Tuesday, August 30, 2016

စင်ကာပူတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅၆ ဦးထိ ရှိလာ

စင်ကာပူ နိုင်ငံတွင် ဇီကာဗိုင်းရပ်စ် ကူးစက်ခြင်း ခံရသူ ၅၆ ဦးထိ ရှိလာကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့သည်။

ဩဂုတ် ၂၉ ရက် ညနေပိုင်းက ကြေညာချက်တွင် ဒေသတွင်း လူအချင်းချင်း ကူးစက်မှုကြောင့် နောက်ထပ် ဇီကာကူးစက်သူ ၁၅ ဦး တိုးမြင့်လာကြောင်း၊ ထို့ကြောင့် စင်ကာပူတွင် ဇီကာရောဂါ ဖြစ်ပွားသူ ၅၆ ဦး ရှိလာကြောင်း
ဖော်ပြထားသည်။

ယင်းတို့အနက် ရောဂါလက္ခဏာများ ပြသနေဆဲဖြစ်သည့် လူ ၇ ဦးကို တန်တော့ခ်ဆန်း ဆေးရုံတွင် တင်ပို့ ကုသထားစေကြောင်းလည်း ဝန်ကြီးဌာနက ဆိုသည်။ ဇီကာသည် ဘရာဇီးနိုင်ငံနှင့် တောင်အမေရိက ဒေသမှ စတင်
ပျံ့နှံ့လာခြင်းဖြစ်ပြီး ရောဂါဖြစ်ပွားရာ နေရာများမှ ပြန်လာသူများတွင် ဗိုင်းရပ်စ် ကူးစက်လာခြင်းဟု ကျန်းမာရေး ဝန်ကြီးဌာနက ယူဆထားသည်။

ဖြစ်ပွားသူ အားလုံးအနက် အများစုဖြစ်သော ၄၁ ဦးသည် နိုင်ငံခြား အလုပ်သမားများဟု သိရသည်။ ဖျားနာခြင်း၊ ခန္ဓာကိုယ်တွင် အဖုအပိန့်အချို့ ထလာခြင်းစသည့် လက္ခဏာများကို အခြေခံကာ ဆေးစစ်မှုများ
ပြုလုပ်ပြီး ရောဂါရှိသူများကို ရှာဖွေခဲ့ကြသည်။

ခြင်မှတဆင့် ကူးစက်လေ့ရှိသည့် အဆိုပါ ရောဂါသည် ကျန်းမာရေး ကောင်းမွန်သူများအတွက် အပျော့စား တုပ်ကွေးမျှသာ ဖြစ်ပွားနိုင်သော်လည်း ကိုယ်ဝန်ဆောင် မိခင်များကို ကူးစက်ပါက မွေးဖွားလာသည့် ကလေးသည် ဦးခေါင်းသေးငယ်သည့် မူမမှန်မှုမျိုး ဖြစ်ပေါ်တတ်ကြောင်း ယုံကြည်ရသဖြင့် ကမ္ဘာ့ကျန်းမာရေး ပြဿနာတစ်ခုသဖွယ် စောင့်ကြည့် ခံနေရသည်။

အဆိုပါ ဗိုင်းရပ်စ်ကို ကာကွယ်ရန်၊ ကုသရန် ဆေးဝါးမရှိသေးဘဲ ခန္ဓာကိုယ်၏ သဘာဝ ကိုယ်ခံစနစ်က ပကတိအတိုင်း တွန်းလှန် တိုက်ခိုက်နိုင်သည်။ စင်ကာပူတွင် ပထမဆုံး ဇီကာဗိုင်းရပ်စ် ကူးစက်မှုကို မေလအတွင်း စတင်တွေ့ရှိခဲ့သည်။ ထိုစဉ်က ဘရာဇီးမှ ပြန်လာသူ တစ်ဦးသည် ဇီကာကူးစက်မှု လက္ခဏာများ တွေ့ရပြီး ဆေးရုံသို့ တင်ပို့ရာမှ ရောဂါကူးစက်ကြောင်း အတည်ပြုနိုင်ခြင်း ဖြစ်သည်။

အရှေ့တောင်အာရှ ဒေသတွင်း အခြားနိုင်ငံများအနက် အင်ဒိုနီးရှား၊ ထိုင်း၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့သည်လည်း ၂၀၁၆ ခုနှစ်အတွင်း ဇီကာကူးစက်မှုများ ကြုံတွေ့လာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးထားသည်။

Ref: CNN

No comments: