Wednesday, August 31, 2016

သဘာဝဓာတ်ငွေ့ ပြည်ပတင်ပို့မှုလေးလအတွင်း ယခင်နှစ်ထက် ဒေါ်လာသန်း ၄၀၀ ခန့် လျော့ကျ

မြန်မာ−တရုတ်ဓာတ်ငွေ့ပိုက်လိုင်း (lngworldnews.com)
ရေနံ၊ သဘာဝဓာတ်ငွေ့ဈေးနှုန်း ကျဆင်းမှုကြောင့် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော သဘာဝဓာတ်ငွေ့ပြည်ပတင်ပို့မှုမှ ရရှိငွေသည် ယခု ဘဏ္ဍာနှစ် လေးလ ကျော်တွင် ယခင်နှစ် ကာလတူ ထက် အမေရိကန်ဒေါ်လာသန်း ၄၀၀ခန့် လျော့နည်းသွားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန(စီးပွားကူးသန်း)အမြဲတမ်းအတွင်းဝန်ဦးတိုးအောင်မြင့်ကပြောသည်။
ယခု ဘဏ္ဍာနှစ် လေးလကျော်အတွင်း ပြည်ပသို့သဘာဝဓာတ်ငွေ့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၇ဘီလီယံရှိပြီး ယခင်ဘဏ္ဍာနှစ်ကာလတူက ၂ဘီလီယံကျော်ရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းများတွင်ဖော်ပြထားသည်။
အစိုးရသစ်လက်ထက်ဧပြီမှ သြဂုတ်လဆန်းအထိ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍတွင်သွင်း ကုန်သည် ပို့ကုန်ထက်ပိုများပြီး ကုန်သွယ်မှုလိုငွေ အမေရိကန် ဒေါ်လာ ၁ဒသမ၅ဘီလီယံခန့်ရှိနေ သည်။ ကုန်သွယ်ရေး လိုငွေများရခြင်းသည် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများတင်သွင်းနေရခြင်း၊ သဘာဝဓာတ်ငွေ့၊ ကျောက်မျက်တင်ပို့မှုလျော့ကျခြင်းတို့ကြောင့် ပို့ကုန်ဝင်ငွေလျော့ကျခြင်းဖြစ်သည်ဟု ဦးတိုးအောင်မြင့်ကဆိုသည်။
‘‘ကုန်သွယ်မှု လိုငွေက မနှစ်ကလည်း ရှိနေတာပဲ။ ပို့ကုန်တိုးမြှင့်ဖို့အတွက်လည်း ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်’’ဟု ၎င်းက ဆိုသည်။
လက်ရှိအစိုးရသည်ရက်တစ်ရာအတွင်း ပို့ကုန်မြင့်တက်အောင် ဆောင်ရွက်ခြင်းထက် သွင်းကုန်ပိုင်းနှင့် ပတ်သက်၍ဖြေလျှော့မှုများသာပြုလုပ်နေသည်ဟု စီးပွားရေးလုပ်ငန်းရှင်အသိုင်းအ၀န်းက ဝေဖန်သည်။
‘‘ရက်တစ်ရာမှာ တိကျတဲ့လုပ်ဆောင်မှုမျိုးမတွေ့ရဘူး။ သွင်းကုန်ပိုင်းကိုပဲ ဦးစားပေးနေတယ်’’ဟု စီးပွားရေးပညာရှင်ဦးလှမောင်ကပြောသည်။
ကုန်သွယ်မှု မြှင့်တင်ရေးအ တွက် စီးပွားကူးသန်းဝန်ကြီးဌာနသည် ရက်တစ်ရာအတွင်း ကုန် သွယ်မှု အချက်အလက် ဘဏ္ဍာ တိုက်သစ်ဖွင့်လှစ်ခြင်း၊ နယ်စပ်စ ခန်းများတွင် သွင်းကုန်လိုင်စင်ရရှိ ပြီး တင်သွင်းရန်ကျန်ရှိနေသည့် ယာဉ်ယန္တရားများကို သွင်းကုန်လိုင်စင် သက်တမ်း တိုးမြှင့်ပေးခြင်း၊ နယ်စပ်ဒေသရှိ တစ်နိုင်တစ်ပိုင်ကုန်သည်များအတွက် တစ်နိုင်တစ်ပိုင်ကုန်သွယ်ရေးကတ်ကို ကျပ်သိန်း ၂၀ မှ သိန်း ၁၀၀ အထိနှင့် ကျပ်သိန်း ၃၀ မှ သိန်း ၁၅၀ အထိ တိုးမြှင့်ပေးခြင်း၊ ပို့ကုန်သွင်း ကုန်လိုင်စင်လျှောက်ထားရာတွင် အွန်လိုင်းစနစ်အသုံးပြုလာခြင်း၊ ပြည်ပသို့ တင်ပို့ရန်ကန့်သတ်ထား သောပို့ကုန်အမျိုးအစားအချို့ပြန် လည်တင်ပို့ခွင့်ပြုခြင်းတို့ ဆောင်ရွက်နိုင်ခဲ့သည်ဟုဆိုသည်။
ဝန်ကြီးဌာနသည် သွင်းကုန်ပိုင်းသာမက ပို့ကုန်ပိုင်းမြှင့်တင်နိုင်ရန်လည်း အမျိုးသားပို့ကုန်မဟာဗျူဟာအတိုင်း အကောင်အထည်ဖော်လုပ်ဆောင်နေကြောင်း မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ်ဦးအောင်စိုးကပြောသည်။
ပို့ကုန်မြှင့်တင်ရန် ယခင်အစိုးရလက်ထက်ကပင် ဆန်၊ ပဲမျိုးစုံစသောလယ်ယာထွက်ကုန်များ အပါအ၀င် ပို့ကုန်ခုနစ်မျိုးကို မဟာဗျူဟာရေးဆွဲဆောင်ရွက်ခဲ့သည်။
လက်ရှိ မြန်မာနိုင်ငံ၏ ကုန်သွယ်ဖက်မှာ တရုတ်နိုင်ငံဖြစ်ပြီး ၂၀၁၅ - ၁၆ ဘဏ္ဍာနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဒေါ်လာ ၁၄ ဘီလီယံခန့် ရှိနေသည်။
အဆိုပါဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ စုစုပေါင်းကုန်သွယ်မှုပမာဏသည် အမေရိကန်ဒေါ်လာ၂၇ဘီလီယံကျော်ရှိသည်။
ထို့ကြောင့် တရုတ်-မြန်မာနှစ်နိုင်ငံကုန်သွယ်မှုသည် ကုန်သွယ်မှု စုစုပေါင်း၏ ထက်ဝက်ကျော်ရှိနေသည်။
‘‘ကုန်သွယ်ရေး မြှင့်မယ်ဆိုရင် တရုတ်ကြီးကို မေ့လို့မရဘူး’’ ဟု မူဆယ်မြို့မှ သကြားကုန်သည် ဦးမင်းသိန်းကပြောသည်။
တရုတ်နိုင်ငံသည် မြန်မာနှင့်အဓိကကုန်သွယ်မှုနိုင်ငံဖြစ်သော်လည်း နယ်စပ်ကုန်သွယ်ရေးတွင် တရားဝင်ကုန်ပစ္စည်းများဝယ်ယူမှု မရှိပေ။ ယခုအချိန်တွင် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးကို တရားဝင်ဖြစ်ရန်ညှိနှိုင်းနေသည်။
စီးပွားကူးသန်းပြည်ထောင်စုဝန်ကြီးသည် လက်ရှိအစိုးရ ငါးနှစ်အတွင်း ပို့ကုန်သုံးဆမြှင့်တင်ဆောင်ရွက်ရန်ပြောထားသည်။ မြန်မာနိုင်ငံ၏ ပို့ကုန်ကဏ္ဍမြှင့်တင်မှုသည် တရုတ်နိုင်ငံကို မေ့ထား၍ မရကြောင်း စီးပွားရေးလုပ်ငန်းရှင် အချို့က ဆိုသည်။
လက်ရှိ ကုန်သွယ်မှုတွင် လိုငွေကြီးမားနေခြင်းကြောင့် ပြည်တွင်း၌ ငွေကြေး ဖောင်းပွမှုမြင့်တက်ပြီး ကုန်ဈေးနှုန်းကြီးနေရခြင်းဟု စီးပွားရေးပညာရှင်ဒေါက်တာ အောင်ကိုကိုကပြောသည်။
 ငွေကြေးဖောင်းပွမှုသည် ယခုအချိန်တွင် ၁၂ ဒသမ ၁၄ရာခိုင်နှုန်းရှိသည်ဟု မြန်မာနိုင်ငံဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ ၂၀၁၅ နှစ်ကုန်ပိုင်းတွင် မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုသည် ၁၁ ရာခိုင်နှုန်းကျော်ရှိသည်။

No comments: