Tuesday, August 30, 2016

MacBook Pro နှင့် MacBook Air သစ်ကို အောက်တိုဘာလတွင် ဖြန့်ချိရန် Apple စီစဉ်နေဟုဆို


Apple သည် MacBook Pro နှင့် MacBook Air သစ်ကို အောက်တိုဘာလတွင် ဖြန့်ချိရန် စီစဉ်နေကြောင်း Bloomberg မှ ဖော်ပြခဲ့သည်။ ထို့အပြင် Apple သည် LG Electronics နှင့် တွဲဖက်ကာ သီးသန့် 5K display တစ်ခုကို ဖန်တီးနေသလို AMD မှ ဂရပ်ဖစ်ချစ်ပ်သစ်များ ပါဝင်သော အဆင့်မြှင့်ထားသည့် iMac အမျိုးအစားများကိုလည်း မိတ်ဆက်ရန် စီစဉ်နေကြောင်း ၎င်းသတင်းတွင် ဖော်ပြခဲ့သည်။
MacBook Pro သစ်သည် ပိုမိုပါးလွှာပြီး ကီးဘုတ်ထိပ်ဘက်ပိုင်းတွင် function key များကို ဖော်ပြပေးမည့် OLED အခြေခံ touchscreen panel တစ်ခုပါဝင်သလို သုံးစွဲသူများက လက်ဗွေကို အသုံးပြုကာ လျင်မြန်စွာ log in လုပ်နိုင်စေမည့် Touch ID ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
MacBook Air သစ်များတွင်မူ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် သုံးနိုင်မည့် USB-C port များ ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့သော်လည်း MacBook Air နှင့် iMac သစ်များ၏ အခြားအသေးစိတ်အချက်အလက်များကိုမူ ဖော်ပြခဲ့ခြင်းမရှိပေ။
Apple သည် ငါးနှစ်သက်တမ်းရှိ Thunderbolt Display ကို ရပ်ဆိုင်းပြီး နှစ်လအကြာတွင် သီးသန့် 5K display အတွက် LG နှင့်အတူ လုပ်ဆောင်ရန်စီစဉ်နေကြောင်းလည်း သိရသည်။
Ref: MacRumor

No comments: