Tuesday, July 28, 2015

လျှပ်တားပစ္စည်းဖြင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ် ====================================

လျှပ်တားပစ္စည်းဖြင့် လျှပ်စစ်အန္တရာယ် ကြိုတင်ကာကွယ် ==================================== လျှပ်စစ်ဓာတ်အားသုံးစွဲသူ အများစုသည် ဗို့အားနိမ့် ၄ဝဝ/၂၃ဝ ဗို့ ဓာတ်အားကိုသာသုံးစွဲ၍ စက်မှုလုပ်ငန်းငယ်များ၊ အိမ်တွင်း လျှပ်စစ် ပစ္စည်းများ၊ အလင်းရောင်မီးများအတွက် အသုံးပြုကြပါသည်။ လျှပ်စစ် ဓာတ်အားသုံးစွဲသူများအတွက် ဓာတ်လိုက်မှု ဖြစ်စဉ်အများစုသည် ၄ဝဝ/ ၂၃ဝ ဗို့ ဓာတ်အားသုံးစွဲမှုများကြောင့် ဖြစ်ပွားမှုသည် အများဆုံးဖြစ်ပါ သည်။ လျှပ်စစ်ဓာတ်လိုက်မှုသည် ကိုင်တွယ်အသုံးပြုသော လျှပ်စစ်ပစ္စည်း၊ ဓာတ်အားလိုင်းကြိုးမှတစ်ဆင့် လူ၏ခန္ဓာကိုယ်ကို ဓာတ်အားဖြတ်သန်း စီးဆင်းခြင်းကြောင့် ဖြစ်ပါသည်။ လျှပ်စစ်ပစ္စည်းများ သုံးစွဲရာတွင် လည်းကောင်း၊ လျှပ်စစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်းကောင်း လျှပ်စစ်အသိ လျှပ်စစ်သတိဖြင့် ဆောင်ရွက်ရပါမည်။ ရော်ဘာလက်အိတ်၊ ရော်ဘာဖိနပ်စသည့် လျှပ်စစ်ဖြတ်သန်း မစီးဆင်းနိုင်သော လျှပ်တား ပစ္စည်းများအသုံးပြု၍ ကိုင်တွယ်ဆောင်ရွက်ရပါမည်။ လျှပ်စစ်ဓာတ်အားသုံးစွဲသူများအနေဖြင့် မိမိပတ်ဝန်းကျင် အသုံး အဆောင်များတွင် လျှပ်စစ်ဓာတ်အား ဖြတ်သန်းမစီးဆင်းနိုင်သော လျှပ်တားပစ္စည်း (Insulator) နှင့် လျှပ်စစ်ဓာတ်အား ဖြတ်သန်းစီးဆင်း နိုင်သော လျှပ်စီးပစ္စည်း (Conductor) တို့ကို သိရှိထားရန် လိုအပ်ပါ သည်။ မိမိပတ်ဝန်းကျင်တွင် တွေ့ရှိနိုင်သည့် ခြောက်သွေ့သော သစ်သား၊ ဝါး၊ အဝတ်အထည်များ၊ ရော်ဘာဖြင့် ပြုလုပ်သော ပစ္စည်းများ၊ ဖိုင်ဘာ၊ ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ပစ္စည်းများသည် လျှပ်စစ် မစီးဆင်း နိုင်သော လျှပ်တားပစ္စည်း (Insulator) များ ဖြစ်ပါသည်။ မြေကြီး၊ သမံ တလင်း၊ ကြေး၊ သံထည်ပစ္စည်းများ၊ သတ္တုများဖြင့် ဆောင်ရွက်ထားသော ပစ္စည်းများသည် လျှပ်စစ်စီးဆင်းနိုင်သော လျှပ်စီးပစ္စည်းများ ဖြစ်ပါသည်။ ရေသည် လျှပ်စစ်ကောင်းစွာ စီးဆင်းနိုင်သောကြောင့် ရေစိုသော အဝတ် အထည်၊ ဖိနပ်၊ အသုံးအဆောင်ပစ္စည်းများသည် လျှပ်စစ်စီးဆင်းနိုင်ပါ သည်။ လူအပါအဝင် သက်ရှိသတ္တဝါ အားလုံးသည်လည်း လျှပ်စစ်ဓာတ်အား စီးဆင်းနိုင်သည်။ မိမိပတ်ဝန်းကျင်တွင် တွေ့ရှိနေရသော ပစ္စည်းများကို လျှပ်တားပစ္စည်း နှင့် လျှပ်စီးပစ္စည်း ခွဲခြားသိရှိခြင်းဖြင့် လျှပ်စစ်ပစ္စည်းများ ကိုယ်တွယ် အသုံးပြုရာတွင်လည်းကောင်း၊ ဓာတ်လိုက်နေသူကို ကယ်တင်ရာတွင် လည်းကောင်း မိမိပါအန္တရာယ်ကင်းစွာ ကိုင်တွယ်သုံးစွဲခြင်း၊ ကယ်တင်နိုင် ခြင်းများ ပြုလုပ်နိုင်မည် ဖြစ်ပါသည်။ လျှပ်စစ်မစီးဆင်းနိုင်သော သစ်သားခင်း၊ ဝါးခင်း၊ ကြမ်းပြင်ပေါ်တွင် လျှပ်စစ်ပစ္စည်းများ ကိုင်တွယ်အသုံးပြုပါက လျှပ်စစ်အန္တရာယ် နည်းမည် ဖြစ်သော်လည်း သမံတလင်း၊ မြေကြီးပေါ်တွင် ကိုင်တွယ်အသုံးပြုပါက လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်အတွက် ခြောက်သွေ့သော ဖိနပ်စီးထားခြင်း သို့မဟုတ် သစ်သား ရော်ဘာပြားစသည့် လျှပ်စစ်မစီးနိုင်သော ပစ္စည်းများ ခြေထောက်အောက်တွင်ခင်း၍ လုပ်ငန်းဆောင်ရွက်ပါက လျှပ်စစ်အန္တရာယ် ကင်းရှင်းနိုင်မည် ဖြစ်ပါသည်။ သမံတလင်း၊ ကြွေပားခင်းထားသော အခန်း များတွင် ဖယောင်းပုဆိုး၊ ဂုန်နီကော်ဇောခင်းထားခြင်းဖြင့်လည်း လျှပ်စစ် အန္တရာယ်မှ ကာကွယ်နိုင်ပါမည်။ ၂ဝ၁၅ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အမရ ပူရမြို့နယ် အိုးတော်ရပ်ကွက်နေ ဦးဝင်းကို နေအိမ်သမံတလင်းကြမ်းပြင်တွင် စာကြည့်မီးစလောင်းပျက်နေ၍ ပြုပြင်ရန်အတွက် ဝါယာကြိုးဆက်ရန် ဆောင်ရွက်ရာ၌ ပလပ်မဖြုတ်ဘဲ မီးခလုတ်ဖွင့်ထားပြီး ဆောင်ရွက်ခဲ့သဖြင့် ဦးဝင်းကို ဓာတ်လိုက်သေဆုံးမှု ဖြစ်ပွားခဲ့ပါသည်။ အကယ်၍သာ ဦးဝင်းကို သည် ဖိနပ်စီးထား၍ လုပ်ငန်းဆောင်ရွက်ခဲ့ပါက ဓာတ်လိုက်သေဆုံးမှုမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။ လျှပ်စစ်အန္တရာယ်ကင်းရှင်းရန်အတွက် နေ့စဉ်အသုံးများသော မီးဖို ချောင်အခင်းများသည် သမံတလင်းနှင့်ြေ<ွကပြားအခင်းများဖြစ်ပါက မီးခလုတ်၊ မီးဖို ကိုင်တွယ်သော နေရာတွင် သစ်သားခုံ၊ ရော်ဘာပြားအခင်းပြားများကို ခြေထောက်တင် ချက်ပြုတ်နိုင်ရန် ဆောင်ရွက်ထားရမည် ဖြစ်ပါသည်။ လျှပ်စစ်ဝိုင်ယာကြိုးများ၊ မီးခလုတ်များကို ပြုပြင်တပ်ဆင်၊ လဲလှယ်ခြင်း များ ဆောင်ရွက်ရာတွင်လည်း ရော်ဘာလက်ကိုင်အစွပ်များ ပါရှိသည့် ပလာယာ၊ ဝက်အူလှည့်များကို အသုံးပြုခြင်း၊ လက်အိတ်စွပ်ကိုင်တွယ်ခြင်း၊ ခြောက်သွေ့ဖိနပ်စီးခြင်းတို့ဖြင့် လျှပ်စစ်အန္တရာယ်ကင်းအောင် ဆောင်ရွက် ရန် လိုအပ်ပါသည်။ လျှပ်စစ်အသုံးအဆောင်ပစ္စည်းများကို သတိမမူ ကိုင်တွယ်မိရာမှ လျှပ်စစ်အန္တရာယ်ကြုံတွေ့ရမှု ဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့ပါသည်။ အိမ်သုံး လျှပ်စစ်ပစ္စည်းများဖြစ်သည့် မီးပူ၊ မီးဖို၊ ရေနွေးအိုး၊ လျှပ်စစ်ထမင်းအိုး၊ မော်တာ၊ အပ်ချုပ်စက်စသည်တို့၏ ကိုယ်ထည်များသည် ဓာတ်ကြိုးများ ပေါက်ပြဲမှုမှတစ်ဆင့် လျှပ်စစ်ဓာတ်အား ရှိနေတတ်ပါသည်။ လျှပ်စစ်ပစ္စည်း များ၏ ကိုယ်ထည်များတွင် လျှပ်စစ်ဓာတ်အား ရှိ မရှိ သိရှိနိုင်ရန်အတွက် လျှပ်စစ်စမ်းသပ်သော Tester ဖြင့် စမ်းသပ်ကြည့်နိုင်ပါသည်။ လျှပ်စစ်စမ်းသပ်သော Tester ကို စတိုးဆိုင်များ၊ လျှပ်စစ်ပစ္စည်းဆိုင် များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး ငွေကျပ် တစ်ထောင်အတွင်းသာ ရှိသည့်အတွက် အိမ်များတွင် တစ်ချောင်းစီ ဆောင်ထားသင့်ပါသည်။Tester အသုံးပြုနည်းသည် အလွန်ရိုးရှင်းလွယ်ကူပါသည်- (က) Tester ၏ ဓာတ်မလိုက်နိုင်သော အရင်းဘက်တွင်ကိုင်၍ ထိပ်ဖက်ကို လက်မဖြင့် ပိတ်၍ ကိုင်ရပါမည်။ (ခ) စမ်းသပ်လိုသော လျှပ်စစ်အသုံးအဆောင်ပစ္စည်းကို Tester အဖျားပိုင်းဖြင့် ထောက်ကြည့်ပါ။ (ဂ) Tester တွင် မီးလင်းနေပါက ၎င်းလျှပ်စစ်အသုံးအဆောင်တွင် လျှပ်စစ်ဓာတ်အားရှိနေမည်ဖြစ်သည်။ Tester ဖြင့် လျှပ်စစ်ပစ္စည်းကိုယ်ထည်ကို စမ်းသပ်ထောက်ကြည့်၍ မီးလင်းပါက ကိုင်တွယ် အသုံးပြုသူအနေဖြင့် လျှပ်စစ်အန္တရာယ်ရှိမည် ဖြစ် ပါ သည်။ အဆိုပါ လျှပ်စစ်ပစ္စည်း၏ အတွင်းဝါယာကြိုးများ ပေါက်ပြဲမှုရှိ မရှိကို လျှပ်စစ်ကျွမ်းကျင်သူများနှင့် စစ်ဆေးပြင်ဆင်ရပါမည်။ လျှပ်စစ် ပစ္စည်းများ၏ ကိုယ်ထည်များကို မြေဓာတ် (Earth) ချ၍ သုံးစွဲသော စနစ် ( 3 Pin) စနစ် ဆောင်ရွက်ပေးခြင်းဖြင့် ကိုင်တွယ်အသုံးပြုရာတွင် လျှပ်စစ် အန္တရာယ် ကင်းရှင်းနိုင်မည် ဖြစ်ပါသည်။ လျှပ်စစ်ဓာတ်အား သုံးစွဲသူများအနေဖြင့် လျှပ်စစ်အသုံးအဆောင် ပစ္စည်းများကို လျှပ်စစ်ဓာတ်အား စီးဝင်နေခြင်း ရှိ မရှိ Tester ဖြင့် ကြိုတင်စစ်ဆေးခြင်းနှင့် ကိုင်တွယ်အသုံးပြုရာတွင် ရော်ဘာလက်အိတ်စွပ် ခြင်း၊ လျှပ်တားပစ္စည်းပါသော ပစ္စည်းကိရိယာများ အသုံးပြုခြင်း၊ ခြေထောက် အောက်ခံတွင် လျှပ်တားပစ္စည်းများထားရှိ၍ လုပ်ငန်းများဆောင်ရွက် ခြင်းဖြင့် လျှပ်စစ်အန္တရာယ်မှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြအပ်ပါ သည်။ ဝေယံ

No comments: