Wednesday, August 31, 2016

ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင် ပြန်လည်ရရှိရန် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနသို့ KNU ဥက္ကဋ္ဌ စာပို့


ရိုးရိုးလေးဟိုတယ်အား ခွင့်ပြုချက်မဲ့အခန်းတိုးချဲ့တည်ဆောက်ခြင်းကြောင့် ဟိုတယ်နှင့်ခရီးသွား လာရေး ဝန်ကြီးဌာနက လုပ်ငန်း လိုင်စင်ပိတ်သိမ်းခဲ့သည့်အတွက် လုပ်ငန်းလိုင်စင်ပြန်လည်ရရှိရန် ဝန်ကြီးဌာနသို့ ယခုလ ၃ဝ ရက်နေ့ ရက်စွဲဖြင့် ကရင်အမျိုးသားအစည်း အရုံး(KNU) ဥက္ကဋ္ဌစောမူတူးစေးဖိုးက ညှိနှိုင်း အကြောင်းကြားစာပေး ပို့ထားကြောင်း သိရသည်။

 အဆိုပါပေးပို့သည့်စာတွင် မွန်ပြည်နယ် ကျိုက်ထိုမြို့ ကျိုက်ထီး ရိုးဆံတော်ရှင်ရင်ပြင်၌ ဟိုတယ်တည်ဆောက်ရေးလုပ်ငန်းရှင်တစ် ဦးဖြစ်သော ဦးသိန်းနိုင်(ခ)ဦးနေ ထက်သိန်းနိုင်၏ရိုးရိုးလေးဟိုတယ် လုပ်ငန်းလိုင်စင်(ဟ-ဝ၇၅၈)(၁၃၅) ခန်း လုပ်ငန်းလိုင်စင်ကို ပြန်လည် ရယူလိုကြောင်း ညှိနှိုင်းဆောင်ရွက် ပေးပါရန် တင်ပြကြောင်း၊ ရိုးရိုးလေးဟိုတယ်ကို လိုင်စင်ခွင့်ပြုပေးသော အဆောင်အမှတ်(၁)မှ (၅) အထိ အမြင့်ပေ ၃ဝ ကို ဘေးအန္တရာယ်ကင်းရှင်းလုံခြုံရေးတို့ကို ဝန်ကြီးဌာနမှလည်း စိစစ်ခွင့်ပြုပေးခဲ့သည်ကို သိရှိရကြောင်း၊ သို့ရာတွင် ရိုးရိုးလေးဟိုတယ်လုပ်ငန်း ရှင်အနေဖြင့် ဝန်ကြီးဌာန၏ ခွင့်ပြု ချက်မရဘဲတိုးချဲ့ဆောက်လုပ်ခြင်းကို ပယ်ဖျက်နိုင်ခြင်းကို လက်ခံနိုင်ကြောင်း၊ သို့ရာတွင် ယခင်ရရှိ ထားသော ခွင့်ပြုချက်လိုင်စင်ကိုပါ မနစ်နာစေလိုကြောင်းသနားခံတင်ပြလာကြောင်း ဖော်ပြထားသည်။

ထို့ပြင်ရိုးရိုးလေးကုမ္ပဏီသည် KNU ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် တပ်မဟာ(၁)နယ်မြေအတွင်း မီးစိုင်းတောင်ကုမ္ပဏီနှင့်လည်း အကျိုးတူလုပ်ငန်းများ လုပ်ဆောင်နေသော ကုမ္ပဏီဖြစ်သည့်အပေါ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သောလူမှုရေး၊ကျန်းမာရေးတွင်လည်း ပံ့ပိုးဆောင်ရွက်နေသော ကုမ္ပဏီ တစ်ခုဖြစ်ကြောင်း၊ဟိုတယ်တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်ရာတွင် ဥပဒေမဲ့ပြုလုပ်ခြင်း၊ စည်းကမ်းနှင့်မညီညွတ်သောလုပ်ရပ်များကို ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ကြောင်း သိရှိရသည့်အပြင် ဟိုတယ်နှင့်ပတ်သက်၍လည်း မွန်ပြည်နယ်တွင် အခွန်ထမ်းအများ ဆုံးဆုကို ပထမရရှိခဲ့သည်ကို သိရှိ ရကြောင်း၊ သို့ဖြစ်ပါ၍ ကုမ္ပဏီအကျိုး၊ ပြည်သူ့အကျိုး၊ နိုင်ငံတော်အကျိုး ရှေးရှု၍ အဆိုပါ လိုင်စင် ဖျက်သိမ်းခြင်းကို ပြန်လည် သုံးသပ်ကာ သက်ဆိုင်ရာဝန်ကြီး ဌာနမှလုပ်ဆောင်ခွင့်ကို ပြန်လည် ခွင့်ပြုရန် လေးစားစွာညှိနှိုင်းတင်ပြ အပ်ပါသည်ဟူ၍ ဥက္ကဋ္ဌ စောမူတူး စေးဖိုးက လက်မှတ်ရေးထိုးတင်ပြ ထားသည်။

အစိုးရသစ် လက်ထက်တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာနအနေဖြင့် ရိုးရိုးလေးဟိုတယ် နှင့် Tourbox ကုမ္ပဏီတို့ကို လိုင်စင်ပိတ်သိမ်းပြီးနောက် ကုမ္ပဏီသုံးခုကို ခေတ္တယာယီလိုင်စင်ပိတ်သိမ်း ထားကြောင်း သိရသည်။

နေထက်ဝေ
The Union Daily

No comments: