Tuesday, August 30, 2016

မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်တင်ပို့မှုမှာ ယခင်နှစ်ကထက် တန်ချိန် နှစ်သိန်းကျော် လျော့နည်းနေ

Posted: August 30, 2016

မြန်မာနိုင်ငံမှ တရုတ်သို့ ဆန်တင်ပို့မှုမှာ ယခင်နှစ်ကထက် တန်ချိန် နှစ်သိန်းကျော် လျော့နည်းနေကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ်ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။

 

တရုတ်ပြည်သို့ ဆန်တင်ပို့မှုမှာ တရုတ်နိုင်ငံဘက်မှ ဖမ်းဆီးမှုကြောင့် ဆန်တင်ပို့ရောင်းချခြင်းကို ဇူလိုင်လ ဆန်းပိုင်းမှ စတင်ရပ်နားခဲ့ရသောကြောင့် ယခင်က မူဆယ်ဆန်ဈေးကွက်အတွင်းသို့ တစ်ရက်လျှင် ဆန်တန်ချိန် ၃၀၀၀ မှ ၄၀၀၀ ခန့်အထိ တင်ပို့နိုင်ခဲ့သော်လည်း ယခုနောက်ပိုင်းတွင် တစ်ရက်လျှင် တန်ချိန် ၁၅၀၀ မှ ၂၀၀၀ ခန့်သာ တင်ပို့နိုင်ခဲ့ရာ တရုတ်နိုင်ငံဘက်မှ ဆန်ဝယ်ယူမှုသည် ထက်ဝက်နီးပါး ကျဆင်းလျှက်ရှိကြောင်း သိရသည်။

 

မြန်မာဘက်မှ ဆန်တင်ပို့မှုကို တရုတ်အစိုးရဘက်မှ အဖမ်းအဆီးများပြားနေခြင်းကြောင့် မြန်မာနိုင်ငံတွင် ကုန်သွယ်မှု ကျဆင်းကာ ငွေကြေးလှည့်လည်မှု တုံ့ဆိုင်းနိုင်ပြီး တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ၈၀ ရာခိုင်နှုန်းခန့် ရှိနေသည့်အတွက် တရုတ်သို့ ဆန်တင်ပို့မှုသည် အချိန်ကြာကြာ ရပ်ဆိုင်းနေပါက လုပ်ငန်းရှင်များအတွက် အခက်အခဲများ ကြုံလာနိုင်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက The Ladies သို့ ပြောကြားသည်။

 

တရုတ်ကုန်သည်များက မြန်မာဘက်မှ ဆန်ဝယ်ယူခြင်းသည် မြန်မာနိုင်ငံအနေဖြင့် တရားဝင်တင်ပို့ခြင်း ဖြစ်သော်လည်း တရုတ်နိုင်ငံမှ ၀ယ်ယူခြင်းသည် မှောင်ခိုသဘောမျိုးဖြစ်နေသောကြောင့် ဖမ်းဆီးခြင်းများ ခံရခြင်းဖြစ်ကြောင်း သိရသည်။

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ပူးပေါင်း၍ ပင်လယ်ရေကြောင်းမှ တစ်နှစ်လျှင် အနည်းဆုံး ဆန်တန်ချိန် ငါးသိန်းတင်ပို့နိုင်ရန် ဈေးကွက် ရှာဖွေနေသည်ဟု ဆိုသည်။

 

လက်ရှိတရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်ရေးစခန်း လေးခုရှိပြီး တရုတ်နိုင်ငံ ရွှေလီမြို့နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မူဆယ် မြို့ရှိ ကုန်သွယ်ရေးစခန်းသည် နှစ်နိုင်ငံ ကုန်သွယ်မှုကို အများဆုံး ဖြစ်ရာ ယခုဘဏ္ဍာနှစ် လေးလကျော်အတွင်း မူဆယ်မြို့ကုန် သွယ်ရေးစခန်း၏ကုန်သွယ်မှု ပမာဏသည် အမေရိကန် ၁ ဒသမ ၇ ဘီလီယံကျော်ရှိပြီး အခြားသော နယ်စပ်ကုန်သွယ် ရေးစခန်းသုံးခု ဖြစ်သည့် ချင်းရွှေဟော်၊ ကန်ပိုက်တီးနှင့် လွယ်ဂျယ် ကုန်သွယ်ရေးစခန်းများတွင် ချင်းရွှေဟော်သည် အများဆုံးဖြစ်နေ ပြီး ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်းနှစ်ရာကျော်ရှိကြောင်း သိရသည်။

 

ဝသန်

The Ladies News

No comments: