Sunday, August 28, 2016

တောင်ကျချောင်းကမ်းပါးပြိုကျမှုကြောင့် လူတစ်ဦးဒုတိယအကြိမ် မျောပါပျောက်ဆုံး


တောင်တွင်းကြီး သြဂုတ် (၂၈)

မကွေးတိုင်းဒေသကြီး ၊တောင်တွင်းကြီးမြို့နယ်တွင် တောင်ကျချောင်း ကမ်းပါးပြိုကျမှုကြောင့် လူတစ်ဦးရေစီးနှင့်အတူ ဒုတိယအကြိမ် မျောပါမှုတစ်ခု ယနေ့ သြဂုတ် (၂၈) ရက် ညနေ (၃) နာရီ (၁၅) မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည် ။


အဆိုပါ ရေစီးနောက်မျောပါခဲ့သူသည် တောင်တွင်းကြီးမြို့နယ် ၊ ငမင်ကျေးရွာအုပ်စု ၊ ချိုင်းကျေးရွာနေ (ဘ) ဦးအောင်ကြည်၏သား အသက် (၅၂) နှစ်ရှိ ဦးတင်မြင့် ဆိုသူဖြစ်ပြီး ချိုင်းကျေးရွာ၏မြောက်ဘက် ချောင်းတစ်ဖက်ကမ်းရှိ ၄င်းပိုင် ယာခင်းမှအပြန် ချိုင်းကျေးရွား၏မြောက်ဘက် ပေ(၂၀၀) ခန့်အကွာ ငမင်ချောင်းကမ်းပါးဘေးအရောက် တောင်ကျချောင်းရေ တိုက်စားမှုကြောင့် ချောင်းကန်းပါးပြိုကျ၍ ရေစီးနှင့်အတူ မျောပါသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။


အဆိုပါ ချောင်းကမ်းပါးပြိုကျမှုဖြစ်ပွားရာနေရာသို့ သက်ဆိုင်ရာ တာဝန်ရှိသူများ ၊ ဒေသခံများက ငမင်ချောင်းရိုးတစ်လျှောက် လိုက်လံရှာဖွေနေကာ ယခု ညနေ (၅)နာရီ (၅)မိနစ် အချိန်ခန့်အထိ ရှာဖွေမတွေ့ရသေးကြောင်း ကနဦးသတင်း သိရသည် ။


အဆိုပါချောင်းတွင် ယမန်နေ့သြဂုတ်(၂၇)ရက် နံနက် (၉)နာရီခွဲ အချိန်ခန့်ကလည်း အမှတ်(၁၅၉)ပိတ်ဆွယ်ခုံအခြေခံပညာမူလတန်းကျောင်းမှ မူလတန်းပြ ( နေ့စား/လပေး ) ဆရာမတစ်ဦး တောင်ကျချောင်းရေ ရုတ်တရက်ကျဆင်းမှုကြောင့် ရေစီးနောက် မျောပါပျောက်ဆုံးခဲ့ပြီး ယနေ့ သြဂုတ်(၂၈)ရက် နံနက် (၇)နာရီ (၅၀) မိနစ်အချိန်ခန့်မှ သေဆုံးလျှက်ပြန်လည်တွေ့ရှိခဲ့သည် ။

ဗိုလ်ပြည့် ( တောင်တွင်းကြီး )

No comments: