Tuesday, August 30, 2016

မရီးဝမ်းကွဲကိုသတ်၍ တူမကိုလည်ပင်းညှစ်ခြိမ်းခြောက်မှု ဗဟန်းမြို့နယ်၌ဖြစ်ပွား

 


ရန်ကုန် သြဂုတ် ၂၉

သြဂုတ် ၂၉ ရက် နံနက် ၁ နာရီခွဲခန့်က ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက် ဥဿဖယား လမ်း တိုက်အမှတ် ၃၄ တွင် မရီးဝမ်းကွဲ တော်စပ်သူအားသတ်ပြီး တူမဝမ်းကွဲတော်စပ် သူ အသက်ကိုးနှစ်အရွယ်အား လည်ပင်းညှစ်ပြီး ခြိမ်းခြောက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်တွင် သေဆုံးသူ ဒေါ်ခိုင်မာလာ၏ ခင်ပွန်းဖြစ်သူ ဦးကျော်မြင့်၏အဒေါ် တော်စပ်သူ ဒေါ်တင်တင်အေးက ဗဟန်းမြို့နယ် မြို့မရဲစခန်း၌ အမှုဖွင့်တိုင်ကြားခြင်း ဖြစ်သည်။

အခင်းဖြစ်သည့်တိုက်သို့ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိချိန်တွင် ဒေါ်ခိုင်မာလာ (၄ဝ နှစ်)မှာ အခန်းအတွင်း၌ ပက်လက်အနေအထားဖြင့် သေဆုံးနေဟန်ရှိပြီး မျက်နှာ တွင် ညိုမည်းဒဏ်ရာများနှင့် ပါးစပ်တွင်သွေးထွက်ဒဏ်ရာများရှိကြောင်း အလောင်း သယ်ယူ ချိန်၌ နောက်စေ့ဒဏ်ရာတွေ့ရှိရကြောင်း ပြောပြသည်။
ရဲစခန်းတွင် တိုင်ကြားအမှုဖွင့်သူ ဒေါ်တင်တင်အေး၏ထွက်ဆိုချက်အရ အပေါ်ထပ် မှ အသံများ၊ ကလေးများငိုသံကြား၍ ခြံနှစ်ခြံကျော်တိုက်မှ ဒေါ်ညွန့်ညွန့်ရီနှင့် ဒေါ်စိုးစိုး တို့အား အဖော်ခေါ်၍ တက်ကြည့်ရာ အပေါ်ထပ်တွင် မီးမှောင်နေကာ ဘာမှမတွေ့ရဘဲ ဦးကျော်မြင့်၏ ညီဝမ်းကွဲတော်စပ်သူ အောင်ဇင်ဗိုလ်(ခ)ဘိတ်သားအား တွေ့ရပြီး မေးကြည့်ရာ ''ဘာမှမဖြစ်ကြောင်းနဲ့ မေ့ဆေးလေးပေးထားတာပါ။ မကြာမီ ပြန်သတိ ရလာမှာပါ''ဟု ပြောပြီး အောက်ထပ်သို့ အတူပြန်ဆင်းလာကာ ခေတ္တထိုင်စကား ပြောပြီး အောင်ဇင်ဗိုလ်(ခ)ဘိတ်သား ပြန်ထွက်သွားကြောင်း ထွက်ဆိုထားသည်။

အောင်ဇင်ဗိုလ်(ခ)ဘိတ်သား ထွက်သွားပြီးနောက် အပေါ်ထပ်သို့ အဖော်များနှင့် အတူ ပြန်တက်ပြီး မီးဖွင့်ကြည့်ရာမှ ဒေါ်ခိုင်မာလာ၏ မျက်နှာကို အင်္ကျီများဖြင့် အုပ်ထား ပြီး သေဆုံးနေဟန်ရှိကြောင်း သိရသည်။
ထို့အပြင် အသက်ကိုးနှစ်အရွယ် ဒေါ်ခိုင်မာလာ၏သမီးကြီးဖြစ်သူ ခိုင်ဇင်ကျော်အား ¤င်းက လည်ပင်းညှစ်ပြီး ခြိမ်းခြောက်မှုများပြုခဲ့ရာ လည်ပင်း၌ညှစ်ထားသည့် ဒဏ်ရာ များတွေ့ရှိရပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ထားရကြောင်း၊ မစိုးရိမ်ရသည့်အတွက် ညနေသတင်းမေးချိန်၌ ပြန်လည်ဆင်းလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ပြစ်မှုကျူးလွန်သူ အောင်ဇင်ဗိုလ်(ခ)ဘိတ်သားမှာ ယခင်အိမ်ဟောင်းက အတူနေ အိမ်ထောင်စုဝင်တစ်ဦးဖြစ်ကာ နိုင်ငံခြားသို့ထွက်သွားပြီး ယခု မြိတ်တွင် နေထိုင် ကြောင်း သိရသည်။ ဗဟန်းမြို့မရဲစခန်းတွင် တွေ့ရသော ရန်ကုန်အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်သိန်းဦးက ''ဘယ်သူဘယ်ဝါဆိုတာ သိနေရတဲ့အတွက် အမြန်ဆုံးဖမ်းမိတော့မှာပါ''ဟု ဆိုခဲ့သည်။

ကိုကြီးတင်
Myanmaalinn

No comments: