Sunday, August 28, 2016

ပညာရေး အရည်အသွေး နိမ့်ကျမှုကို သီးခြား ပြဿနာအဖြစ် ချဉ်းကပ်လျှင် ပြည့်စုံသည့်အဖြေ မရနိုင်ဟုဆို

ရန်ကုန်၊ သြဂုတ် ၂၇

စာမတတ်သူ အရေအတွက် ၅ သန်းခန့်ရှိသော မြန်မာနိုင်ငံ၏ ပညာရေး အရည်အသွေး ပြန်လည် မြှင့်တင်ရန် အဖြေရှာရာတွင် ပညာရေးကို သီးခြား ပြဿနာ တစ်ခုအဖြစ် ချဉ်းကပ်ပါက ပြည့်စုံသည့်အဖြေ မရနိုင်ဟု ယူဆကြောင်း နိုင်ငံရေး လေ့လာ သုံးသပ်မှု ဆောင်းပါးများ ရေးသားနေသည့်  ဦးမင်းဇင်က ပြောကြားသည်။

သြဂုတ်လ ၂၇ ရက်က ရန်ကုန်မြို့ Orchid Hotel တွင် သပြေ ပညာရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးစောမျိုးမင်းသူ၊ တက္ကသိုလ် ဆရာများအသင်းမှ ဒေါက်တာ သန်းလွင်ဦး၊ ဆရာမ မိုင်အေးအေးအောင်နှင့် ဦးမင်းဇင်တို့ ဦးဆောင် ဆွေးနွေးသည့် “လွတ်လပ်စွာ ရွေးချယ်ခွင့်နှင့် ပညာရေး တံခါးပေါက်များ” ဆွေးနွေးပွဲတွင် ၎င်းက ယင်းသို့ ပြောကြားခြင်း ဖြစ်သည်။

ပညာရေး ပြုပြင် ပြောင်းလဲရေး အဖြေရှာရာတွင် လွတ်လပ်ရေး ရယူပြီးကတည်းက အောင်မြင်စွာ မလုပ်ဆောင်နိုင်သေးသည့် ခိုင်မာသော ပြည်ထောင်စု ဖြစ်စေမည့် လူမှုရေးရာ တရားမျှတမှု၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာများကိုပါ ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ဆိုသည်။

“ဒီသုံးချက်ကို ထည့်စဉ်းစားမယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ အနာဂတ်ကို အနည်းဆုံးတော့ ဒီထက် ပိုမဆိုးသွားအောင် ကာကွယ်နိုင်မယ်။ ဒီထက် ပိုပြောရင်တော့ ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့ သဟာဇာတ ဖြစ်တဲ့ ဖွံ့ဖြိုး တိုးတက်တဲ့၊ ပတ်ဝန်းကျင်က လေကောင်းလေသန့် ရှုနိုင်တဲ့ နိုင်ငံတော် ဖြစ်လာမှာပါ”ဟု ဦးမင်းဇင်က ပြောကြားသည်။

ပညာရေး ပြုပြင် ပြောင်းလဲရာတွင်လည်း ငြိမ်းချမ်းရေးကို ထည့်သွင်း စဉ်းစားသင့်ကြောင်း၊ အာရှ-ပစိဖိတ်ဒေသတွင် မြန်မာနိုင်ငံသည် ရေကြီးခြင်း၊ မြေငလျင် လှုပ်ခြင်း၊ ရေခန်းခြောက်ခြင်း စသည့် သဘာဝ ဘေးအန္တရာယ်များနှင့် အများဆုံး ရင်ဆိုင်ရမည့် နိုင်ငံဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများကို သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး သင်ကြားပေးရန် ထည့်သွင်း စဉ်းစားသင့်ကြောင်း ၎င်းက ဆိုသည်။

“နိုင်ငံရေး သိပ္ပံရှုထောင့်ကနေ လက်ရှိ ပညာရေး အခြေအနေကို ဘယ်လို နားလည်သလဲ ဆိုတဲ့ကိစ္စကို ဆွေးနွေးတာပါ။ ဆွေးနွေးတဲ့နေရာမှာ ကျွန်တော်နဲ့ အရာ ခပ်သိမ်း သဘော တူညီနိုင်မယ်လို့ မထင်ပါဘူး။ မတူလည်း စဉ်းစားစရာ အဖြစ်နဲ့ စဉ်းစားစေချင်တာပါ”ဟု ဦးမင်းဇင်က ပြောကြားသည်။

ပညာရေး ပြုပြင် ပြောင်းလဲရေးနှင့် ပတ်သက်၍ ရန်ကုန် တက္ကသိုလ် ဆရာများ အသင်းအဖွဲ့ဝင်၊ နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန ကထိက ဒေါက်တာသန်းလွင်ဦးက ပညာရေး ပြုပြင် ပြောင်းလဲရာတွင် ရုပ်ပိုင်း၊ စိတ်ပိုင်း အချိုးညီညီ ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်ပြီး နိုင်ငံရှိ လူဦးရေ၏ မည်မျှ ပြောင်းလဲနိုင်သည်၊ ပညာတတ်သည်ကို ထည့်သွင်းစဉ်းစားရန် လိုအပ်ကြောင်း မှတ်ချက်ပြု ပြောဆိုသည်။

ထို့ပြင် အာဏာရှင် အစိုးရဖြစ်စေ၊ ဒီမိုကရေစီ အစိုးရဖြစ်စေ ပညာရေးကို အားပေးရန် လိုအပ်ပြီး ယခု ဒီမိုကရေစီ အစိုးရအနေနှင့် ပို၍ ပြုပြင် ပြောင်းလဲနိုင်ရန် လိုအပ်ကြောင်း၊ မှန်ကန်သည့် ပညာရေး ပေးနိုင်မှသာ အာဏာရှင် အစိုးရကို နောက်ပြန်ဦးတည်နိုင်မည် မဟုတ်ကြောင်း ဒေါက်တာသန်းလွင်ဦးက ပြောကြားသည်။

အဆိုပါ ဆွေးနွေးပွဲတွင် သပြေပညာရေး ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးစောမျိုးမင်းသူက အခြေခံပညာနှင့် အဆင့်မြင့် ပညာကဏ္ဍ ပြောင်းလဲရန် လိုအပ်သည်များကို ထောက်ပြ ဆွေးနွေးပြီး ဆရာမ မိုင်အေးအေးအောင်က အဆင့်မြင့် ပညာပြောင်းလဲရေး ကိစ္စရပ်များ အပါအဝင် နိုင်ငံတကာ ပညာရေး ပေးနေသည့် စီးပွားရေး ဦးတည်သော ပုဂ္ဂလိက ပညာရေး ဝန်ဆောင်မှု လုပ်ငန်းများ၌ တက်ရောက် သင်ယူရာတွင် သတိထားသင့်သည့် ကိစ္စများကို ဆွေးနွေး ပြောကြားခဲ့သည်။http://thevoicemyanmar.com/latest-news/1243-pny

No comments: