Tuesday, August 30, 2016

မိုးကြိုးပစ်ခံရခြင်းကြောင့် နော်ဝေးတွင် ရိန်းဒီးယားသမင် ၃၀၀ ကျော် အစုလိုက်သေဆုံး

မိုးကြိုးမုန်တိုင်းဒဏ်ကြောင့် ရိန်းဒီးယား သမင်ကြီးမျိုး ၃၀၀ ကျော် အစုအပြုံလိုက် သေဆုံးခဲ့ကြောင်း နော်ဝေး အစိုးရက အတည်ပြုခဲ့သည်။

ခရစ္စမတ်၏ စိတ်ကူးယဉ် သင်္ကေတ တစ်ရပ်ဖြစ်သော ဆန်တာကလော့စ် ဘိုးဘိုး၏ စီးတော်ယာဉ် စွပ်ဖားကို ဆွဲရသည့် တိရစ္ဆာန်များအဖြစ် လူသိများသည့် ရိန်းဒီးယားများသည် နော်ဝေးအလယ်ပိုင်း ဟာဒန်ဂါဗီလာ အရပ်ရှိ မြက်ခင်းပြင်တွင် အရေအတွက် အမြောက်အမြား နေထိုင် ကျက်စားကြသည်။

တောင်စောင်းများနှင့် မြက်ခင်းများ ရောထွေးနေသလို အေးချမ်းသော ရာသီဥတုကလည်း ရိန်းဒီးယားများအတွက် အသင့်တော်ဆုံး ဖြစ်နေရာ အစိုးရက အဆိုပါ ဧရိယာကို သဘာဝ ဥယျာဉ်နယ်မြေ တစ်ခုအဖြစ် သတ်မှတ်ပြီး အကာအကွယ် ပေးထားခဲ့သည်။

သို့သော် ပြီးခဲ့သည့် သီတင်းပတ်ကမူ ရိန်းဒီးယား သမင်ပေါင်း ၃၂၃ ကောင်မျှ အစုလိုက် အပြုံလိုက် သေဆုံးနေသည်ကို တာဝန်ရှိသူများက ရှာဖွေ တွေ့ရှိခဲ့သည်။ နော်ဝေး သားရိုင်းတိရစ္ဆာန် စောင့်ရှောက်ရေး အဖွဲ့များက အဆိုပါ ဧရိယာတွင် တရားမဝင် မုဆိုးများ သွားလာလှုပ်ရှားနေမှု ရှိမရှိ ဝင်ရောက်စစ်ဆေးစဉ် အဆိုပါ ကြေကွဲစရာ မြင်ကွင်းကို တွေ့ခဲ့ရခြင်းဟု သိရသည်။

နော်ဝေး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အေဂျင်စီက အဆိုပါ ကုန်းမြင့်ဒေသတွင် ရိန်းဒီးယား သမင်ပေါင်း ၂၀၀၀ မျှ နေထိုင်ပြီး ယင်းတို့အနက် ခြောက်ပုံတစ်ပုံမျှ သေဆုံးသွားခြင်းဟု ဆိုသည်။ သေဆုံးသွားသည့် သမင်များအနက် ၇၀ ခန့်မှာ သားပေါက်လေးများ ဖြစ်ကြသည်။

“အရင်ကတည်းက မိုးကြိုးပစ်လို့ တိရစ္ဆာန်တွေ သေတာကို ကြားဖူးပါတယ်။ ဒါပေမဲ့ အခုလောက် အများကြီး တစုတဝေးတည်း သေတဲ့ထိ ဖြစ်သွားတာမျိုးတော့ လုံးဝ မကြုံဖူးဘူး”ဟု အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ နွန်နိုင်လန်းက ပြောကြားခဲ့သည်။

၎င်းက “ရိန်းဒီးယားတွေက သဘာဝအလျောက် အုပ်စုဖွဲ့ နေလေ့ရှိတယ်။ တစ်ကောင်နဲ့တစ်ကောင် ပူးပူးကပ်ကပ်လည်း ရှိနေတတ်တယ်။ မိုးကြိုးမုန်တိုင်းတွေ အရမ်းတိုက်ခတ်နေတဲ့ အချိန်မှာ ကြောက်တဲ့စိတ်နဲ့ ပိုပြီး ပူးကပ်နေခဲ့ပုံပေါ်တယ်”ဟုလည်း မှတ်ချက်ပြုခဲ့သည်။ ပြီးခဲ့သည့် သီတင်းပတ်အတွင်း အဆိုပါ ဧရိယာ တဝိုက်တွင် မိုးကြိုးမုန်တိုင်းများ ဖြစ်ပေါ်ခဲ့သော်လည်း လူအများ ထိခိုက်ဒဏ်ရာရမှု မရှိချေ။

သို့သော် သေဆုံးနေသည့် သမင်တိုင်း မိုးကြိုးပစ်ခံရသည်ဟု အတပ်ပြောရန် ခက်ကြောင်းလည်း သိရသည်။ အေဂျင်စီမှ ပညာရှင်များသည် သမင်အသေကောင်များ၏ အသားစ နမူနာများကို သွားရောက်ယူငင်ပြီး စစ်ဆေးရာ အနည်းဆုံး လေးကောင်မျှတွင် သေစေလောက်အောင် ပြင်းထန်သည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်နေသည်ကို တွေ့ရသည်။

အဆိုပါ ဗိုင်းရပ်စ်မျိုးသည် သမင်၊ ဒရယ်၊ ဆတ်အစရှိသည့် မျိုးနွယ်များတွင် ကူးစက်တတ်ပြီး ဥရောပတွင် အခြေအနေဆိုး မရှိသေးသော်လည်း မြောက်အမေရိကတွင် အဲ့လ်ခ်သမင်ကြီး မျိုးစိတ်များ အုပ်စုလိုက် သေဆုံးသည်အထိ ပြင်းထန်ခဲ့ဖူးကြောင်း သိရသည်။

Ref: NPR

No comments: