Tuesday, July 28, 2015

ပူတာအိုခရိုင်ရှိ စစ်ရှောင်ဒေသခံများ ရိက္ခာပြတ်လပ်

ပူတာအိုခရိုင်ရှိ စစ်ရှောင်ဒေသခံများ ရိက္ခာပြတ်လပ် ဇူလိုင် ၂၈ ရက်၊ ၂၀၁၅ ပူတာအိုခရိုင် ဆွမ်ပရာဘွမ်မြို့နယ်ရှိ ကျေးရွာငါးရွာမှ ဒေသခံ ၁၄၀၂ ဦးမှာ တိုက်ပွဲများကြောင့် တိမ်းရှောင်နေရပြီး လက်ရှိအချိန်တွင် စားနပ်ရိက္ခာ ပြတ်လပ်မှုများနှင့် ကြုံတွေ့နေရကြောင်း ကချင်နှစ်ခြင်းအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးလမာရော်က The Voice သို့ ပြောကြားသည်။ အဆိုပါ ဒေသများတွင် ယခုအခါ ကချင်လွတ်မြောက်ရေး တပ်မတော် KIA နှင့် တပ်မတော်တို့ တိုက်ပွဲများ မဖြစ်သော်လည်း ဇွန်နှင့် ဇူလိုင်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ပုန်းရှောင်နေရသော ဒေသခံများ စားနပ်ရိက္ခာ မဖူလုံမှုများနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။ “အခုတော့ ပြန်ပြီးမှ ညှိနှိုင်းတာတော့ မရှိဘူး။ အခုချိန်မှာတော့ ဒေသခံတွေက စားနပ်ရိက္ခာ မလုံလောက်ဘူးလို့ ကြားရပါတယ်။ ရွာကိုဝင်ပြီး စားစရာတွေ သွားယူရင် အသံကြားပြီး စစ်တပ်ဘက်က လက်နက်နဲ့ထုတယ်” ဟု ကချင်နှစ်ခြင်းအဖွဲ့ချုပ်မှ ဦးလမာရော်က ဆိုသည်။ ကချင်ပြည်နယ် ဆွမ်ပရာဘွမ်အနီး တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ရှောင်ဒေသခံ ၁၀၀၀ ခန့်ကို ကေအိုင်အေအဖွဲ့က ယာယီ ခေါ်ယူစောင့်ရှောက်ထားကြောင်း ကေအိုင်အေအဖွဲ့မှ ဗိုလ်မှူးကြီးနော်လီက ပြောကြားသည်။ “မလိယန်ရွာနားက ရွာလေးတွေ ပါတယ်။ တချို့လည်း တောထဲမှာ ရောက်သွားတာရှိတယ်။ ကျွန်တော်တို့ နယ်မြေအေးချမ်းရင် ပြန်ပို့ပေးမယ်။ ဟိုရက်ပိုင်းက လူမှုရေးအဖွဲ့အစည်းတွေက ရိက္ခာပို့ဖို့ လမ်းကြောင်းကို တပ်မတော်က တားဆီးထားတဲ့ ကျေးရွာက လူတွေလည်း ပါတယ်” ဟု ၎င်းက ဆိုသည်။ စစ်ရှောင်ကျေးရွာသားများထံသို့ ပစ္စည်းပို့ရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေလုံခြုံရေးအရ ရေလမ်းခရီးမှ သွားခွင့်မပြုဘဲ မြစ်ကြီးနား၊ ပူတာအို လမ်းကြောင်းမှသာ သွားခွင့်ပြုကြောင်း ပြည်နယ်အစိုးရမှ တစ်ဆင့် တရားဝင်စာ ထုတ်ထားခြင်းကြောင့် ထောက်ပံ့ရေးအဖွဲ့များ သွားရောက်နိုင်ခြင်း မရှိကြောင်း အဆိုပါ အဖွဲ့များထံမှ သိရသည်။ ဇူလိုင်လ ၁၈ ရက်က ကချင်နှစ်ခြင်းအဖွဲ့ချုပ် (KBC) က ယင်းနေရာသို့ စားနပ်ရိက္ခာများကို ကုန်းလမ်းခရီးဖြင့် သွား၍မရသောကြောင့် ဧရာဝတီမြစ်ကြောင်းအတိုင်း သွားရောက်လှူဒါန်းရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆွေးနွေးညှိနိုင်းသော်လည်း ခွင့်ပြုချက်မရသဖြင့် ဆိုင်းငံ့နေရကြောင်း၊ လက်ရှိအချိန်တွင် ပြန်လည်ညှိနှိုင်းခြင်း မပြုဘဲ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ခွင့်ပြုချက်ကို စောင့်နေကြောင်း ကချင်နှစ်ခြင်းအဖွဲ့ချုပ်ထံမှ သိရသည်။ မြစ်ကြောင်းခရီးဖြင့် သွားလျှင် တိုက်ပွဲကာလ ဖြစ်သောကြောင့် တစ်စုံတစ်ခု ဖြစ်နိုင်သဖြင့် ကုန်းလမ်းခရီးဖြင့်သာ သွားရောက်လှူဒါန်းရန်နှင့် တပ်မတော်ကလည်း တတ်နိုင်သလောက် ကူညီပေးသွားမည်ဖြစ်ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။ ဆွမ်ပရာဘွမ်ဒေသ တစ်ဝိုက်တွင် ကေအိုင်အေ တပ်မဟာ (၁) တပ်ရင်း (၇) လှုပ်ရှားနယ်မြေ ဖြစ်ပြီး တပ်မတော်ကလည်း နေရာယူထားကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ထံမှ စုံစမ်းသိရှိရသည်။ - (ဝေဝေ၊ ရန်ကောင်း) ( The Voice Weekly )

No comments: