Monday, August 29, 2016

မြန်မာကလေးလုပ်သား ခြောက်သိန်းကျော် အန္တရာယ်ရှိအလုပ်တွင် လုပ်ကိုင်နေရ

နေပြည်တော်၊ သြဂုတ် ၂၉

မြန်မာနိုင်ငံတွင် ကလေးအလုပ်သမား ၁ ဒသမ ၁သန်းကျော် ရှိသည့်အနက် ခြောက်သိန်းကျော်မှာ အန္တရာယ်ရှိသည့် လုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်နေရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက သြဂုတ်လ ၂၉ ရက်နေ့ကထုတ်ပြန်သည့် အစီရင်ခံစားတွင် ဖော်ပြသည်။

လုပ်သားအင်အား၊ ကလေးလုပ်သားနှင့် အကျောင်းအပြီး လုပ်ငန်းခွင်ဝင်ရောက်မှု အကူးအပြောင်းဆန်းစစ်ခြင်း စစ်တမ်းအစီရင်ခံစာ- ၂၀၁၅ ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့(ILO)၏ အကူအညီဖြင့် လုပ်ဆောင်ခဲ့ပြီး အဆိုပါဝန်ကြီးဌာနက ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အသက် ၅နှစ်မှ ၁၇နှစ်အထိ ကလေးဦးရေ ၁၂သန်းကျော်ရှိပြီး ယင်းအနက် ကလေးလုပ်သား ၁၁၂၅၆၆၁ ဦး ရှိပြီး အန္တရာယ်ရှိသည့် လုပ်ငန်းတွင်လုပ်ကိုင်နေသည့် ကလေးလုပ်သားမှာ ၆၁၆၈၁၅ ဦးရှိကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

ကလေးအလုပ်သမားများ လျော့နည်းပပျောက်ရေးအတွက် အစိုးရအနေနှင့် မူဝါဒများ ချမှတ်ကာ လုပ်ဆောင်မည်ဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်က ပြောကြားသည်။

ကျောင်းလုံးဝ တက်နိုင်ခြင်း မရှိသည့် ကလေးလုပ်သား၊ အန္တရာယ်ရှိသည့် လုပ်ငန်းတွင် လုပ်ကိုင်နေရသည့် ကလေးလုပ်သားများတွင် ကျေးလက်ရှိ ကလေးများ၏ အရေအတွက်သည် မြို့ပြထက် နှစ်ဆခန့် ပိုများနေကြောင်း အစီရင်ခံစာတွင် ပါရှိသည်။

ကလေးငယ်များသည် တစ်ပတ်လျှင် ၅၂နာရီခန့် အလုပ်လုပ်ကိုင်နေကြပြီး တစ်ပတ်လျှင် အလုပ်လုပ်ရက် ခြောက်ရက်ဖြင့် တွက်လျှင် တစ်ရက်လျှင် ရှစ်နာရီမှ ၁၀နာရီအထိ အလုပ်လုပ်ကိုင်နေရကာ မိန်းကလေးများက ယောက်ျားလေးများထက် အလုပ်ချိန်အနည်းငယ်ပိုကြောင်း ယင်းအစီရင်ခံစာတွင် ဖော်ပြထားသည်။

ကလေးလုပ်သားများ အများစု လုပ်ကိုင်နေသည့် အန္တရာယ်ရှိသော အဓိက လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ သတ္တု တူးဖော်ခြင်း၊ ကုန်ထုတ်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းများ ဖြစ်ပြီး ယင်းလုပ်ငန်းများသည် ကလေးအများစု ကို ဖုန်၊ အခိုးအငွေ့၊ အန္တရာယ်ရှိသည့် စက်ပစ္စည်းများ၊ အပူ၊ အအေးနှင့် ဓာတုဗေဒပစ္စည်းများကို ထိတွေ့စေကြောင်း အစီရင်ခံစာတွင် ဖော်ပြသည်။

အဆိုပါ အစီရင်ခံစာကို ထုတ်ပြန်ရန် ၂၀၁၅ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ သုံးလကြာ ပြည်နယ်နှင့် တိုင်းဒေသကြီးတွင်ကောက်ယူခဲ့ပြီး ၂၀၁၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းတွင် သတ်မှတ်ခဲ့သည့် ကောက်ကွက် ရှစ်သောင်းကျော်အနက် နမူနာ ကောက်ကွက် ၁၅၀၀ မှ အိမ်ထောင်စု ၄၀၀၀၀ ကို စာရင်းကောက်ယူကာ ယင်းအစီရင်ခံစာကို ထုတ်ပြန်ခြင်းဖြစ်သည်။

သို့သော် နယ်မြေမတည်ငြိမ်မှု၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲသဖြင့် ကောက်ကွက် ၁၄၆၈ ကွက်နှင့် အိမ် ထောင်စု ၁၃၄၂၅ တို့တွင်သာ စာရင်းကောက်ယူနိုင်ခဲ့ပြီး ယင်းသို့စာရင်းကောက်မှုအတွက် ILO ၏ အထောက်အပံ့ဖြင့် လုပ်ဆောင်ခဲ့ရာ အမေရိကန်ဒေါ်လာ လေးသိန်းကျော် အသုံးပြုခဲ့ကြောင်း ဦးမျိုးအောင်က ဆိုသည်။

ဓာတ်ပုံ - EPA/Lynn Bo Bo

No comments: