Tuesday, August 30, 2016

ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်စေသည့် စစ်ရေးလှုပ်ရှားမှုများ မပြုလုပ်ရန် ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို

ရန်ကုန်၊ သြဂုတ် ၂၉

ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အနှောင့်အယှက် ဖြစ်စေသော မည်သည့် စစ်ရေး လှုပ်ရှားမှုမျိုးကိုမဆို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံးက ပြည်တွင်း၌ မပြုလုပ်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစုပင်လုံ(အကြို) ရခိုင် အရပ်ဘက်အဖွဲ့ အစည်းများက တောင်းဆိုလိုက်သည်။

သြဂုတ် ၂၈ ရက်က စစ်တွေမြို့ ခိုင်သဇင် အစည်းအဝေးခန်းမတွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ(အကြို) ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေးပွဲအပြီး၌ သဘောထားထုတ်ပြန် တောင်းဆိုလိုက်ခြင်း ဖြစ်သည်။

ယင်းဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၏  ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အဖွဲ့အစည်းတိုင်း ပါဝင်နိုင်ရန်၊ အရပ်ဘက် အဖွဲ့အစည်းများ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးရန်နှင့် ရခိုင်အရပ်ဘက် အဖွဲ့အစည်း အချင်းချင်းကြားတွင် ပူးပေါင်းပါဝင်မှု ပိုမို အားကောင်းလာရန် ဆက်လက် လုပ်ဆောင်ရမည့် အချက်များကို ဆွေးနွေးခဲ့ကြောင်း ၂၁ ရာစု ပင်လုံ ညီလာခံအကြို ရခိုင်အရပ်ဘက် အဖွဲ့ အစည်းများ ဆွေးနွေးပွဲ  ဖြစ် မြောက်ရေးကော်မတီဝင် ကိုစိုးနိုင်ထွန်းက ပြောသည်။

"၂၁ ရာစု ပင်လုံငြိမ်းချမ်းရေး ညီလာခံကို အရပ်ဘက် အဖွဲ့အစည်းတွေကြား ကျယ်ကျယ်ပြန့်ပြန့် သိစေချင်တာလည်းပါတယ်၊ ဒီညီလာခံက ထွက်လာတဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်မှာ ရခိုင်ပြည်နယ်က အရပ်ဘက် အဖွဲ့အစည်းတွေက တစုတစည်းတည်း ပါဝင်နိုင်ဖို့ကို ရည်ရွယ်ပါ တယ်" ဟု ၎င်းက ရှင်းပြသည်။

ထို့ပြင်  ရခိုင်အရပ်ဘက် အဖွဲ့အစည်းများအနေနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်နိုင်မှသာလျှင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် မြန်ဆန်အောင်မြင်ပြီး ရေရှည် တည်တံ့နိုင်မည်ဟု ယုံကြည်ကြောင်းနှင့် ငြိမ်းချမ်းရေး ကြိုးပမ်းမှုများကို အဟန့် အတားဖြစ်စေသော မတရားအသင်း ဥပဒေပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးထိန်းသိမ်းမှုများ မပြုလုပ်ရန် ဖမ်းဆီး ထိန်းသိမ်းခံထားရသူများကိုလည်း ပြန်လွှတ်ပေးရန် တောင်းဆိုကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် အရပ်ဘက်အဖွဲ့အစည်းများ အချင်းချင်းချိတ်ဆက်ပြီး ပြည်တွင်းစစ်များ ချုပ် ငြိမ်းကာ အားလုံးတန်းတူညီမျှသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိသော၊ တိုင်းရင်းသားများ အားလုံး လိုလားသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံတော် ဖြစ်ပေါ်လာစေရေးအတွက် အခြားသော တိုင်းရင်းသားများနှင့် လက်တွဲလုပ်ဆောင်မည်ဟု ထုတ်ပြန် ချက်တွင် ပါရှိသည်။

ထို့ပြင် ပြည်ထောင်စုအဆင့်နှင့် အမျိုးသားအဆင့် နိုင်ငံရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲများတွင် အမျိုးသမီးများ အနည်းဆုံး ၃၀ ရာခိုင်နှုန်း ပါဝင်သင့်ကြောင်းတို့ကို ထည့်သွင်းဆွေးနွေးထားကြောင်း ရခိုင် အရပ်ဘက်အဖွဲ့အစည်းများ ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ(အကြို) ရခိုင်အရပ်ဘက် အဖွဲ့အစည်းများ ဆွေးနွေးပွဲသို့ ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၇ မြို့နယ်မှ အရပ်ဘက် အဖွဲ့အစည်း ၇၈ ဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၂၃၄ ဦး တက်ရောက်ခဲ့ကြောင်း ဆွေးနွေးပွဲ ဖြစ်မြောက်ရေး ကော်မတီမှ သိရသည်။

No comments: