Monday, July 27, 2015

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိ ===============================

အ၀ါရောင်အဆင့်ရှိ မုန်တိုင်းငယ် မြန်မာနိုင်ငံသို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိ =============================== နေပြည်တော် ဇူလိုင် ၂၆ ယနေ့ မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက် ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်းငယ်တစ်ခုအဖြစ်သို့ ရောက်ရှိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့၏ တောင်-အရှေ့တောင်ဘက် မိုင် ၁၁ဝ ခန့်၊ အိန္ဒိယနိုင်ငံ ကိုးလ် ကတ္တားမြို့၏ အရှေ့-အရှေ့တောင်ဘက် မိုင် ၁၄ဝ ခန့်နှင့် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်မြောက်ဘက် မိုင် ၁၆ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။ အဆိုပါ မုန်တိုင်းငယ်သည် သိသိသာသာရွေ့လျားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေသည်။ မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ အဝါရောင်အဆင့်ရှိပြီး မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိဟု သတ်မှတ်သည်။ အဆိုပါ မုန်တိုင်းငယ်သည် မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြောက်လတ္တီကျု ၂၂ ဒသမ ဝ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉ဝ ဒသမ ၈ ဒီဂရီတွင်ရှိပြီး ဗဟိုချက်လေဖိအား ၉၉၆ ဟက်တိုပါစကယ်နှင့် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် ၄၅ မိုင်နှုန်း ဖြစ်သည်။ အဆိုပါ မုန်တိုင်းငယ်၏အရှိန်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာပြီး ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် ရုတ်တရက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်သည်။ မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်း များ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် ၄၅ မိုင်အထိ တိုက်ခတ်နိုင်သည်။ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုရန် သတိပေးနှိုးဆော်ထားသည်။ (မြန်မာ့အလင်း)

No comments: