Sunday, July 26, 2015

မိုးကောင်းမြို့ရေဘေး လူတစ်သောင်းကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ်

မိုးကောင်းမြို့ရေဘေး လူတစ်သောင်းကျော် အရေးပေါ် စားနပ်ရိက္ခာလိုအပ် ဇူလိုင် ၂၆ ရက်၊ ၂၀၁၅ ကချင်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း မိုးဆက်တိုက် ရွာသွန်းနေတာ ကြောင့် ဇူလိုင်လ ၁၇ ရက်နေ့က စပြီး ရေကြီးရေလျှံလို့ မိုးကောင်းမြို့နယ် ထဲက အိမ်ခြေ ငါးထောက်လောက် ရေနစ်မြုပ်နေပြီး လူတစ်သောင်းကျော် အတွက် စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေပါတယ်။ မိုးကောင်းမြို့ပေါ်ရပ်ကွက် ၁ဝ ခုနဲ့ နမ္မတီး၊ ဆားမှော်၊ လွဲလော၊ ရွှေအင်း၊ ကြာအင်းစတဲ့ ကျေးရွာတွေ မှာ ရေနစ်မြုပ်နေတဲ့အခြေအနေတွေကို မိုးကောင်းမြို့နယ် NLD ပါတီလူငယ်ခေါင်းဆောင် ကိုဝင်းအောင်က ပြောပါတယ်။ "၂၄ ရက်နေ့ ၂၅ ရက်နေ့မှာ ရေကပြန်တက်လာပြီးတော့မှ နဂိုရေမြုပ်တဲ့ အတိုင်ပဲ ပြန်ဖြစ်နေပါတယ်၊ တစ်ရပ်ကွက်မှမပေါ်ပဲနဲ့ ၁ဝ ရပ်ကွက် လုံမြုပ်နေတာပဲ၊ ကျနော်တို့ တစ်မြို့လုံးမှရှိတဲ့ ကျောင်းတွေကတော့ ပိတ်ထား ဆဲပဲ တစ်ကျောင်းမှမဖွင့်ဘူး၊ မိုးကောင်းအပါအဝင် နစ်မြုပ်နေ တဲ့ရွာက အခု ကြာအင်း၊ လွဲလော်၊ ရွှေအင်း အဲ့ဒီရွာတွေအားလုံက ရေနစ်မြုပ် နေကြတယ်၊ လယ်တွေကတော့ မိုးကောင်းမှာ လယ်တစ်ကွက်မှမပေါ်ဘူး၊ အကုန်နစ်မြုပ်နေတဲ့ အပိုင်းမှာရှိတယ်ပေါ့၊ တစ်မြို့နယ်လုံးဆိုရင်တော့ အိမ်ခြေ ၅ဝဝဝ လောက် မြုပ်မယ်လို့ ခန့်မှန်းရတယ်ပေါ့၊ လူဦးရေ တစ်သောင်းကျော်ကျော်လောက်ကတော့ စားနပ်ရိက္ခာ တအား လိုအပ်နေတယ်" ရေနစ်မြှုပ်နေတဲ့အတွက် ကျေးရွာသားတွေဟာ မိုးကောင်းဘူတာ၊ မြို့နယ် စည်ပင်ခန်းမ၊ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်းနဲ့ တရုတ်ဘုံကျောင်း စတဲ့နေရာတွေမှာ ခိုလှုံနေကြပါတယ်။ ရေဘေးဒုက္ခရောက်နေသူတွေကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးဘုန်းဆွေက လာရောက် ကူညီနေသလို နိုင်ငံရေးပါတီတချို့နဲ့ လူမှုအဖွဲ့အစည်းတွေကလည်း ကူညီနေကြတယ်လို့ သိရပါတယ်။ အလားတူ ဖားကန့်မြို့နယ် ဝှေခါ၊ မဝါးပင်၊ မှော်ဂဠုန်၊ ဆိုင်းတောင် ရွာဟောင်း စတဲ့ကျေးရွာတွေမှာလည်း အခုလ ၂၃ ရက်နေ့က မိုးကြီးပြီး မြေပြိုလို့ လူတစ်ဦးသေဆုံးပြီး အိမ်ခြေတစ်ရာကျော်ဟာ ရေထဲမျော ပါပျက်စီးခဲ့ပါတယ်။ အဲ့ဒီကျေးရွာတွေက ရွာသား ငါးရာနီးပါးဟာ နီးစပ်ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေနဲ့ စာသင်ကျောင်းတွေမှာ ခိုလှုံ နေကြရပါတယ်။ ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ မိုးဆက်တိုက်ရွာသွန်းနေလို့ မီးရထားသံလမ်း၊ တံတား ရေနစ်မြုပ်ပျက်စီးနေတဲ့အတွက် မြစ်ကြီးနား-မန္တလေး မီးရထားလမ်းကို အခုလ ၁၇ ရက်နေ့ကစပြီး ပိတ်ထားရပါတယ်။ RFA

No comments: