရောင်းချရန် အကြိမ်ကြိမ်ပြောဆိုခဲ့သော်လည်း ယင်းဈေးသည်က နေရာ ပြောင်းရွှေ့ခြင်းမပြုဘဲ ၎င်းကို ဈေးဗန်းထဲရှိ သရက်သီးရောင်းရာတွင်အသုံးပြုသော ငရုတ်သီးမှုန့် ငံပြာရည်များ ဖြင့် လောင်းခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။ 

အဆိုပါ သရက်သီးရောင်းသည့် အသက် ၃၀ အရွယ် အမျိုးသမီးကို စမ်းချောင်းမြို့မ ရဲစခန်းမှ တာဝန်ဝတ္တရား ဆောင်ရွက်သူကို နှောက်ယှက်မှု ပုဒ်မ ၃၅၃ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

No comments: