Friday, July 31, 2015

မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် =========================

မြန်မာ့အလင်း အယ်ဒီတာ့အာဘော် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ် ========================= ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ ကမ္ဘာတစ်ဝန်း မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ကျရောက်မှု များမှာလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်ကို သတိပြုမိပါသည်။ မုန်တိုင်းများ ကျရောက်ခြင်း၊ ရေကြီး၊ ရေလျှံမှုများဖြစ်ခြင်း၊ မြေငလျင်လှုပ်ခြင်းစသော သဘာဝဘေး အန္တရာယ်ကျရောက်မှုများ ပိုမိုတိုးလာခြင်းဖြစ်ပါသည်။ ဤသို့သဘာဝဘေးအန္တရာယ်များ ကျရောက်လျက်ရှိရာတွင် ကြိုတင်ကာကွယ်နိုင်မှုသည် အရေးကြီးသောအပိုင်းဖြစ်ပါသည်။ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခြင်းဖြင့် ဘေး အန္တရာယ်ကျရောက်မှု လျော့ပါးသက်သာစေနိုင်မည်ဖြစ် သော်လည်း ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားခြင်းမရှိပါက ပျက်စီးဆုံးရှုံးမှုများ ပို၍များပြားနိုင်ပါသည်။ ထို့ကြောင့် သဘာဝဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားနိုင်ခြင်းသည် ပျက်စီးဆုံးရှုံးမှုများ နည်းပါးသက် သာစေနိုင်မည်ဖြစ်ပါသည်။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ကမ္ဘာ့နိုင်ငံများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီက ဦးဆောင်ကာ တိုင်း ဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ သဘာဝဘေး အန္တရာယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ၊ ကော်မတီများကို ဖွဲ့စည်းကာ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ၂ဝ၁၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် မြန်မာနိုင်ငံသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေကို အတည်ပြု ပြဋ္ဌာန်းနိုင်ခဲ့ပြီး ယင်းဥပဒေတွင် ဘေးအန္တရာယ်ဖြစ်နိုင်ခြေ အများဆုံးဖြစ်ကြသည့် ကလေးသူငယ်များ၊ သက်ကြီးရွယ်အို များ၊ မသန်စွမ်းသူများနှင့် အမျိုးသမီးများ၊ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များနှင့် သားသည်မိခင်များအား ဦးစား ပေးကူညီစောင့်ရှောက်ရမည်ဟု ထည့်သွင်းရေးဆွဲ ပြဋ္ဌာန်း ထားပါသည်။ လက်ရှိအချိန်သည် ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ် နေသော မုန်တိုင်းငယ်သည် တဖြည်းဖြည်း အားကောင်း လာလျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းဝင်ရောက်နိုင်ဖွယ် မရှိသော်လည်း မုန်တိုင်း၏ အရှိန်အဟုန်ကြောင့် မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်မှုများဖြစ်ပေါ်နိုင်ပါသည်။ ရေကြီး၊ ရေလွှမ်း မှုများဖြစ်နိုင်ပါသည်။ မုန်တိုင်းနှင့်ပတ်သက်၍ ရှောင်ရန် ဆောင်ရန်အချက်များလိုက်နာဆောင်ရွက်သင့်ပေသည်။ အထူး သဖြင့် သတင်းစာ၊ ရေဒီယိုနှင့် ရုပ်မြင်သံကြားတို့မှ အချိန်နှင့်တစ်ပြေးညီထုတ်လွှင့်ပေးနေသော ရှောင်ရန်၊ ဆောင်ရန် အချက်များ အထူးသတိပြုလိုက်နာ ဆောင်ရွက်သင့်ပါ သည်။ သို့ဖြစ်၍ မုန်တိုင်းအန္တရာယ်ကျရောက်လာနိုင်သည့် အနေအထားတွင် ကြိုတင်ကာကွယ်ရေး အစီအမံများကိုလည်း လိုက်နာဆောင်ရွက်သွားကြရမည် ဖြစ်ပေကြောင်း။ ။

No comments: