Friday, July 31, 2015

အသည်းရောင်အသားဝါဘီရောဂါ ကုလို့ရပါပြီ

အသည်းရောင်အသားဝါဘီရောဂါ ကုလို့ရပါပြီ ============================= အပိုင်း (၃) ပါမောက္ခ ခင်မောင်ဝင်း (အသည်း) (၂ဝ၁၅ ခုနှစ် မတ်လထုတ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ဘီရောဂါ ကာကွယ်စောင့်ရှောက်ရေးနဲ့ ဘီပိုးနာတာရှည်ပိုး သယ်ဆောင်သူများအား ကုသရေးလမ်းညွှန်စာအုပ်ကိုမှီငြမ်းပြီး အသည်းရောင်အသားဝါ ဘီပိုးအကြောင်း ရေးနေပါတယ်။) အသည်းကင်ဆာ ကာကွယ်ပါ အသည်းကင်ဆာဆိုတာဟာ အဓိကအားဖြင့် အသည်းရောင်အသားဝါဘီ ရောဂါပိုးကြောင့် ဖြစ်တာပါ။ ဒါကြောင့် အသည်းကင်ဆာမဖြစ်ချင်ရင်၊ အသည်းကင်ဆာကို ကာကွယ် ချင်တယ်ဆိုရင် အသည်းရောင်အသားဝါဘီပိုး မဝင်နိုင်အောင် ဘီပိုးကာကွယ် ဆေးထိုးထားကြပါ။ ဒါမှမဟုတ် အသည်းကင်ဆာမဖြစ်အောင် ကာကွယ်တဲ့ နည်းလမ်းတစ်ခု ကတော့ အသည်းရောင်အသားဝါ ဘီပိုးရှိတဲ့ သူတွေဟာ ဘီပိုးပျောက်သွား အောင် ဘီပိုးသေဆေးတွေနဲ့ ထိထိမိမိ ကုသရမှာပါ။ အဲဒီလို အသည်းကင်ဆာ ကာကွယ်ဖို့ ဘီပိုးမဝင်အောင် ဘီပိုးကာကွယ် ဆေးထိုးတာ။ ဒါမှမဟုတ် ဘီပိုးရှိပြီးသား ဘီပိုးနာတာရှည်သယ်ဆောင်ထားတဲ့ သူတွေအနေနဲ့ ဘီပိုးပျောက်သွားအောင် ဘီပိုးသေဆေးတွေနဲ့ ကုတာတွေ လုပ်ရမှာပါ။ အဲဒီအကြောင်းတွေကို အသေးစိတ်ပြောပြပါဦးမယ်။ ဘီပိုးမဝင်အောင် ကာကွယ်နည်းတွေ - အသည်းရောင်အသားဝါ ဘီရောဂါပိုး မဝင်အောင် ကာကွယ်နည်းက နှစ်နည်း ရှိပါတယ်။ ( က ) ဘီပိုးကူးစက်မှု နည်းစနစ်တွေကိုရှောင်ပြီး ပိုးမကူးအောင်နေ၊ ( ခ ) ဘီပိုးကာကွယ်ဆေး စနစ်တကျထိုး။ (က)ဘီပိုးကူးစက်မှု နည်းစနစ်တွေကိုရှောင်ပြီး ပိုးမကူးအောင်နေ ဘီပိုးအဓိက ကူးစက်တာဟာ သွေးကတစ်ဆင့်၊ ဒါမှမဟုတ် လိင်ဆက်ဆံတာ က ကူးတာနဲ့ ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို ကူးစက်တာဆိုတော့ အခုလို ဘီပိုးအကြောင်းကို သိနားလည်နေတဲ့အချိန်မှာ ကူးစက်မှုကို ကာကွယ်တား ဆီးဖို့ရာ ကျန်းမာရေးအသိတွေ ပြည်သူတွေကြားမှာ ပျံ့နှံ့နေပြီဆိုတော့ အထူး ပြောစရာမလိုပါဘူး။ အထူးဂရုစိုက်ရမယ့် အချက်တစ်ခုကိုပဲ ပြောရမယ်ဆိုရင်တော့ ဆံပင်ညှပ် ဆိုင်သွားရင် ကိုယ့်ဓားနဲ့ကိုယ် သုံးပါ။ ဒါပေမယ့် အထူးပြောချင်တဲ့ ကိစ္စကတော့ ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးဖို့ တားဆီးကာကွယ်ရမယ့် နည်းလေးကိုတော့ ပြောချင်ပါသေးတယ်။ မိခင်ကနေ ကလေးကို ဘီပိုးမကူးအောင် ကာကွယ်နည်း ဘီပိုးရှိတဲ့ မိခင်ကနေ ကလေးကို မကူးဖို့ နည်းသုံးနည်းနဲ့ တားဆီးရပါမယ်။ - ဘီပိုးရှိတဲ့မိခင်ကို ကိုယ်ဝန် ၃၂ ပတ်ရောက်ရင် တင်နိုဖိုဗီယာ (Tenofovir) ဘီပိုးသေဆေး တစ်နေ့တစ်လုံး နံနက်အစော အစာနဲ့ဝေးပြီး တိုက်ရပါမယ်။ ပြီးတော့ အဲဒီဘီပိုးသေဆေးကို အနည်းဆုံး ကလေး အသက် တစ်နှစ်ပြည့်တဲ့အထိ တိုက်ရပါမယ်။ - နောက်ကာကွယ်ရေး တစ်နည်းကတော့ မွေးလာတဲ့ ကလေးကို ၂၄ နာရီအတွင်းမှာ - ဘီပိုးကာကွယ်ဆေးထိုးပါမယ်။ - နောက်ပြီးတော့ ဘီပိုးသေဆေးံနစအေငအငျ Hepatitis B Immune Globulin (HBIG) ကိုလည်း ထိုးပေးပါမယ်။ တစ်လုံးထိုးရုံနဲ့ လုံ လောက်ပါတယ်။HBIG ဆေးကို ထိုးလိုက်ပြီး ၁၅ မိနစ် အတွင်းမှာ ကိုယ်ခံအား အင်တီဘော်ဒီ Antibody ဟာ သွေး ထဲမှာ ရောက်သွားမှာပါ။ ဘီပိုးကာကွယ်ဆေးဟာ ဆေးထိုးပြီး တစ်လလောက်ကြာမှ ကိုယ်ခံအား အင်တီဘော်ဒီ ပေါ်ပါတယ်။ အဲတော့ မွေးပြီးပြီးချင်း ကလေးကို ဘီပိုးမကူး စက်အောင် ကာကွယ်မပေးနိုင်ပါဘူး။ ဒါကြောင့် ဘီပိုးကာကွယ်ဆေးကို ကိုယ်ခံအား ချက်ချင်းရနိုင်စေတဲ့HBIG နဲ့တွဲပြီး သုံးရတာပါ။HBIG က ချက်ချင်းတက်စေတဲ့ ကိုယ်ခံအားဟာ တစ်လလောက်ကြာရင် ကုန်သွားပါတယ်။ အဲဒီအခါမှာ ဘီပိုးကာကွယ်ဆေးထိုးလို့ တက်လာတဲ့ ကိုယ်ခံအားက ဆက်လက် တာဝန်ယူ စောင့်ရှောက်ကာကွယ်သွားမှာပါ။ ပြန်ပြီးခြုံပြောရမယ်ဆိုရင် မိခင်ကနေ ကလေးကို ဘီပိုးမကူးအောင် - မိခင်ကို ကိုယ်ဝန် ၃၂ပတ်မှာဘီပိုးသေဆေး တင်နိုဖိုဗီယာတိုက်၊ - ကလေးကို မွေးပြီး ၂၄ နာရီအတွင်းမှာ - ဘီပိုးကာကွယ်ဆေးထိုး၊ - ဘီပိုးသေဆေးHBIG ထိုးပေးပါ။ ဒီလို နည်းသုံးနည်းနဲ့ ကာကွယ်မယ်ဆိုရင် ဘီပိုးရှိတဲ့ မိခင်ကနေ မွေးလာတဲ့ ကလေးကို ဘီပိုးမကူးစက်အောင် ၉ဝ ရာခိုင်နှုန်းလောက် ကာကွယ်ပြီးသား ဖြစ်ပါတယ်။ အိတ်(ခ်ျ)ဘစ်(ခ်)HBIG ဘီပိုးသေဆေး ဒီနေရာမှာကြုံတုန်း ဘီပိုးသေဆေးHBIG အကြောင်း နည်းနည်းပြော ချင်ပါတယ်။ HBIG ဟာ ဘီပိုးကိုယ်ခံအားရှိတဲ့ လူတွေဆီက သွေးတွေကိုထုတ်ပြီး အဲဒီသွေးတွေထဲကနေ ကိုယ်ခံအား အင်တီဘော်ဒီတွေကို ထုတ်ထားတာပါ။ ဒါကြောင့်HBIG ကို ထိုးလိုက်ရင် ဘီပိုးကိုသေစေနိုင်တဲ့ အင်တီဘော်ဒီတွေ ဟာ လူခန္ဓာကိုယ်သွေးထဲကို ၁၅ မိနစ်အတွင်း ရောက်သွားတာပါ။ ဒါကြောင့်HBIG ကို ထိုးရင် ဘီပိုးကိုယ်ခံအားဟာ ချက်ချင်းသွေးထဲရောက် တာပါ။HBIG ရဲ့ အသုံးကျ ကိုယ်တွေ့ဖြစ်ရပ်လေးတစ်ခုကို ပြောပြတင်ပြ ချင်ပါတယ်။ တစ်နေ့တော့ တပည့်ဆရာဝန်မလေး တစ်ယောက်ဟာ သုတ်သီးသုတ်ပျာနဲ့ ရောက်လာပါတယ်။ သူက ''ဆရာ ကျွန်မကို အကြံဥာဏ်လေး ပေးပါဦး'' လို့ ထိတ်လန့်တကြား ပြောပါတယ်။ ''ဘာလဲဟဲ့ နင့်ဟာကလည်း ပျာယီးပျာယာနဲ့ ဘာတွေများ ဖြစ်လာလို့တုံး'' လို့ မေးလိုက်တော့ ''ကျွန်မနဲ့ လက်ထပ်မယ့်သူက ဒီနေ့မှ သူ့မှာဘီပိုးရှိတယ်ဆိုတာ ပြောပြတယ်။ ကျွန်မတို့က ရှေ့အပတ်ဆို လက်ထပ်တော့မှာ။ ဖိတ်စာတွေလည်း ဝေထားပြီးပြီ။အခုတော့ဘယ်လိုလုပ်ရမလဲ ဆရာရယ်။ ဖြစ်ချင်တော့ ကျွန်မကလည်း ဘီပိုးကာကွယ်ဆေး ထိုးမထားမိဘူး။ဘယ်လိုလုပ်မတုံး။ ဒုက္ခပါပဲ'' လို့ ပြောပါတယ်။ ကျွန်တော်က ''ဒါလွယ် လွယ်လေးပဲ၊ ကာကွယ်လို့ရတယ်'' လို့ဆိုပြီး အပေါ်မှာပြောပြခဲ့တဲ့ မိခင် ကနေ ကလေးကို ဘီပိုးကာကွယ်နည်းကိုပဲ ပြောပြလိုက်ပါတယ်။ ''သမီး ချက် ချင်း ဘီပိုးကာကွယ်ဆေး တစ်ချောင်းထိုး၊ ပြီးတော့ ဘီပိုးသေဆေးလို့ခေါ်တဲ့HBIG သုံးလုံးလည်း ထိုးရမယ်။ ကလေးတွေဆိုရင်တော့HBIG က တစ်လုံး ဆိုရတယ်လေ။ လူကြီးတွေမှာတော့ ဘော်ဒီဝိတ်ကိုလိုက်လို့ နှစ်လုံးကနေ လေးလုံးထိုးရတယ်။ အကြမ်းဖျင်းပြောရမယ်ဆိုရင်တော့ သုံးလုံးထိုးပေါ့။ အဲဒါ ဆို မင်းကို ဘီပိုးမကူးတော့ဘူးပေါ့'' လို့ သေချာရှင်းပြလိုက်တော့မှ သူတော် တော်လေး စိတ်ချဝမ်းသာပြီး ထွက်သွားပါတော့တယ်။ ဒီလိုပဲ ဘီပိုးရှိတဲ့သူ ထိုးတဲ့အပ်နဲ့ လက်ကိုစိုက်မိလို့၊ ဘီပိုးရှိတဲ့လူသွေးကို ကိုင်မိလို့ဆိုတဲ့ ကိစ္စတွေအားလုံးမှာလည်း အထက်မှာတင်ပြထားခဲ့တဲ့ ဘီပိုး ကာကွယ်ဆေးနဲ့ ဘီပိုးသေဆေးHBIG တွဲထိုးတဲ့နည်းကို သုံးပြီး ကာကွယ် နိုင်ပါတယ်။ (လာမည့်အပတ်မှာတော့ ဘီပိုးကာကွယ်ဆေး စနစ်တကျ ထိုးနည်းနဲ့ ဘီပိုးကာကွယ်ဆေး အမျိုးမျိုးအကြောင်းကို အသေးစိတ်ရေးပြသွားပါမယ်။)

No comments: