Tuesday, August 30, 2016

အဘူဆေယက်ဖ်တို့နှင့် ရင်ဆိုင်တိုက်ပွဲအတွင်း ဖိလစ်ပိုင်စစ်သည် ၁၂ ဦးထက်မနည်း ကျဆုံး

အဘူဆေယက်ဖ် စစ်သွေးကြွ အုပ်စုများနှင့် ပြင်းထန်သည့် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်သည် ၁၂ ဦးထက်မနည်း အကျအဆုံး ရှိခဲ့ကြောင်း ဖိလစ်ပိုင် စစ်တပ်က အတည်ပြုခဲ့သည်။

ဩဂုတ် ၂၉ ရက်က ဖြစ်ပွားသည့် ထိပ်တိုက်ရင်ဆိုင်တွေ့မှုများသည် သမ္မတ ရိုဒရီဂို ဒူတာတေး အာဏာရလာပြီးနောက်ပိုင်း စစ်တပ်၏ အထိအနာဆုံး၊ အကျအဆုံးအများဆုံး တိုက်ပွဲလည်း ဖြစ်လာသည်။ အဘူဆေယက်ဖ်တို့သည် ဖိလစ်ပိုင် တောင်ပိုင်းတွင် အခြေစိုက်ပြီး လူသူအင်အား နည်းပါးသော်လည်း အဆိုးယုတ်ဆုံး အကြမ်းဖက် အဖွဲ့အစည်း တစ်ခုလည်း ဖြစ်သည်။

အဘူဆေယက်ဖ်၏ အဓိပ္ပါယ်မှာ ဆောင်ဓား သယ်ယူသူဟု အဓိပ္ပါယ်ရပြီး စစ်တပ်နှင့် အရပ်သားများကို ပြန်ပေးဆွဲခြင်း၊ သတ်ဖြတ်တိုက်ခိုက်ခြင်းများကြောင့် နာမည်ဆိုးဖြင့် အထူးကျော်ကြားသည်။

စစ်တပ်၏ အဆိုအရ ဖိလစ်ပိုင်တောင်ပိုင်း ဘာရန်ဂေး မာလီဂါယာ မြို့အနီးတွင် အဘူဆေယက်ဖ် အဖွဲ့ဝင် ၇၀ မျှနှင့် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပြီး စစ်သည်အများအပြား ကျဆုံးခဲ့ခြင်းဟု သိရသည်။ နောက်ထပ်စစ်သည် ၅ ဦးမျှလည်း ဒဏ်ရာများ ရခဲ့သည်။

ဒူတာတေးသည် ၎င်းအာဏာရလာကတည်းက အဘူဆေယက်ဖ်တို့ကို အမြစ်ဖြုတ် ချေမှုန်းမည်ဟု ကြွေးကြော်ထားသူ ဖြစ်သည်။ အဘူဆေယက်ဖ်တို့က ပြန်ပေးငွေ ပေးချေရန် ပျက်ကွက်သည့်အတွက် ၎င်းတို့ ဖမ်းဆီးထားသည့် ရွာသားတစ်ဦးကို ခေါင်းဖြတ်ခဲ့သည့်နောက် ဒူတာတေးက စစ်တပ်များ စေလွှတ်ခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က စစ်တပ်သည် ထင်ရှားသည့် ခေါင်းဆောင်တစ်ဦး အပါအဝင် အဘူဆေယက်ဖ် စစ်သွေးကြွ ၂၁ ဦးမျှကို ရှင်းလင်း သုတ်သင်နိုင်ခဲ့သော်လည်း ဩဂုတ် ၂၉ ရက် တိုက်ပွဲများတွင်မူ အဆုံးအရှုံး များခဲ့ခြင်းဟု သိရသည်။

ဖိလစ်ပိုင်သည် နိုင်ငံတောင်ပိုင်းရှိ မွတ်ဆလင် အများစု နေထိုင်ရာ မင်ဒါနာအိုတွင် ခွဲထွက်ရေး သူပုန်များ လှုပ်ရှားနေမှုကို ဆယ်စုနှစ်များစွာ ကြုံတွေ့နေရသည်။ နိုင်ငံ၏ ကျန်အစိတ်အပိုင်း အများစုတွင်မူ ရိုမန်ကက်သလစ် ခရစ်ယာန် ဘာသာဝင်များ အဓိက နေထိုင်ကြောင်း သိရသည်။

Ref: Reuters

No comments: