Sunday, August 28, 2016

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပင်လုံဖွင့်ပွဲမှာ စကားပြောမည်


၂၁ ရာစုပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းတို့ အဖွင့်အမှာစကားပြောကြားမယ်လို့ ပင်လုံညီလာခံအကြို ပြင်ဆင်ရေးကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေ က ပြောပါတယ်။
ဒီကနေ့ နေပြည်တော်က သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ ၂၁ ရာစုပင်လုံ ပူးတွဲကျင်းပရေးကော်မတီ အကြိုအစည်းအဝေးအပြီးမှာ ဦးလှမောင်ရွှေ က ပြောတာဖြစ်ပါတယ်။
"အခုတော့ ကျွန်တော်တို့ဖက်က ဒီနေ့ အစည်းအဝေးမှာလည်း တင်ပြထားတယ် အစိုးရဖက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် အမှာစကားပြောဖို့ရှိတယ်။ လွှတ်တော်ဥက္ကဌတွေ စကားပြောဖို့ရှိတယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောဖို့ရှိတယ်။ ပြီးတော့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သူလည်းစကားပြောဖို့ အစီအစဉ်ထဲမှာပါတယ်"
နိုင်ငံရေးပါတီတွေဖက်က ကိုယ်စားလှယ် တစ်ဦးနဲ့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေလည်း အမှာစကားပြောကြားမှာဖြစ်ပါတယ်။
၂၁ ရာစုပင်လုံညီလာခံကို လာမယ့် သြဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၃ ရက်အထိ ၄ ရက်ကြာ ကျင်းပမှာဖြစ်ပြီး နိုင်ငံတကာ သံတမန်တွေ၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် အလှူရှင်တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ဖိတ်ကြားထားသူ စုစုပေါင်း ၁,၈၀၀ ခန့် တက်ရောက် ကြမှာဖြစ်ပါတယ်။
ဒါ့အပြင် အရင် အစိုးရလက်ထက်က အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ အဖွဲ့ အပါအ၀င် လက်နက်ကိုင် အဖွဲ့ ၁၇ ဖွဲ့တက်ရောက်မှာဖြစ်ပါတယ်။
မြန်မာအမျိုးသားဒီမိုကရေစီ မဟာမိတ် တပ်မတော် - ကိုးကန့်အဖွဲ့ (MNDAA) ၊ ပလောင် (တအာန်း)အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)နဲ့ ရက္ခိုင့်တပ်မတော် (AA) တို့မှာ ၂၁ရာစုပင်လုံညီလာခံကို တက်နိုင်ဖို့ အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်ပါတယ်။
Photo: Myo Thant Khaing/RFA
( တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တွေ့ရစဉ် )

No comments: