Tuesday, August 30, 2016

၂၁ ပင်လုံညီလာခံတက်ရောက်ရန် အနိုင်မရရှိသောပါတီများ ကိုယ်စားပြု တက်ရောက်ရန် ရွေးချယ်ထားခြင်း မရှိသေး

၂၁ ရာစုပင်လုံညီလာခံသို့ ရွေးကောက်ပွဲ အနိုင်မရရှိသော ပါတီ(၇၀)မှ ကိုယ်စားလှယ်(၅)ဦး တက်ရောက်ရန် သြဂုတ် ၂၉ ရက်အထိ ရွေးချယ်ထားခြင်း မရှိသေးကြောင်း အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ပါတီ ဥက္ကဌ ဦးသိမ်းကြည်က ပြောဆိုလိုက်သည်။
 
“ကျွန်တော်တို့ အနိုင်မရတဲ့ပါတီတွေအနေနဲ့ ကိုယ်စားလှယ်(၅)ဦး မရွေးရသေးပါဘူး။ ပါတီတွေ ပြန်မဆုံရသေးဘူး။ ဆုံဖို့လည်း အစိုးရက စီစဉ်ပေးတာမရှိသေးဘူး” ဟု ဦးသိမ်းကြည်ကပြောသည်။
 
၂၁ ရာစုပင်လုံညီလာခံကို သြဂုတ် ၃၁ ရက်တွင် နေပြည်တော်၌ စတင်ကျင်းပမည်ဖြစ်ကာ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် အပုဒ် ၂၂(က)တွင် နိုင်ငံရေးပါတီအားလုံး ပါဝင်ရမည်ဟုပါရှိပြီး လက်ရှိတွင်(၅)ဦးရွေးချယ်၍ ၂၁ ရာစုပင်လုံညီလာခံ တက်ရောက်ရန်အတွက် အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ်ထံမှ သိရသည်။
 
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား ချုပ်ဆိုသော တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်ရှိ အခန်း(၅)၊ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပခြင်းခေါင်းစဉ်ရှိ အပိုဒ် ၂၂(က)တွင် နိုင်ငံရေးတွေ့ဆုံပွဲ အဆင့်ဆင့်တွင် အားလုံးပါဝင်ရေးမူကို အခြေခံ၍ အစိုးရအဖွဲ့၊ လွှတ်တော်နှင့် တပ်မတော်တို့၏ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများ၏ ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များ နှင့် အခြားပါဝင်သင့်ပါဝင်ထိုက်သော ကိုယ်စားလှယ်များဟု ပါရှိသည်။
 
လက်ရှိအချိန်တွင် အနိုင်မရခဲ့သည့် ပါတီ(၇၀)မှ (၅)ဦးရွေးချယ်ခြင်းမှာ နိုင်ငံရေးပါတီများကို ခွဲခြားသလိုဖြစ်နေကြောင်း၊ နိုင်ငံရေးပါတီများကို ကိုယ်စားပြု တက်ရောက်ခြင်း မဟုတ်သဖြင့် ရွေးချယ်ပွဲကို မတက်ခဲ့ကြောင်း NDF ပါတီမှ အတွင်းရေးမှူး ဦးနေမင်းကျော်က ပြောသည်။
 
“ကိုယ်စားလှယ်(၅)ဦး ရွေးချယ်ကတည်းက မတက်နိုင်ဘူးလို့ အကြောင်းပြန်ပြီးသားပါ။ လက်ရှိလုပ်ဆောင်နေပုံတွေက နိုင်ငံရေးပါတီတွေကို ခွဲခြားတဲ့ပုံပေါက်နေတယ်။ လွှတ်တော် ကိုယ်စားလှယ်မရတဲ့ ပါတီတွေကို မကောင်း တတ်လို့ ဖြေသိမ့်တဲ့ပုံစံ ဖြစ်နေတယ်။ နိုင်ငံရေးပါတီ ဂုဏ်သိက္ခာအရ လက်ခံပေးလို့ မရဘူးလေ”ဟု NDF ပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်က ပြောသည်။
 
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC)တွင် သြဂုတ် ၂၃ ရက်က NRPC မှ ဝန်ထမ်းများက တက်ရောက်လာသော အနိုင်မရရှိသည့်ပါတီ(၃၀)မှ ကိုယ်စားလှယ်များ ရွေးချယ်ရန် လာရောက်ရှင်းပြရာတွင် ပါတီ(၇၀)အနက်မှ (၅)ဦးရွေးချယ်ခြင်းမှာ အားလုံး မပါဝင်ကြောင်း ပြန်လည်ဆွေးနွေးခဲ့သဖြင့် ဆွေးနွေးပွဲ ပျက်ပြယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
MMK
The Ladies News

No comments: