Friday, July 17, 2015

အသည်းရောင်အသားဝါဘီရောဂါ ကုလို့ရပါပြီ ============================

အသည်းရောင်အသားဝါဘီရောဂါ ကုလို့ရပါပြီ ============================ အပိုင်း (၁) ပါမောက္ခ ဦးခင်မောင်ဝင်း(အသည်း) အသည်းရောင်အသားဝါဘီရောဂါလို့ပြောရင် ကုလို့ မရတဲ့ ရောဂါပါလို့ ပြည်သူလူထုကရော ဆေးလောက ကပါ ယူဆထားကြပါတယ်။ ဘီပိုးဆိုတာ ဘယ်တော့မှ မပျောက်ဘူးလို့ ပြောကြပါတယ်။အခုခေတ်မှာတော့ ဘီပိုး ဆိုတာ ပျောက်အောင်ကုလို့ရနေပါပြီလို့ ပြောချင်ပါ တယ်။ ဒါကြောင့် ဘီပိုးပျောက်အောင် ဘယ်လိုကုရမယ် ဆိုတာကို အခန်းဆက်ပြောသွားပါမယ်။ အဲလို ဘီပိုးပျောက်အောင် ကုနည်းတွေကို မပြောခင်မှာ ဘီပိုးနဲ့ပတ်သက်တဲ့ သိသင့်တဲ့အကြောင်းတွေကို နည်း နည်းပြောပြချင်ပါတယ်။ ဒီလို ဘီပိုးရောဂါ ပျောက်အောင်ကုသနည်း ဆောင်းပါး တွေရေးတဲ့အခါမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ၂ဝ၁၅ ခုနှစ် မတ်လထုတ် ဘီပိုးကာကွယ်စောင့်ရှောက်ရေးနဲ့ ဘီပိုး နာတာရှည်ပိုး သယ်ဆောင်သူများအား ကုသရေးလမ်း ညွှန်စာအုပ်ကို မှီငြမ်းပြီး စာရေးသူရဲ့ ကိုယ်တွေ့၊ အတွေ့ အကြုံ၊ မြန်မာပြည်ရဲ့ အသည်းရောင်အသားဝါဘီရောဂါ အခြေအနေတွေနဲ့ ပေါင်းစည်းရေးသား တင်ပြသွားမှာ ဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီရောဂါ အသည်းရောင်အသားဝါပိုးတွေဖြစ်တဲ့ အေ၊ ဘီ၊ စီ၊ ဒီ၊ အီး၊ ဂျီ ထဲက ဘီလို့သတ်မှတ်ထားတဲ့ အသည်းရောင် အသားဝါပိုးတစ်မျိုး ဖြစ်ပါတယ်။ ဒီအသည်းရောင်အသားဝါ ရောဂါပိုးတွေဟာ ထူးထူး ခြားခြား အသည်းတစ်ခုတည်းကိုပဲ တိုက်ခိုက်ထိခိုက်စေ ပြီး အဝါဓာတ်တွေ များနေတယ်။ အသည်းရောင်တဲ့ လက္ခဏာတွေ ဖြစ်ပေါ်စေတာပါ။ ဒီဗိုင်းရပ်စ်တွေဟာ အသည်းအပြင် တခြားကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို မထိခိုက်တတ်ပါဘူး။ အသည်းရောင်အသားဝါဘီရောဂါပိုးကို ပထမဦးစွာ ဒေါက်တာဘလင်ဘဒ် (Blunberg) က စတင်တွေ့ရှိခဲ့ တယ်လို့ တစ်ကမ္ဘာလုံးက သိကြပါတယ်။ တကယ်တော့ အသည်းရောင်အသားဝါ ရောဂါပိုးကို ဒေါက်တာ ဘလင်ဘဒ်နဲ့ ဒေါက်တာ ပရင့်စ် (Alfred Prince) တို့ ပူးတွဲတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဘီပိုးကိုစတင်တွေ့ရှိခဲ့တဲ့အတွက် နိုဗယ်လ်ဆုချီးမြှင့်ဖို့ ကမ်းလှမ်းလာတဲ့အခါမှာ ဒေါက်တာပရင့်စ်က နိုဗယ်လ်ဆု ကို မယူလိုဘူးလို့ ငြင်းဆန်လိုက်ပါတယ်။ အဲဒီအတွက် ဒေါက်တာဘလင်ဘဒ် တစ်ယောက် တည်းကပဲ အသည်းရောင်အသားဝါဘီပိုးကို စတင်တွေ့ ရှိခဲ့သူအဖြစ် သတ်မှတ်ခံရပြီး နိုဗယ်လ်ဆုရရှိခဲ့ပါတယ်။ ဒါကြောင့် ယနေ့အထိ အသည်းရောင်အသားဝါဘီရော ဂါပိုးကို စတင်တွေ့ရှိခဲ့ပြီး နိုဗယ်လ်ဆုရတဲ့သူလို့ ဒေါက်တာ ဘလင်ဘဒ်ကိုပဲ တစ်ကမ္ဘာလုံးက သိရှိခဲ့ပါတယ်။ အဲလို အသည်းရောင်အသားဝါ ဘီရောဂါပိုးကို ဒေါက်တာ ဘလင်ဘဒ်နဲ့အတူတွဲပြီး တွေ့ရှိခြဲ့ပီး နိုဗယ် ဆုမရရှိခဲ့တဲ့ ဒေါက်တာပရင့်စ်နဲ့ စာရေးသူဟာ အထူး ရင်းနှီးပါတယ်။ ဒေါက်တာပရင့်စ်ဟာ မြန်မာပြည်ကို လေး ခေါက်လာရောက်ခဲ့ဖူးပါတယ်။ ကမ္ဘာတစ်ဝန်းဖြစ်နှုန်းများ အသည်းရောင်အသားဝါဘီရောဂါပိုး ဝင်ထားတဲ့သူ၊ ဖြစ်ဖူးတဲ့သူတွေဟာ ကမ္ဘာပေါ်မှာ ဘီလီယံ ၂ဝ လောက် ရှိပါတယ်။ အဲဒီလို ဘီပိုးဝင်ခဲ့ဖူးတဲ့သူတွေ ဘီလီယံ ၂ဝ ထဲက သန်း ၂၄ဝ လောက်ဟာ ဘီပိုးနာတာရှည် သယ် ဆောင်တဲ့သူတွေ ဖြစ်သွားပါတယ်။ (ကမ္ဘာ့ကျန်းမာရေး အဖွဲWHO ရဲ့ ၂ဝ၁၅ နှစ် ခန့်မှန်း) အဲဒီလို ဘီပိုးနာတာရှည် သယ်ဆောင်ထားသူတွေရဲ့ ၂ဝ ရာခိုင်နှုန်းနဲ့ ၃ဝရာခိုင်နှုန်းလောက်ဟာ အသည်း ခြောက်၊ အသည်းကင်ဆာဖြစ်သွားကြပါတယ်။ ဒါကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ခန့်မှန်းချက်ကို ပြောရမယ်ဆိုရင် တစ်နှစ်မှာ လူပေါင်းခြောက်သိန်းငါးသောင်း(၆၅ဝဝဝဝ) လောက်ဟာ အသည်းရောင်အသားဝါဘီရောဂါပိုးရဲ့ နာတာရှည် အကျိုးဆက်တွေကြောင့် အသည်းခြောက် အသည်းကင်ဆာတွေဖြစ်ပြီး သေကုန်ကြတယ်လို့ ယူဆ ရပါတယ်။ ဒီလို သေဆုံးကြတဲ့ လူနာအများစုဟာ သူတို့ကိုယ်သူတို့ ဘီပိုးရှိတယ်ဆိုတာကို မသိကြဘဲ နာတာရှည်အသည်း ရောဂါလက္ခဏာတွေပြပြီဆိုမှပဲ ဘီပိုးရှိမှန်း သိကြပါတယ်။ အဲဒီလို နာတာရှည်ဘီပိုး သယ်ဆောင်ထားသူတွေဟာ ကမ္ဘာအဝန်း ဖြစ်နှုန်းတွေ ကွဲပြားခြားနားမှု ရှိပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဘီပိုးဖြစ်နှုန်းဟာ များပြီးတော့ ဖွံ့ဖြိုး ပြီးနိုင်ငံတွေမှာတော့ ဘီပိုးဖြစ်နှုန်းဟာ နည်းပါတယ်။ ဘီပိုးရောဂါဖြစ်နှုန်းတွေပေါ်မှာ မူတည်ပြီးတော့ ဘီပိုး နာတာရှည်သယ်ဆောင်သူဦးရေ အနည်းအများအလိုက် ဒေသ လေးမျိုးခွဲထားပါတယ်။ ( က ) အများဆုံးနိုင်ငံတွေ (၈ ရာခိုင်နှုန်းထက်များ) ( ခ ) အသင့်အတင့်များ (၅ မှ ၇ ရာခိုင်နှုန်း) ( ဂ ) အသင့်အတင့်နည်း (၂ မှ ၄ ရာခိုင်နှုန်း) ( ဃ ) နည်း (၂ ရာခိုင်နှုန်းအောက်) ဘီပိုး ရောဂါကူးစက်ပုံ ဘီပိုးရောဂါကူးစက်မှုနှုန်းဟာ အသည်းရောင်အသားဝါ စီပိုးရောဂါ ကူးစက်မှုနှုန်းထက် အဆတစ်ရာပိုများပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်- အသည်းရောင်အသားဝါ စီရောဂါပိုး ကူးစက်ဖို့ဆိုရင် ပုံမှန်အိုလံပစ်ဆိုဒ် ရေကူးကန်တစ်ခုထဲကို စီပိုးပါတဲ့သွေး တစ်ဂါလန်လောက် ထည့်ဖို့လိုပါတယ်။ ဒါပေမယ့် အသည်းရောင်အသားဝါ ဘီပိုးရောဂါ ကူး စက်ဖို့အတွက်တော့ ဘီပိုးပါတဲ့သွေး ထမင်းစားဇွန်းကြီး တစ်ဇွန်းလောက်ထည့်တာနဲ့ အားလုံးကို ကူးစက်နိုင် ပါတယ်။ ဘီပိုး ရောဂါကူးစက်ပုံနည်း နှစ်နည်း အသည်းရောင်အသားဝါဘီပိုး ကူးစက်ပုံကို အဓိက အားဖြင့် နည်း နှစ်နည်းရှိတယ်လို့ သတ်မှတ်ပြောဆို နိုင်ပါတယ်။ (က) မိခင်မှ ကလေး ကူးစက်ခြင်း ဘီပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးတွေကို ကူး စက်တာကတော့ ဘီပိုးကူးစက်မှုရဲ့ ၈၅ ရာခိုင်နှုန်းအထိရှိ တဲ့ အဓိကကူးစက်မှုနည်းတစ်နည်း ဖြစ်ပါတယ်။ (ခ) ဘီပိုးရှိတဲ့သူကနေ တခြားလူတွေကို ကူးစက်ခြင်း ဘီပိုးရှိတဲ့သူတွေ ဆိုလိုတာက ဘီပိုးကို နာတာရှည် သယ်ဆောင်ထားတဲ့သူတွေနဲ့အတူတူ နီးနီးစပ်စပ်အကြာ ကြီး နေတဲ့သူတွေကို ဘီပိုး ကူးစက်နိုင်ပါတယ်။ ဒါမှမဟုတ် ဘီပိုးရှိတဲ့သူတွေနဲ့လိင်ဆက်ဆံရင်လည်း ဘီပိုး ကူးစက်နိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဘီပိုးကို လိင် ဆက်ဆံတာကနေ ကူးစက်နိုင်တဲ့ ရောဂါ(Sexually Transmitted Disease STD) ရောဂါတစ်ခုလို့ သတ် မှတ်နိုင်ပါတယ်။ ဒီလို ဘီပိုးရှိတဲ့သူကနေ တခြားသူတွေကို ကူးစက်နိုင် တာဟာ အဓိကကူးစက်နိုင်တဲ့ နည်းလမ်းတစ်ခု မဟုတ်ပါ။ မိခင်ကနေ ကလေးကို ကူးစက်တဲ့နည်းလမ်းကသာ အသည်းရောင်အသားဝါဘီရောဂါ အဓိကကူးစက်တဲ့ နည်းလမ်းတစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံနဲ့ ဘီပိုးရောဂါ မြန်မာပြည်မှာ ဘီပိုးရောဂါဖြစ်နှုန်းဟာ ၁ဝ ရာခိုင်နှုန်း လောက်ရှိပါတယ်။ ဒါကြောင့် မြန်မာပြည်ရဲ့ လူဦးရေ ကို ၅၅ သန်းလို့ခန့်မှန်းရမယ်ဆိုရင် မြန်မာပြည်မှာ ဘီပိုး ရောဂါ နာတာရှည်သယ်ဆောင်ထားတဲ့သူ ၅ ဒသမ ၅ သန်းလောက်ရှိပါမယ်။ ဒါကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘီပိုးအဖြစ် များဆုံးနိုင်ငံတွေထဲမှာပါဝင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အဲဒီလို ဘီပိုးအဖြစ်များတဲ့အတွက် မြန်မာနိုင်ငံဟာ ဘီပိုး ရဲ့ အကျိုးဆက်တစ်ခုဖြစ်တဲ့ အသည်းကင်ဆာအဖြစ် အများဆုံး နိုင်ငံတစ်တစ်နိုင်ငံထဲမှာ အပါအဝင်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အဓိက အသည်းရောင်အသားဝါ ဘီ ရောဂါပိုးကူးစက်မှုဟာ ဘီပိုးရှိတဲ့မိခင်ကနေ မွေးလာတဲ့ ကလေးကိုကူးစက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ (နောက်အပတ်မှာ အသည်းရောင်အသားဝါ ဘီပိုး အကြောင်းကို ဆက်လက်ရေးသွားပါဦးမယ်။)

No comments: