Wednesday, August 31, 2016

ဝန်ကြီးဌာနများ၏ မသမာမှုများကို ဖော်ထုတ် တိုင်ကြားရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ တိုက်တွန်း



နေပြည်တော်၊ သြဂုတ် ၃ဝ

ဝန်ကြီးဌာနများ အပါအဝင် အခြား အဖွဲ့အစည်းများ၏ မသမာသော လုပ်ဆောင်မှုများကို အရေး ယူနိုင်သည့် အဆင့်အထိ ရောက်ရှိအောင် တိကျစွာ ဖော်ထုတ် တိုင်ကြားကြရန် လိုအပ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များကို တိုက်တွန်း ပြောကြားလိုက်သည်။

သြဂုတ်လ ၃ဝ ရက်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇမ္ဗူသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က အစိုးရ လေလံ တင်ဒါ ခေါ်ယူမှုများ လုပ်ဆောင်ရာတွင် ဥပဒေ၊ နည်းဥပဒေ လိုက်နာမှု အားနည်းချက်များကို မေးမြန်းခြင်းနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ဖြေကြားခြင်းတို့ အပြီးတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ကိုယ်က ဒါတွေ သိနေပြီ။ ဒါတွေ ဖြစ်နေပြီဆိုရင် ကိုယ်ကိုယ်၌က အားထည့်ပါ။ အားစိုက်ပါ။ အမှု တည်ဆောက်ပါ။ တိုင်ပါ။ တိုင်တဲ့ ဝန်ကြီးဌာနပဲဖြစ်ဖြစ် တိုင်တဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းပဲဖြစ်ဖြစ် အရေး မယူဘူး၊ ဘာမှမလုပ်ဘူးဆိုရင် အရေးယူတဲ့အထိ ဖြစ်အောင် ဆက်လုပ်ရမယ်”ဟု ဦးဝင်းမြင့်က ပြောကြားသည်။

လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် ယေဘုယျ ဆွေးနွေး ပြောဆိုနေခြင်းထက် ဖြစ်စဉ် တစ်ခုစီတွင် တိကျ မှန်ကန်မှုနှင့် အထောက်အထား ခိုင်လုံစွာဖြင့် ထောက်ပြ ဖော်ထုတ်၍ တိုင်ကြားကြရန် လိုအပ်ပြီး လွှတ်တော်၌ ဆွေးနွေး၊ မေးမြန်း၊ အဆိုတင်နေခြင်းထက် ထိုသို့ လုပ်ဆောင်နိုင်မှသာ အပြောင်းအလဲ တစ်ရပ်ကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

“ကိုယ်စားလှယ်တွေမှာ တာဝန်ရှိတယ်။ လုံးဝ တာဝန်ရှိတယ်။ တိတိကျကျ ကိုယ့်ဘက်ကလည်း ပြော။ မှန်မှန်ကန်ကန် ပြော။ ချုံ့လည်း မပြောနဲ့ ချဲ့လည်း မပြောနဲ့။ အပိုလည်း မပြောနဲ့ အလိုလည်း မပြောနဲ့။ အရှိအတိုင်း မှန်မှန်ကန်ကန်လည်း လုပ်ပေးဖို့တော့ လိုတယ်။ အဲ့ဒါ ကျွန်တော်တို့ ကိုယ်စားလှယ်တွေ နည်းနည်း အားထည့်ကြပါ။ အားစိုက်ကြပါ”ဟု ဦးဝင်းမြင့်က ထပ်လောင်း ပြောကြားသည်။

ယင်းကိစ္စသည် လွှတ်တော်တွင် တင်ပြ ဆွေးနွေးနေခြင်းနှင့် မေးမြန်းခြင်း၊ အဆို တင်ခြင်းများသည်လည်း ဆွေးနွေး ပြောဆိုပြီးပါက မေ့ပျောက် သွားနိုင်သည့် သဘော ရှိသောကြောင့် အထက်ပါအတိုင်း ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။

No comments: