လွန်ခဲ့တဲ့ဆယ်စုနှစ် နှစ်ခုစာလောက်ကတည်းက ပြည်သူတွေ ‘ဆီကိုရေချိုး ဆေးရိုးမီးလှုံ’ စားနိုင်သောက်နိုင် လှူဒါန်းနိုင်ကြပါစေဆိုတဲ့ စေတနာက စေ့ဆော်တယ်ထင်ပါရဲ့။ ဘဘဗိုလ်ချုပ်ကြီးတွေ ဒို့တာဝန်အရေးသုံးပါးနဲ့ ယားလို့တောင်မကုတ်အားအောင် အလုပ်များနေတဲ့ကြားထဲက စာအုန်းဆီတွေ တင်သွင်းပေးရှာတယ်။ အလုပ်ကို မလုပ်ရရင်မနေနိုင်လောက်အောင် ရှာဖွေလုပ်နေရမှကျေနပ်တဲ့ ဗိုလ်ချုပ်ကြီးတွေက ဦးပိုင်ဆိုတဲ့ ကုမ္ပဏီလေးရဲ့အကူအညီနဲ့ စားသုံးသူတွေ ဆီအတွက် ရတက်မပွေရအောင် မလေးရှားကနေလိုသလောက် ဝယ်ပေးရှာတာ။ ဘာပြောကောင်းမလဲ ဝက်သားတုံးကြီး လက်သီးဆုပ်လောက်မှ ဟင်းလို့ထင်တဲ့ ကျွန်မတို့ ရွှေမြန်မာတွေကလည်း ထမင်းဝိုင်းမှာ ဆီမပါပြားမပါ မစားတတ်လေတော့ဟင်းချက်ရင် ဆီကလက်ကြားယိုပေါ့။
နောက်ဆုံးတော့ စားအုန်းဆီတင်သွင်းတဲ့ အဘတွေ သုံးမကုန်ဖြုန်းမကုန်နိုင်အောင် ချမ်းသာသွားကြသလို စားသုံးသူပြည်သူတွေလည်း ပေါများပြီး ကျန်ခဲ့တာပါပဲ။ ရောဂါတွေလေ။ နှလုံးသွေးကြောကျဉ်း၊ အသည်းအဆီဖုံး၊ အဝလွန်၊ သွေးတိုး၊ ဆီးချို၊ လေဖြတ်။ စားအုန်းဆီကပေးတဲ့ ဝေဒနာတွေနဲ့ ပတ်လည်ရိုက်ကျန်ခဲ့ပါတော့တယ်။ ရောဂါတွေက ထူပြောပါတယ်ဆိုမှ ခေတ်ကြီးက မကောင်း။ ကျွန်မတစ်သက် ဖတ်လာသမျှ သတင်းစာတွေထဲ အခုအစိုးရ လက်ထက်လောက် မှုခင်းပေါတာ မကြုံဖူးပေါင်။ ရွတ်လိုက်ရတဲ့ သမ္ဗုဒ္ဓေ။ ကြောက်တာကိုး။
အရင် အစိုးရမင်းတွေက ဘုရားနဲ့တရားနဲ့နော်။ နေ့စဉ်ထုတ်သတင်းစာတွေမှာ ကြိုက်တဲ့မျက် နှာဖုံးကိုရှိုးလိုက် အလှူရေစက်လက်နဲ့မကွာတဲ့ ဘဘဗိုလ်ချုပ်ကြီးတွေရဲ့ပုံတွေမှ ပြူးလို့။ တာဝန်တွေဗရပွနဲ့ မအားလွန်းလို့ စစ်ယူနီဖောင်းကြီးတွေ မလဲပေမယ့် တဘက်အဖြူတွေ စလွယ်သိုင်းလို့ ဘုရားထီးတင်၊ တံတား၊ ကျောင်းကန်၊ သိမ်၊ ဇရပ်တွေလှူဒါန်း ရေစက်ချနေတာများ စစ်ဝတ်စုံတကားကားနဲ့ သာဓုခေါ်ချင်စရာအပြည့်။ အမျိုးဘာသာသာသနာကို စစ်သွေးစစ်မာန်အပြည့်နဲ့ စောင့်ရှောက် ကာကွယ်ခဲ့လေတော့ တိုင်းပြည်နဲ့အဝန်း တိတ်ဆိတ်ငြိမ်သက်နေတာများ ဘယ်ခေတ်နဲ့မှကိုမတူ။ သတင်းစာတွေထဲမှာ အမှုအခင်းသတင်းဆိုတာများ ဖတ်ချင်လို့တောင်မရှိ။ ငါးလောင်းပြိုင်ကတော့ ခြွင်းချက်ပေါ့လေ။ ၁၉၈၈ မှာ၊ ၂၀၀၇ မှာ လက်သည်တွေ့နေရတာတောင် သူသတ်တာလို့ လက်ညှိုးထိုးရဲလို့လား။ သန်းငါးဆယ်မှာ မိသားစု ငါးယောက်သေလို့ လက်သည်မပေါ်တာလောက်တော့ စာဖွဲ့မနေနဲ့တော့ပေါ့။ လူသတ်သမားက ကိုယ်ပျောက်ဝိဇ္ဇာလည်း ဖြစ်ချင်ဖြစ်နေမှာကိုး။
အခုများတော့ ကြောက်လိုက်ရတာဆိုတာလေ သတင်းစာ မကိုင်ရဲဘူး။ အရင်ခေတ်က သတင်းစာတွေဆို နောက်ကျောကပဲစလှန်တာ။ အရှေ့စာမျက်နှာက လှန်စရာမလိုဘူးလေ။ မနေ့ကသတင်းနဲ့ ဒီနေ့သတင်း အတူတူပဲလေ။ နေ့စွဲပဲ ပြောင်းသွားတာ။ ဗိုလ်ချုပ်တွေရဲ့ ကောင်းမှုတော် သတင်းတစ်ခုခုပဲပါမှာမို့လို့ အရှေ့ဖုံးက ဖတ်စရာကိုမလိုဘူး။ နောက်ဖုံးကျတော့လည်း မိုးလုံးပြည့် မုသာဝါဒတွေနဲ့ လိမ်နေညာ နေပြည်သူကိုရန်တိုက်ပေးနေတဲ့ ကမ္ဘာ့မီဒီယာတွေရဲ့ လိပ်စာတွေ ရေးပေးထားတာဆိုတော့ အပြောင်းအလဲ မရှိ။ နာရေးသတင်းတစ်ခုပဲ မနေ့ကသေတဲ့သူနဲ့ ဒီနေ့ သေသူမတူဘူးဆိုတော့ နာရေးကြော်ငြာပါတဲ့ သတင်းစာနောက် ကျောဖုံးရဲ့ အတွင်းစာမျက်နှာပဲ ဖတ်စရာလိုတာလေ။ ပြည်သူတွေ သောကကင်းဝေးနေထိုင်ရေးကို အလေးထားတဲ့ နေ့စဉ်ထုတ်သတင်းစာတွေဆို ဖတ်ရတာ အလန့်တကြားမဖြစ်ကြရဘူးပေါ့။ အဘတို့စေတနာတွေ မမေ့ကြနဲ့။
အခု ဦးထင်ကျော်အစိုးရကတော့ အဲဒီလိုမဟုတ်ဘူးရယ်။ သတင်းစာတစ်စောင်လုံးဟာ ရင်သိမ့်တုန်တွေနဲ့ အပြည့်။ ရည်းစားကို ကတ်ကြေးနဲ့ထိုးသတဲ့။ မျက်နှာ အက်စစ်နဲ့ပက်သတဲ့။ ၁၅၀၀ မေတ္တာမို့ ပူလောင်သလားမှတ်တယ်။ ၅၂၈ မေတ္တာတွေကလည်း ငရဲမီးလိုပါပဲလား။ သားက အမေ့ကိုဓားနဲ့ထိုးသတဲ့။ အဖေက သမီးကို မယားလုပ်ပြန်သတဲ့။ အဘွားက မြေးကို ရောင်းစားသတဲ့။ တစ်နေ့တည်း၊ တစ်နိုင်ငံတည်းက တစ်မိသားစုလုံးကို ကိစ္စတုံး လူသတ်မှု လေးလောင်းပြိုင်၊ သုံးလောင်းပြိုင်တွေက သတင်းစာ ဖတ်နေရင်းကို အိမ်တံခါးထပိတ်ရတဲ့အထိ သွေးပျက်စရာ။ လမ်းသွားရင်း ဆိုင်ကယ်ပေါ်ကနေ ပိုက်ဆံအိတ်လုသွားတာတို့၊ပစ္စည်းလုပြီး တက္ကစီပေါ်က တွန်းချခဲ့တာတို့ကတော့ ကြားရပါများလို့ ရိုးတောင်နေပြီ။
နှစ်ပေါင်းများစွာ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ခြစားနေတဲ့ ရဲစခန်းတွေ၊ တရားရုံးတွေကြောင့် ရာဇဝတ်မှု ကျူးလွန်သူတွေက ထောင်မကြောက်တန်းမကြောက် ဖြစ်ကုန်ကြတာတစ်မျိုး စီးပွားရေး ချွတ်ခြုံကျနေတဲ့အတွက် တိုင်းပြည်မှာ အလုပ်အကိုင်ရှားပါးနေတာကလည်း ဒုစရိုက်သမားတွေပွားလာစေခြင်း အကြောင်းတွေပေါ့။ အဆုံးမှာတော့ ပြည်သူတွေစားဝတ်နေရေး သိပ်ခက်ခဲနေပြီဆိုတာပို၍ပို၍ ကိုယ်ထင်ပြနေတဲ့သဘောပဲ။
နူရာဝဲစွဲ၊ လဲရာသူခိုးထောင်း၊ ဖွတ်ကျောပြာစု အဲဒီလိုဒုက္ခ အပေါင်း ခညောင်းနေပြီဆိုမှ မပဋာကိုဒါသ ဇာတ်ကလာပြီး ရေနစ်သူဝါးကူလို့ထိုးသေးတယ်။ လူတင်မက သဘာဝကြီးကပါ နှိပ်စက်သေးတာ။ ရေတွေကြီး၊ ကမ်းတွေပြို၊ ငလျင်လှုပ်။ အစစအရာရာ ဈေးတွေကြီး ကုန်ဈေးနှုန်းအောက်မှာ မြန်မာပြည်သူတွေ ပြားပြားကို မှောက်လျက်ပါ။
နာလန်ထူဖို့ အတော်နှာနှပ်ယူရမယ့်အနေအထား။ နယ်မြို့တွေလို တဲဖြစ်ဖြစ်၊ တိုက်ဖြစ်ဖြစ် ကြမ်းခုနစ်ချောင်းနဲ့ပဲ နေရနေရ နေစရာအတွက် ခေါင်းမခဲဘဲ ထမင်းတစ်ဝမ်းရှာစားလို့ရပေမယ့် ရန်ကုန်မှာကျတော့ နေစရာဒုက္ခကြီးစွာသော စိန်ခေါ်မှုကြီး။ အလုပ်ရှာရလွယ် ပေမယ့် ကျောတစ်ခင်းစာက မလွယ်ဘူး။
၂၀၀၈ နာဂစ်ကျမ်းကြီးထဲမှာတော့ နိုင်ငံသားတစ်ယောက် သည် နိုင်ငံတော်အတွင်း လွတ်လပ်စွာ နေထိုင်နိုင်ခွင့်မရှိလို့ လမ်းဘေးတဲထိုးနေတာ ဘူဒိုဇာကြီးနဲ့ ထိုးကော်ပစ်လို့ ကိုယ်ကျိုးနည်းကုန်ပါရောလား။ ဘယ်သူ့ အပြောမှမခံရအောင် အိမ်ငှားနေမယ်။ မာနမကြီးနဲ့ အိမ်ငှားဈေးကြီး လိုက်ရင် မာနပါ အပေါင်ဆိုင် ရောက်သွားမယ်။ fb ဘာသာစကားနဲ့ ပြောရရင်တော့ သေသွားမယ် ရှင်သွားမယ် မသေမရှင် ဖြစ်သွားမယ်ဆိုမျိုးတာလိုပေါ့။ ရန်ကုန်က အိမ်ငှားခ တစ်လဈေးနှုန်း ဘာမှတ်နေသလဲ။
မြေညီထပ် နှစ်သိန်းကျော် ၆ လွှာ အပေါ်ဆုံးထပ် တစ်တစ်သိန်းကျော်။ အဲဒါ တစ်ဝဂူတိုက်ခန်းနော်။ အဝင်အထွက် တံခါးတစ်ပေါက်ပဲရှိတဲ့ စာကလေးအိမ်ကလေးတွေ။ စာကလေးကမှ ကိုယ့်ထက်သာသေး၊ အစာသွားရှာရင် ဘတ်စ်ကားစီးစရာမလိုဘူး။ လူ စာကလေးတွေက ဒရိုင်ဘာ ကြောက်ရသေး၊ စပယ်ယာကို မျက်နှာချိုသွေးရသေး၊ ခါးပိုက်နှိုက်ကြောက်ရသေး။ အခုတစ်ခါ စာကလေးအိမ်တွေပေါ်ကနေ ပလက်ဖောင်းခေါင်းအုံးအိပ်ရ တော့မလား မပြောတတ်ဘူး။ သတင်းစာထဲမှာပါတဲ့ သတင်းတစ်ပုဒ်က အခြေအနေမကောင်းဘူး။
အဲဒါပြောတာပေါ့။ သတင်းစာဖတ်ခါနီး သွေးကျဆေးအရင် ရှာထားတာပါလို့။ သြဂုတ် ၂၆ ရက်နေ့ 7Day သတင်းစာထဲမှာ ‘ရန်ကုန်မြို့တွင် ကွန်ဒိုများ၊ အဆင့်မြင့်လုံးချင်းအိမ်ရာများ ဈေး မြင့်တက်လာမှုကြောင့် မြို့တွင်း မြို့နယ်များရှိ ကန်ထရိုက်တိုက် များတွင် နိုင်ငံခြားသားများ ငှားရမ်း နေထိုင်မှုများလာ’ ဆိုတဲ့သတင်း။ သေပြီဆရာပဲ။ သေချာတယ် အိမ်ငှားခတွေ ဈေးတက်တော့မယ်။ နိုင်ငံခြားသားတွေ လာငှားပြီဆိုမှတော့ မတက်ခံနိုင်ပါတော့မလားကွယ်။ တကယ့်ကို သွေးတိုးစေတဲ့သတင်း။ အလုပ်မှာလခတိုးဖို့တာ မသေချာတာ အိမ်လခကတော့ တိုးပေးရတော့မယ်။
ဘယ်သူမှ မကယ်နိုင်ကြတော့ဘူးလား။ အိမ်ဈေးတွေ၊ မြေဈေးတွေ ပေါင်းလန်အောင် ဈေးတက်နေတဲ့ကိစ္စ။ အိုးအိမ်အပိုင် မရှိတဲ့ ဝန်ထမ်းတွေရဲ့ဒုက္ခ။ ဘယ်သူတွေ ကြည့်ကောင်းလို့ ဆက်ကြည့်နေကြတာပါလဲ။ ရတဲ့လခတစ်ဝက်ကို အိမ်လခပေးနေရတဲ့ ဘဝ။ အခုအိမ်လခတွေ ထပ်ပြီး ဈေးတက်ရင် စားဖို့ထားတဲ့အထဲက ဖဲ့ပေးရတော့မယ်။ အစားလျှော့စားရတော့မယ်။ သက်ဆိုင်သူများ ကြံကြပါဦး။ မတ်တတ်စာ ပဲရှိပြီး တုံးလုံးစာ မစုဆောင်းနိုင်တဲ့ ပြည်သူတွေ အရေးရယ် အကြောင်းရယ် ပေါ်လာရင်၊ ဖျားရင်၊ နာရင် ကျန်းမာရေးအတွက် ကုန်စရာငွေမရှိလို့ကို ငုတ်တုတ် အသေခံရမယ့်ဘဝ။
တစ်ဝဂူအသိုက်ထဲက အတောင်ပံမပါတဲ့ စာကလေးတွေမှာလည်း အစာအိမ်ရှိပါတယ်။ အသက်ရှင်ဖို့အတွက် အာဟာရလေး မျှတအောင်တော့ မှီဝဲချင်ပါတယ်။ သနားသောအားဖြင့် အငှားခသက်သာသော နေစရာအသိုက်လေးများ၊ အိပ်တန်းကလေးများ ဖန်တီးပေးကြပါလို့ အသနားခံလိုက်ရပါတယ်။ ။
No comments:
Post a Comment