Sunday, August 28, 2016

ကလေးမြို့၊မြို့မဈေးအတွင်းသို့ ကလေး အချို့ဖောက်ထွင်းဝင်ရောက်မှုဖြစ်ပွား =======================



စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ မြို့မဈေးအတွင်းသို့ သြဂုတ် ၂၆ ရက်၊ ည ငါး နာရီခွဲခန့်က ကလေးအချို့ ဖောက်ထွင်းဝင်ရောက်မှုဖြစ်ခဲ့ကြောင်း ကလေးမြို့မဈေးကော်မတီထံမှ သိရသည်။ ဈေးအတွင်းသို့ဖောက်ထွင်း ၀င်ရောက်သည့် ကလေးငယ်များမှာ အသက် ကိုး နှစ်ရှိ အရွယ်ကလေးများဖြစ်ပြီး ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးမှုမရှိကြောင်း သိရသည်။“ဈေးလုံခြုံရေးဝန်ထမ်းကချက်ချင်းအကြောင်းကြားလို့ ဈေးကော်မတီတွေကလည်း ဈေးထဲကို ချက်ချင်း ၀င်စစ်ဆေးကြတယ်။ ကျွတ်ကျွတ်အိတ်အမည်းတွေနဲ့ထည့်ထားတဲ့ ရွှေရည်စိမ်လက်ဝတ်လက်စားတွေကို ချန်ပစ်ထားခဲ့တာ တွေ့ရပါတယ်။ ဆိုင်ခန်း ငါး ခန်းကိုလည်း မွှေနှောက်ထားပြီး အနေအထားပျက်နေတာ ရှိခဲ့ပါတယ်။ ဆိုင်ရှင်တွေကို မေးကြည့်တော့ ကလေးတွေဟာ ဘာပစ္စည်းတွေမှ ယူမသွားနိုင်ခဲ့ဘူးဆိုတာ သိရတယ်။ဆိုင်ရှင်တွေရဲ့ ဆန္ဒအတိုင်း အမှုဖွင့်တာမရှိပါဘူး” ဟု ကလေးမြို့၊မြို့မဈေးကော်မတီဥက္ကဌ ဦးဌေးအောင်က ပြောသည်။သြဂုတ် ၂၆ ရက်က ဥပုသ်နေ့ဖြစ်သဖြင့် ဈေးပိတ်ထားပြီး ကလေးအချို့သည် ဈေးဝင်ပေါက် အနောက်ပေါက်တံခါး၏ အောက်ခြေပိုင်းဆွေးနေသည့် သံပြားကိုခွာထုတ်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး မိန်းကလေးတစ်ဦးကအပြင်မှ စောင့်နေသည်ကို ဈေးလုံခြုံရေးမှမြင်သဖြင့် ကလေးများထွက်ပြေးသွားခဲ့ကြောင်း သိရသည်။ထိုကဲ့သို့ မြို့မဈေးဖောက်ထွင်းခံခဲ့ရခြင်းနှင့် ပတ်သက်၍ ဈေးကော်မတီအနေဖြင့် စည်ပင်ဌာနကို အကြောင်း ကြားခဲ့ပြီး ဈေးလုံခြုံရေးဝန်ထမ်း တိုးမြင့်နိုင်ရေးအတွက် စီမံပေးနိုင်ရန်တင်ပြထားကြောင်း သိရသည်။

No comments: