Thursday, July 30, 2015

လိမ္မော်ရောင်အဆင့်ရှိမုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်နိုင် မုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင် =======================

လိမ္မော်ရောင်အဆင့်ရှိမုန်တိုင်းငယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းမြို့အနီး ဖြတ်ကျော်ဝင်ရောက်နိုင် မုန်တိုင်းဒဏ်ကြောင့် တိုင်းဒေသကြီး/ပြည်နယ်အချို့ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း ဖြစ်ပေါ်နိုင် ================================================== နေပြည်တော် ဇူလိုင် ၂၉ ယနေ့မြန်မာစံတော်ချိန် ၁၁နာရီခွဲ တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသောမုန်တိုင်းငယ်သည် အားကောင်းသောမုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမြို့၏ အနောက်-အနောက်တောင်ဘက်မိုင် ၄ဝခန့်၊ စစ်တကောင်းမြို့၏ တောင်-အနောက်တောင်ဘက်မိုင် ၇ဝခန့်၊ မြန်မာနိုင်ငံ မောင်တောမြို့၏ အနောက်မြောက်ဘက် ၆၅မိုင်ခန့်နှင့် စစ်တွေမြို့၏ အနောက်မြောက်ဘက်မိုင် ၁၁ဝ ခန့်အကွာ ပင်လယ်ပြင်ကိုဗဟိုပြုနေသည်။ မုန်တိုင်းငယ်၏လက်ရှိအခြေအနေမှာ လိမ္မော်ရောင်အဆင့်ရှိပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းကမ်းခြေ ဒေသသို့ဦးတည်၍ မြန်မာနိုင်ငံရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းစွန်းဒေသ အနီးမှ ရွေ့လျားနေသည့်အခြေအနေဖြစ်သည်။ မုန်တိုင်းငယ်၏အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၄၅မိုင်နှုန်း ဖြစ်သည်။ မုန်တိုင်းငယ်သည် ယနေ့မွန်းတည့်မှ နောက် ၃၆နာရီအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ တောင်ပိုင်းကမ်းခြေကို စစ်တကောင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရသည်။ ကမ်းခြေသို့ဖြတ်ကျော်စဉ် မောင်တောခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၅ဝမှ မိုင် ၆ဝ အထိနှင့် စစ်တွေခရိုင်ဒေသတွင် အမြင့်ဆုံးလေတိုက်နှုန်းမှာတစ်နာရီလျှင် ၄၅မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းရသည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်း ကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်သည်။ မုန်တိုင်းငယ်ကမ်းခြေသို့ ဖြတ်ကျော်စဉ် မုန်တိုင်းဒီရေအမြင့်ဆုံးမှာ မောင်တောခရိုင်ကမ်းခြေဒေသတွင် ရှစ်ပေ မှ ၁ဝ ပေအထိနှင့် စစ်တွေ ခရိုင် ကမ်းခြေဒေသတွင် ခြောက်ပေမှ ရှစ်ပေအထိ မြင့်တက်လာနိုင်ကြောင်း ခန့်မှန်းရသည်။ မုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး အောက်ပိုင်း၊ မကွေးတိုင်းဒေကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက်မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး နေရာကွက်၍မိုးကြီးခြင်း၊ ရုတ်တရက် ရေကြီးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် အထူးသတိပြုရန် နှိုးဆော်ထားကြောင်း သိရသည်။ (မြန်မာ့အလင်း)

No comments: