Monday, July 27, 2015

ကျွန်တော်နဲ့ ဆိုးလ်မြို့ =================

ကျွန်တော်နဲ့ ဆိုးလ်မြို့ ================= ကျွန်တော်ဟာ တစ်လောက တောင်ကိုးရီးယား နိုင်ငံဆိုးလ်မြို့ကို ရောက်ခဲ့ပါတယ်။ နိုင်ငံတော်က စေလွှတ်တာမို့ ပထမအကြိမ် အစိမ်းရောင်နိုင်ငံကူး လက်မှတ်ကို ပြန်လည်ကိုင်ခွင့်ရခဲ့တယ်။ တစ်ချိန်က တော့ နိုင်ငံ့တာဝန်ယူနေတာမို့ ခရီးထွက်တဲ့အခါ အစိမ်းရောင် ကိုင်ခွင့်ရခဲ့ပါတယ်။ နောက်တော့ အနီ ရောင်ကိုပဲ ကိုင်ဆောင်ပြီးသွားခဲ့ပါတယ်။ အဆင့်မြင့်အရာရှိများအဖွဲ့နဲ့ သွားခဲ့တာမို့ နေရာ တိုင်း VIP အနေနဲ့ ဆက်ဆံခံရပါတယ်။ ကျွန်တော်က ဥရောပခရီးစဉ်က ပြန်ပြီး တစ်ညအိပ် အိမ်မှာနားပြီး နောက်တစ်နေ့ည ခရီးထွက်ရမှာမို့ အနောက်ကအရှေ့ကို တစ်ကြိမ်တည်း ကူးခဲ့တာပါ။ နည်းနည်းပင်ပန်းပေမယ့် မသွားမဖြစ်တဲ့ခရီးမို့ သွားခဲ့ရခြင်းဖြစ်ပါတယ်။ အဖွဲ့ ခေါင်းဆောင်က ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ဖြစ်ပြီး ကျွန်တော်နဲ့အတူ ဒေါက်တာဇော်ဦး၊ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် နှစ်ဦးနဲ့ စီမံ/စီးပွားဝန်ကြီးဌာနက ဒုတိယညွှန်ကြား ရေးမှူး စုစုပေါင်းခြောက်ဦး ပါဝင်တာဖြစ်တယ်။ ဒေါက်တာဇော်ဦးက ကြိုတင်ပြီးသွားနှင့်တာမို့ ရန်ကုန် ကထွက်တော့ ငါးဦးသာဖြစ်တယ်။ လေယာဉ်က သန်းခေါင်ကျော်မှာ ထွက်တယ်။ လေယာဉ်ပျံကခပ် သေးသေးမို့ ကောင်းကောင်းမအိပ်ခဲ့ရပါဘူး။ နောက် တစ်နေ့ မနက်စောစော ဆိုးလ်မြို့က အင်ချွန်းလေယာဉ် ကွင်းမှာ မြန်မာနိုင်ငံသံအမတ်ကြီးနဲ့ စီးပွားရေး အတွင်းဝန်တို့ကလာကြိုပြီး တည်းခိုမယ့် ဟိုတယ်ကို ကားနဲ့ထွက်ခဲ့ကြတယ်။ ဒီခရီးကို စိတ်တထင့်ထင့် နဲ့လာခဲ့တာဖြစ်တယ်။ တောင်ကိုရီးယားနိုင်ငံမှာ MERS ရောဂါတွေ ဖြစ်နေတာကို ရုပ်မြင်သံကြားမှာရော၊ စာနယ်ဇင်းတွေမှာပါ ရောဂါပျံ့နေတဲ့အကြောင်း သိရ တော့ စိတ်ထဲက စိုးရိမ်မိတာအမှန်ပါ။ ဒါပေမယ့် တကယ် အန္တရာယ်ရှိရင် တောင်ကိုရီးယားအစိုးရက ကျွန်တော်တို့အဖွဲ့ကို အကြောင်းကြားမှာပဲဆိုပြီး ထွက် ခဲ့ဖြစ်တယ်။ ဟိုတယ်ရှိရာ ဆိုးလ်မြို့ရောက်တော့လည်း လူတွေ က စည်းကားနေပြီး ရိုးရိုးသားသား သွားလာနေကြ တယ်။ ရောဂါပျံ့နေတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး သံသယတောင် ဝင်ခဲ့တယ်။ ဟိုတယ်မှာ ကြိုဆိုနေတဲ့ သူတွေကိုမေးတော့လည်း သူတို့က ဘာမှမဖြစ်သလို ဘဲ ဟိုတယ်ရောက်ရောက်ချင်း နားချင်ပေမယ့် အခန်း က အဆင်သင့်မဖြစ်သေးတာနဲ့ နားနေဆောင်မှာပဲ နားခဲ့ကြတယ်။ ဆွေးနွေးစရာ တိုင်ပင်စရာတွေကို ညှိနှိုင်းကြပြီး ခရီးစဉ်နဲ့ပတ်သက်လို့ ဝန်ကြီးလုပ်သူက လမ်းညွှန်မှုပေးခဲ့ပါတယ်။ ညဘက်မှာ ဟိုတယ်အနီး မှာရှိတဲ့ စားသောက်ဆိုင်မှာ ညစာသွားစားကြတယ်။ ကျွန်တော်တို့အဖွဲ့လာရတဲ့ရည်ရွယ်ချက်က တောင် ကိုရီးယားအစိုးရနဲ့ မြန်မာနိုင်ငံတော်အစိုးရ နှစ်ဦးပိုင်းမှာ သဘောတူစာချုပ်ချုပ်ဆိုခဲ့တဲ့ စီမံချက်တစ်ရပ်ကို အကောင်အထည်ဖော်နိုင်ဖို့ ညှိနှိုင်းဆွေးနွေးအဆုံးသတ် တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီးရဲ့ တောင်ကိုးရီးယားခရီးစဉ်မှာ သူတို့ရဲ့သမ္မတကြီး မဒမ် ဘတ်က (Myanmar Development Institute-MDI) မြန်မာဖွံ့ဖြိုးမှုအဖွဲ့အစည်းကို တည်ထောင်ပေးဖို့ ကတိပြုခဲ့ပါတယ်။ ဒီအဖွဲ့အစည်းတည်ထောင်ဖို့ လိုအပ်တဲ့ ငွေရေး ကြေးရေးနဲ့ နည်းပညာပိုင်းဆိုင်ရာ အကူအညီတွေပေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့အစည်း တည်ထောင်ဖို့ ပြင်ဆင်တဲ့အဖွဲ့တစ်ခုကို ဖွဲ့စည်းခဲ့ပြီး ကျွန်တော်နဲ့ ဒေါက်တာဇော်ဦးတို့ကို တာဝန်ပေးအပ်ခဲ့ တာဖြစ်ပြီး ဒီစီမံချက်ကို သမ္မတရုံးကဝန်ကြီးများက လမ်းညွှန်မှုတွေပေးခဲ့ပါတယ်။ သမ္မတကြီးမဒမ်ဘတ်က မြန်မာပြည်မှာ သူတို့နိုင်ငံမှာရှိတဲ့ Korea Development Institute (KDI) လို အဖွဲ့စည်းတစ်ခုရှိသင့်ကြောင်း အကြံပြုတဲ့အတွက် လူကြီးလုပ်သူတွေက အခုလိုဖွဲ့စည်းဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ ကိုရီးယားမှာKDI မြန်မာပြည်မှာ MDI ဖြစ်ပါတယ်။ KDI နဲ့ပတ်သက်ပြီး ကျွန်တော်က လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅ နှစ်လောက် ကတည်းက စိတ်ဝင်စားခဲ့ပါတယ်။ တောင်ကိုရီးယား နိုင်ငံဟာ ဖွံ့ဖြိုးမှု စီးပွားရေးပညာရှုထောင့်က သုံးသပ်ရင် အလွန်ထူးခြားတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။ အမှန်စင်စစ် တစ်ကမ္ဘာလုံးမှာ သူတို့တစ်နိုင်ငံတည်းရှိတယ်လို့ ပြော လို့ရပါတယ်။ ၁၉၅၃ ခုနှစ်မှာ ကိုရီးယားစစ်ပြီးခဲ့ပါ တယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန်အထိ ကိုရီးယားနိုင်ငံတစ်နိုင်ငံ လုံးဟာ ဂျပန်နိုင်ငံရဲ့ ကိုလိုနီအဖြစ် နှစ်ပေါင်းရာကျော် အုပ်ချုပ်ခြင်းခံခဲ့ရတယ်။ ဒုတိယကမ္ဘာစစ်ပြီးချိန် နိုင်ငံရဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ရုရှားက သိမ်းပိုက်ခဲ့ပြီး တောင်ပိုင်းမှာတော့ အမေရိကန်က အုပ်ချုပ်ခဲ့ပါတယ်။ အခုလို နိုင်ငံနှစ်ခြမ်းဖြစ်ပြီး မြောက်နဲ့ တောင် စစ်ဖြစ်ကြတယ်။ တစ်ဖက်နဲ့တစ်ဖက် အကြီး အကျယ် တိုက်ခိုက်ခဲ့ကြပြီး အဆုံးအရှုံးတွေ ရင်ဆိုင် ခဲ့ကြတယ်။ ထူးဆန်းတာက အမေရိကန်က ဒီစစ်ပွဲကို ကုလသမဂ္ဂလက်အောက်ကနေ ပါဝင်ဆင်နွှဲခဲ့တဲ့ဖြစ်ရပ်ပဲ ဖြစ်တယ်။ အခုလိုစစ်ပြီးချိန် မြောက်နဲ့တောင်ကိုရီးယားကို လတ္တီကျု ၃၈ အရ ခွဲခြားခဲ့တယ်။ တစ်နိုင်ငံလုံးပဲ ရစရာမရှိအောင် ပျက်စီးခဲ့တဲ့ တောင်ကိုရီးယားဟာ ၁၉၆ဝ ပြည့်နှစ်ကစတင်ပြီး အံ့သြလောက်တဲ့ တိုးတက်မှုတွေဖြစ် ရတယ်။ တစ်ဦးကျဝင်ငွေ အမေရိကန်ဒေါ်လာ ၁ဝဝ အောက်ရှိခဲ့တဲ့နိုင်ငံဟာ အခုချိန်မှာ အမေရိကန်ဒေါ်လာ ၂၅ဝဝဝ ကျော်ခဲ့ပြီး ပိုပြီးထူးခြားတာက တောင်ကိုရီးယား ဟာ အခုချိန်မှာ OECD နိုင်ငံများအဖွဲ့ဝင်နိုင်ငံဖြစ် ခဲ့တယ်။ OECD နိုင်ငံဆိုတာက အချမ်းသာဆုံး နိုင်ငံတွေ ဖွဲ့စည်းထားတာဖြစ်တယ်။ အခုလို အံ့မခန်းလောက်အောင် တိုးတက်ခဲ့တဲ့ အကြောင်းရင်းတွေ ရှာဖွေတဲ့အခါ ပဟေဠိတစ်ခုလိုဖြစ် နေခဲ့တယ်။ သယံဇာတဆိုလို့ ဘာမှမည်မည်ရရမရှိတဲ့ နိုင်ငံဟာ ဘာကြောင့်အခုလောက် တိုးတက်ခဲ့သလဲ။ တစ်ဖက်မှာလည်း ကိုရီးယား စတင်တိုးတက်ချိန်ကစပြီး နှစ်အတော်ကြာကြာအထိ စစ်အုပ်ချုပ်မှုအောက်မှာ ရပ်တည်ခဲ့တယ်။ အခုလို အဖြေရှာခက်တဲ့ပုစ္ဆာတစ်ပုဒ်ကို ကိုရီးယားနိုင်ငံသားတွေကတော့ ၁၉၆ဝ ကျော်က စစ်အစိုးရဦးစီးသူ ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီးကြောင့်လို့ လက်ခံကြတယ်။ အထူးသဖြင့် ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီး တည်ထောင်ခဲ့တဲ့ (Korea Development Institute-KDI) ကိုရီးယားဖွံ့ဖြိုးရေး အဖွဲ့အစည်းကြောင့်လို့ လက်ခံကြတယ်။ ဒါကြောင့် KDI ကို ကျွန်တော်က အစကတည်းက စိတ်ဝင်စားတာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဘတ်ချွန်ဟီး(နောင်သမ္မတကြီးဖြစ်လာသူ) ဟာ KDI ကို တည်ထောင်ရာမှာ နိုင်ငံခြားအထူးသဖြင့် အမေရိကန်နိုင်ငံမှာ နာမည်ရနေတဲ့ ကိုရီးယားစီးပွားရေး ပညာရှင် ၁၂ ဦးကို နိုင်ငံကိုပြန်ခေါ်ယူပြီး KDI ကို စတင်ခဲ့တယ်။ ဒီပညာရှင်များကို နိုင်ငံ့စီးပွားရေးတိုးတက် မှုအတွက် လိုအပ်တဲ့ အကြံဉာဏ်များ တောင်းခံခဲ့ တယ်။ ရလာတဲ့အကြံပြုချက်တွေကို လက်တွေ့ကျကျ အကောင်အထည်ဖော်နိုင်အောင် ပေါ်လစီတွေချမှတ်ခဲ့ တယ်။ အမှန်တော့ KDI ဟာ Think-tank ကတစ်ခု ဖြစ်တယ်။Think ဆိုတဲ့စဉ်းစားတွေးခေါ်မှုကို ပညာရှင် များနဲ့ စုစည်းထားတဲ့ tank အစုအဖွဲ့တစ်ခုဖြစ်တယ်။ နိုင်ငံတိုင်းလိုလို Think-tank တွေရှိကြပါတယ်။ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံစတဲ့ နိုင်ငံတွေမှာရှိကြပါတယ်။ KDI ရဲ့ ထူးခြားချက်က နိုင်ငံသမ္မတကြီးနဲ့ တိုက်ရိုက်ဆက်သွယ် နေတဲ့ အကြံပေးအဖွဲ့တစ်ခုဖြစ်နေတာ။ ကိုရီးယားနိုင်ငံ မှာလည်း အခုဆိုရင် Think-tank တွေအများကြီး ရှိကြပါတယ်။ ဒါပေမယ့် KDI လို သမ္မတကြီးနဲ့ တိုက်ရိုက် ဆက်သွယ်မှုတော့ မရှိကြဘူး။ KDI ဟာ အခုလိုသမ္မတကြီးကို အကြံပေးတဲ့နေရာ မှာ အဓိကအားသာချက်ကတော့ စနစ်တကျဆောင်ရွက် ခဲ့တဲ့ သုတေသနလုပ်ငန်းတွေဖြစ်တယ်။ သုတေသန ဆိုတာ စနစ်တကျ သိပံ္ပနည်းကျကျ သက်သေအထောက် အထားတွေ ရှာဖွေပြုစုမှုသာဖြစ်တယ်။ ပုဂ္ဂိုလ်စွဲမပါဘဲ ခိုင်မာတဲ့ အချက်အလက်တွေကို အခြေခံမှုဖြစ်တယ်။ သုတေသနလုပ်တဲ့နေရာ လုပ်တဲ့သူရဲ့ အရည်အချင်း ဟာ အရေးကြီးပါတယ်။ KDI ကို စတင်တည်ထောင်ခဲ့စဉ် ရွေးချယ်ခန့်ထားခဲ့တဲ့ ပညာရှင် ၁၂ ဦးဟာ ထူးချွန် ပြောင်မြောက်သူတွေဖြစ်ခဲ့တယ်။ နိုင်ငံခြားတက္ကသိုလ် တွေမှာ သုတေသနလုပ်ငန်း အကျွမ်းတဝင်ရှိသူတွေ၊ စာသင်ကြားခဲ့သူတွေ၊ စာအုပ်စာတမ်းတွေပြုစုတဲ့ သူတွေဖြစ်တယ်။ အခုဆို သူတို့ကို ပြည်တော်ပြန်ဖို့ သမ္မတကြီးဘတ်က မက်လုံးတွေပေးခဲ့တယ်။ အထူး သဖြင့် တက္ကသိုလ်တွေမှာ အလုပ်လုပ်နေတဲ့ ပါမောက္ခ တွေထက် အဆပေါင်းများစွာ လုပ်ခလစာတွေပေး ခဲ့တယ်။ ကားတွေ၊ တိုက်ခန်းတွေ စီစဉ်ပေးခဲ့တယ်။ ဒါကြောင့်လည်း အတော်ဆုံးတွေရခဲ့တာဖြစ်တယ်။ သမ္မတကြီးကိုယ်တိုင် ဂရုတစိုက်အားပေးတဲ့အတွက် ကျန်တဲ့တာဝန်ရှိသူတွေကလည်းKDI ကပေးတဲ့ အကြံÓဏ်တွေကို တလေးတစား တစ်စိုက်မတ်မတ် လုပ်ခဲ့တယ်။ ၁၂ ဦးနဲ့ စတင်ခဲ့တဲ့ KDI ဟာ အခုဆိုရင် ပညာရှင် ရာကျော်ရှိနေပြီး တစ်ကမ္ဘာလုံးမှာ Think-tank အများကြီးရှိပေမယ့် KDI လို နေရာပေးခဲ့ရတဲ့ အဖွဲ့အစည်းမျိုးတော့မရှိပါဘူး။ သတိပြုစရာတစ်ချက်က သမ္မတဘတ်က စတင် တည်ထောင်ခဲ့တဲ့ KDI ကို ခေတ်အဆက်ဆက် နိုင်ငံခေါင်းဆောင်တွေက လက်ဆင့်ကမ်း တာဝန် ပေးခဲ့ပြီး ပေးတဲ့အကြံဉာဏ်တွေကို လက်ခံအကောင် အထည်ဖော်ခဲ့ကြတယ်။ စစ်အစိုးရ အုပ်ချုပ်မှုကတစ်ဆင့် ဒီမိုကရေစီကိုစတင်ကူးပြောင်းခဲ့ပေမယ့် နိုင်ငံတော် သမ္မတတိုင်းဟာKDI ကို အရေး တယူ အသိအမှတ် ပြုခဲ့တယ်။ အခုဆို သမ္မတမဒမ်ဘတ် ဟာKDI ကို စတင်တည်ထောင်ခဲ့တဲ့ သမ္မတကြီးရဲ့ သမီးဖြစ်ပါတယ်။ ဖခင်ဖြစ်သူစတင်ခဲ့တဲ့ KDI ကို ဆက်လက်ပြီး ထိန်းသိမ်းရုံမက ဂရုတစိုက်အားပေးခဲ့ပါတယ်။ ကျွန်တော်တို့အဖွဲ့ တောင်ကိုရီးယားခရီးစဉ်တွေမှာ တာဝန်ရှိသူနဲ့တွေ့ခဲ့ရတယ်။ အဖွဲ့အစည်းတွေနဲ့လည်း တွေ့ခွင့်ရခဲ့တယ်။ ပညာရှင်တွေနဲ့လည်း ဆွေးနွေးခွင့်ရ ခဲ့တယ်။ နေရာတိုင်း၊ လူတိုင်းနဲ့တွေ့တိုင်းကြားရတဲ့ စကားပုံတစ်ခုက "Miracle on the Han River" ဖြစ် တယ်။ ဆိုးလ်မြို့အနီးမှာရှိတဲ့ ဟန်မြစ်ကိုတင်စားပြီး ''ဟန်မြစ်သောက အံ့သြဖွယ်ရာ'' ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါ တယ်။ သူတို့နိုင်ငံရဲ့ အံ့မခန်းနိုင်အောင်ဖြစ်လာတဲ့ တိုးတက်မှုကို အံသြဖွယ်ရာဆိုပြီး တင်စားအသိအမှတ် ပြုခြင်းဖြစ်တယ်။ တွေ့ဆုံတဲ့အခါတိုင်း စစ်ပြီးကာလ ဆိုးလ်မြို့ရဲ့ ပုံရိပ်နဲ့ မျက်မှောက်ခေတ်အနေအထားကို ယှဉ်တွဲပြီးဖော်ပြလေ့ရှိတယ်။ အင်မတန်မှ ရစရာမရှိ အောင် ပျက်စီးနေတဲ့ ဆိုးလ်မြို့ကြီးနဲ့ ခုချိန်မှာရှိနေမယ့် အခြေအနေတွေကို ယှဉ်တွဲပြီးဖော်ပြလေ့ရှိတယ်။ ကျွန်တော်တို့အဖွဲ့ KDI ရှိတဲ့ မြို့သစ်ကို ရောက်ခဲ့တယ်။ ဒီမြို့သစ်ဟာ တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်အသစ်ဖြစ်တယ်။ အစိုးရဝန်ကြီးဌာနတွေအားလုံး ရုံးစိုက်တဲ့နေရာ နိုင်ငံတော်သမ္မတက အခုချိန်အထိ ဆိုးလ်မြို့မှာပဲရုံးစိုက်ပြီး လွှတ်တော်ကလည်း ဆိုးလ် မြို့မှာပဲ ရှိတယ်။ ဒါကြောင့်လည်း ကသိကအောက် နည်းနည်းဖြစ်တယ်လို့ ပြောပြ ပါတယ်။ KDI ကိုတော့ K ပုံစံနဲ့ တည်ဆောက်ထားတယ်။ တစ်ဖက်မှာ သုတေသနလုပ်တဲ့လုပ်ငန်းတွေဆောင်ရွက်တဲ့ အဆောက်အအုံဖြစ်ပြီး တစ် ဖက်မှာတော့ ဘွဲ့လွန်သင်တန်းကျောင်း တည်ထောင်ထားတာတွေ့ရ ပါ တယ်။ KDI ဟာ ကိုရီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မဟာဗျူဟာတွေ ကို စနစ်တကျဖော်ထုတ်ခဲ့ပြီး လိုအပ်တဲ့ ပေါ်လစီများ ထုတ်ဖော်ခဲ့ကြတယ်။ ဒါကြောင့်လည်း ကိုရီးယားနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အပိုင်းသုံးပိုင်း ခွဲခြားပြီး ဆောင်ရွက်ခဲ့ပါတယ်။ ပထမအပိုင်းမှာတော့ အပေါ့စားစက်မှုလုပ် ငန်းတွေနဲ့စတင်ခဲ့တယ်။ အလုပ်အကိုင်အခွင့်အရေးတွေဖန်တီးပေးနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုနည်းနည်းနဲ့လုပ်နိုင်တဲ့ အထည်ချုပ်လုပ်ငန်းတွေနဲ့ စတင်ခဲ့တယ်။ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ထူးခြားတဲ့အစီအစဉ်တစ်ခုကို အကောင် အထည်ဖော်ခဲ့တယ်။ ဒါကတော့ဂျာမနီနိုင်ငံနဲ့သဘောတူညီမှုရခဲ့တဲ့ စီမံချက်။ ဂျာမနီနိုင်ငံက ငွေချေးဖို့ဆွေးနွေးတဲ့အခါ ဂျာမနီနိုင်ငံမှာအလုပ်လုပ်နေတဲ့ စက်မှုလက်မှုလုပ်သားတွေ၊ သူနာပြုတွေကို အပေါင်ခံတဲ့သဘောနဲ့ ဆောင် ရွက်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အကြီးစားစက်မှုလုပ်ငန်းဖြစ်တဲ့ သံမဏိလုပ်ငန်း သင်္ဘောတည်ဆောက်မှုလုပ်ငန်းတွေဘက် ဦးလှည့်ခဲ့ပါ တယ်။ ဒါကြောင့်လည်း အခုချိန်မှာ တစ်ကမ္ဘာလုံးမှာ သံမဏိထုတ်လုပ်မှု အများဆုံးကုမ္ပဏီဟာ ကိုရီးယားနိုင်ငံကposco ဖြစ်နေတယ်။ ဒီကုမ္ပဏီ ဟာ မြန်မာပြည်မှာ အိမ်မိုးသွပ်ပြားတွေထုတ်လုပ်ရောင်းချနေပါတယ်။ နောက်ဆုံးအပိုင်းမှာတော့ နည်းပညာ၊ အသိပညာကိုအခြေခံတဲ့ စီးပွားရေး လုပ်ငန်းများကို ဖော်ထုတ်ခြင်းဖြစ်တယ်။ ကမ္ဘာကျော် Samsung တို့၊ LG တို့ဟာ ဒီဖွံ့ဖြိုးမှုစီမံချက်ကပေါက်ဖွားလာခဲ့တဲ့ လုပ်ငန်းကြီးများဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကို လွှမ်းခြုံနိုင်တဲ့အထိ ဖြစ်ခဲ့တယ်။Internet နဲ့ ပတ်သက်ပြီး ဆက်သွယ်မှုအကြီးမားဆုံး နိုင်ငံတစ်နိုင်ငံဖြစ်နေတယ်။ ကျွန်တော့်ကိုယ် တွေ့ပါ အင်တာနက်နှုန်းဟာ အလွန်မြန်လှပါတယ်။ ဒီအောင်မြင်မှုတွေဟာ KDI ဖြစ်တယ်လို့ ကျွန်တော်တို့အဖွဲ့နဲ့ တွေ့တဲ့ တာဝန်ရှိသူတိုင်း ထုတ်ဖော်ပြခဲ့ပါတယ်။ သူတို့ဟာ သူတို့နိုင်ငံရဲ့ အောင်မြင်မှုကို အလွန်ဂုဏ်ယူနေတာတွေ သိရပါတယ်။ တစ်ခုတော့ရှိပါတယ်။ အောင်မြင်မှုတွေရဲ့နောက်ကွယ်မှာ ဆုံးရှုံးမှုတွေ လည်း ရှိခဲ့တာတွေ့ရပါတယ်။ ဒါကိုကျွန်တော်သတိထားမိလို့ မေးခွန်း တွေလည်း ထုတ်ဖော်ခဲ့ပါတယ်။ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနဲ့ယှဉ်တွဲပြီး လက်ဝါး ကြီးအုပ် စီးပွားရေးစနစ်တစ်ခု ပေါ်ပေါက်လာခဲ့တယ်။ လက်တစ်ဆုပ် စာလောက်ရှိတဲ့ ကုမ္ပဏီကြီးတွေဟာ သြဇာကြီးမားပြီး စီးပွားရေးသာမက၊ နိုင်ငံရေးနယ်ပယ်မှာတောင် လွှမ်းမိုးနေတာတွေ့ရပါတယ်။ အခုလိုဖြစ်တာကို KDI က ကြိုတင်ခန့်မှန်းမှုရှိ မရှိဆိုတာကတော့ မေးခွန်းတစ်ရပ်ပဲဖြစ်ပါတယ်။ မျက်မှောက်ခေတ်ကာလမှာ ကိုရီးယားယဉ်ကျေးမှုဟာ ကမ္ဘာကိုလွှမ်းမိုးစပြု လာတာကို တွေ့ရပါတယ်။ သူတို့ရဲ့ချဉ်ပတ်ကင်(မ်)ချီကို ကမ္ဘာမှာပျံ့နှံ့အောင် လုပ်နိုင်ခဲ့တယ်။ ကိုရီးယားရုပ်ရှင် ဗီဒီယိုတွေဟာ အာရှတစ်လွှားပျံ့နှံ့နေတာတွေ့ရတယ်။ တစ်လောက Gangnam Style အကနဲ့ Youtube မှာစံချိန်တင် နိုင်ခဲ့တယ်။ ဒါကို KDI က ကြိုတင်ခန့်မှန်းခဲ့သလားလို့ မေးတဲ့နေရာမှာ ပါဝင် ပတ်သက်မှုရှိကြောင်း ဖြေကြပါတယ်။ တစ်ခါတလေ စီးပွားရေးသုတေသန လုပ်ရာမှာ ကိန်းဂဏန်းကိုအခြေခံပြီး ဆောင်ရွက်ကြရာတွင် အတိအကျစာရင်း ဇယားနဲ့ မဖော်ပြနိုင်တဲ့အကြောင်းအချက်တွေကို တစ်ခါတစ်ရံ လျစ်လျူရှုခဲ့ တာမျိုး ဖြစ်နိုင်ပါတယ်။ KDI ရုံးချုပ်ကို ရောက်တဲ့အချိန်မှာ သုတေသနလုပ်ငန်းနဲ့တွဲဖက်ပြီး ဖွင့်လှစ်ထားတဲ့ KDI School ကို ရောက်ခဲ့ပါတယ်။ှSchool ဆိုတဲ့ အဓိပ္ပာယ်ကို ကျွန်တော်တို့နိုင်ငံမှာ နားလည်မှုတစ်ခါတစ်ရံ လွဲမှားနေတာ တွေ့ရပါတယ်။ School ကို ကျောင်းလို့ အကြမ်းဖျင်းဘာသာပြန်လိုက်တာမို့ ကျောင်းဆိုတာဟာ မူလတန်း၊ အလယ်တန်းနဲ့အထက်တန်းကျောင်းအဖြစ် သာ တွေ့ကြတယ်။School ဆိုတာဟာ အတွေးအခေါ်တစ်ရပ်ကို ဖော်ထုတ် မှုဖြစ်ပါတယ်။ စင်ကာပူနိုင်ငံအမျိုးသားတက္ကသိုလ်မှာ Lee Kuan Yew School of Public Policy ဆိုတဲ့နာမည်ကြီး ဘွဲ့လွန်သင်တန်းကျောင်းရှိ သလို အမေရိကန်ပြည်ထောင်စုမှာလည်း Harvard တက္ကသိုလ်မှာKennedy School ofGovernment ဆိုပြီး ဘွဲ့လွန်သင်တန်းကျောင်း ရှိပါတယ်။KDI မှာတော့ Public Policy and Management ဘွဲ့လွန်သင်တန်းတွေအပြင် ပါရဂူသင်တန်းတွေလည်း ဖွင့်လှစ်ထားတာတွေ့ရပါတယ။ KDI School ရဲ့ စာကြည့်တိုက်ကိုလိုက်ပြတဲ့အခါ IT ပညာတိုးတက်မှုကို ထူးခြားစရာ တွေ့မြင်ခဲ့ရပါတယ်။ ဆိုး(လ်)ခရီးကတစ်ဆင့် ကျွန်တော်တို့နိုင်ငံမှာ ဖွင့်လှစ်မယ့် MDI နဲ့ ပတ်သက်ပြီး ဆောင်ရန်၊ ရှောင်ရန်တွေကို စဉ်းစားခွင့်ရခဲ့ပါတယ်။ အရာရာ ဟာ သင်ခန်းစာတွေဖြစ်ပါတယ်။ သူတို့ရဲ့အောင်မြင်မှု၊ သူတို့ရဲ့စိန်ခေါ်မှု တွေကို သုံးသပ်ပြီး ကိုယ်တိုင်ဆောင်ရွက်ရာမှာ ဆင်ခြင်ခွင့်ရခဲ့ပါတယ်။ ကိုရီးယားနိုင်ငံရဲ့တိုးတက်မှုကို တာဝန်ရှိသူတွေတင်ပြတိုင်း ကိုယ့်နိုင်ငံရဲ့ အခြေအနေနဲ့နှိုင်းယှဉ်ပြီး စဉ်းစားမိခဲ့တယ်၊ အုပ်ချုပ်ရေးပုံစံ တူညီမှုရှိခဲ့ပါတယ်။ ဒါပေမယ့် ထူးခြားချက်က ကောင်းမွန်တဲ့စီမံအုပ်ချုပ်မှု စွမ်းဆောင်ရည်ပြည့်ဝ တဲ့ ဖွဲ့စည်းမှုနဲ့ တိကျပြတ်သားတဲ့ခေါင်းဆောင်မှုတွေဟာ သူတို့နိုင်ငံရဲ့ အောင်မြင်မှုရဲ့အခြေခံကောင်းတွေ ဖြစ်ကြပါတယ်။ ကျွန်တော်တို့ကြိုးစားကြဖို့ လိုပါတယ်။ သဘာဝအခြေခံကောင်းလှတဲ့ ကျွန်တော်တို့နိုင်ငံ ပထဝီအနေ အထားအရ အားသာမှုအပြည့်နဲ့ ကျွန်တော်တို့နိုင်ငံ အရည်အသွေးအပြည့် ရှိတဲ့လူငယ်တွေနဲ့ စုစည်းဖွဲ့စည်းထားတဲ့ ကျွန်တော်တို့နိုင်ငံဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို မရောက်ရောက်အောင်ချီ တက်ရမှာသာဖြစ်ပါတယ်။ ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်

No comments: