မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, July 17, 2015
လူပင်သေသော်လည်း နာမည်မသေတဲ့ ဗိုလ်ချုပ် ================================
မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
လူပင်သေသော်လည်း နာမည်မသေတဲ့ ဗိုလ်ချုပ်
================================
အာဇာနည်နေ့သည်ကား တဖြည်းဖြည်းနီးလာချေပြီ။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ နယ်ချဲ့လက်ပါးစေတို့၏ လက်ချက်ဖြင့် ကွယ်လွန်ခဲ့သောနေ့တစ်နေ့ဖြစ်သည့် ဇူလိုင်လ ၁၉ ရက်နေ့ကို မြန်မာပြည်သူတစ်ရပ်လုံး၏ ရင်ထဲအသည်း ထဲတွင် စွဲမြဲနေဆဲဖြစ်ပါသည်။ တစ်နည်းအားဖြင့် ဗိုလ်ချုပ် အောင်ဆန်းနှင့်တကွ အာဇာနည်သူရဲကောင်းများကို အမှတ်ရ နေဆဲ၊ လေးစားချစ်ခင်နေကြဆဲဖြစ်ပါသည်။ နှစ်တွေ ကြာညောင်းခဲ့ပြီဖြစ်သော်လည်း အောက်မေ့သတိရနေဆဲ ဖြစ်ပါသည်။
ဤသည်ကား ဗိုလ်ချုပ်၏ ရိုးသားကြိုးစားပြီး ခေါင်းဆောင်ကောင်း ပီသမှုတို့ကြောင့်ပင် ဖြစ်ပါသည်။ ဗိုလ်ချုပ်ကို မြန်မာသာမက ကမ္ဘာ့ခေါင်းဆောင်ကြီးများကပင် လေးစားခဲ့ကြသည်။ ဗိုလ်ချုပ်နှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ လုပ်ကြံခံရစဉ် ကမ္ဘာ့နိုင်ငံအသီးသီးက ဝမ်းနည်း ကြောင်း သဝဏ်လွှာများ ပေးပို့ရာတွင် ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ရသည်မှာ မြန်မာပြည်အတွက်သာ နစ်နာသည်မဟုတ်။ အာရှတိုက်အတွက်လည်း ဆုံးရှုံးမှုတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာလူမျိုးတို့သည် ဦးအောင်ဆန်း ချမှတ်ခဲ့သော လမ်းစဉ် ကိုလိုက်၍ ရည်ရွယ်ချက် ပြီးမြောက်သည်အထိ ဖြည့်စွမ်း ကြပါဟူ၍ လည်းကောင်း၊ အာရှတိုက်သည် သတ္တိရှိ၍ အမြော်အမြင်နှင့်ပြည့်စုံသော သားကောင်းရတနာတစ်ဦး ကျဆုံးခဲ့ရခြင်းဖြစ်ပါကြောင်း စသည်ဖြင့် သဝဏ်လွှာများ ပေးပို့ခဲ့သည်ဟု မှတ်သားရပါသည်။
ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာပြည်သူတစ်ရပ်လုံး ကို လွတ်လပ်ရေးရအောင် ကြိုးပမ်းသွားနိုင်ခဲ့သည်သာမက တစ်နိုင်ငံလုံး ကြီးပွားတိုးတက်လိုသော ဆန္ဒပြင်းပြသူတစ်ဦး လည်းဖြစ်ပါသည်။ ထို့ကြောင့်လည်း ဗိုလ်ချုပ်အောင်ဆန်းက ပင်လုံညီလာခံညစာထမင်းစားပွဲကြီး၌ ''တစ်တိုင်းပြည်လုံး ကြီးပွားစေချင်ရင် လူအား၊ ငွေအား ၊ ပစ္စည်းအားနဲ့ စုပေါင်းပြီး အင်တိုက်အားတိုက်လုပ်နိုင်မှ အကျိုးခံစားခွင့်ရှိကြမှာပဲ။ ဗမာကတစ်မျိုး၊ ကရင်ကတစ်ဖုံ၊ ရှမ်း၊ ကချင်၊ ချင်းတို့က တခြား အကွဲကွဲအပြားပြား လုပ်နေကြရင်ဖြင့် အကျိုးရှိမှာ မဟုတ်ဘူး။ စုပေါင်းလုပ်ကြမှသာ အကျိုးရှိနိုင်မယ်။ လုပ်ကြည့်မှလည်း အကျိုးရှိကြောင်း သိနိုင်မယ်''ဟူ၍ ပြောကြားခဲ့ပါသည်။
ဗိုလ်ချုပ်၏ ဤမှတ်သားဖွယ်စကားသည် ယနေ့ခေတ် တွင် ကျွန်ုပ်တို့ပြည်သူတစ်ရပ်လုံးအနေဖြင့် မည်သည့် ရေးရာကိစ္စတို့၌မဆို စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြင့် ကြိုးစားအလုပ်လုပ်ကြရန် မီးမောင်းထိုးပြနေခြင်း ဖြစ်ပါသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဘက်ဘက်မှ တိုးတက် အောင်မြင်အောင် ကြိုးပမ်းအားထုတ်ကြရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်ဖြစ်စေချင်သော တိုးတက်သည့် နိုင်ငံဖြစ်အောင် ကြိုးစားအားထုတ်ကြရန် ကျွန်ုပ်တို့ ပြည်သူတစ်ရပ်လုံးတွင် တာဝန်ရှိနေပါသည်။
တိုတောင်းလှသော လူ့ဘဝတစ်ခဏတာအတွင်း ဗိုလ်ချုပ်သည် မောင်အောင်ဆန်းဟူ၍လည်းကောင်း၊ သခင် အောင်ဆန်းဟူ၍လည်းကောင်း၊ ဗိုလ်တေဇဟူ၍လည်းကောင်း၊ ဗိုလ်ချုပ်အောင်ဆန်းဟူ၍ လည်းကောင်း၊ ဦးအောင်ဆန်း ဟူ၍လည်းကောင်း တိုင်းပြည်နှင့်လူမျိုးအတွက် ဆောင်ရွက် ပေးခဲ့သည်။ ထို့ကြောင့်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် လူပင်သေသော်လည်း နာမည် မသေဘဲ မြန်မာ့သမိုင်းတစ်လျှောက်လုံးတွင် ဥဒါန်းတင်လျက် ရှိနေဦးမည်သာဖြစ်ပါကြောင်း။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment