Friday, October 4, 2013

ပြည်တွင်းငြိမ်းချမ်းရေးရရှိရန်လက်နက်ကိုင်းပဋိပက္ခများ၏ဇာစ်မြစ်ပြဿနာကိုနိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်အဓိကဖြစ်ကြောင်းသမ္မတဦးသိန်းစိန်ပြောကြား

ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် လက်နက်ကိုင် ပဋိပက္ခများ၏ ဇာစ်မြစ်ပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အဓိကဖြစ်ကြောင်း သမ္မတဦးသိန်းစိန် ပြောကြား ပြည်တွင်း ငြိမ်းချမ်းရေးရရှိရန် လက်နက်ကိုင် ပဋိပက္ခများ၏ ဇာစ်မြစ်ဖြစ်သည့် ပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ဖို့က အဓိကဖြစ်ကြောင်းနှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် လုပ်ဆောင်မှုပုံစံနှင့် စိတ်စေတနာမှန်ခြင်း မှားခြင်းကို သမိုင်းက ဆုံးဖြတ်ပေးကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က အောက်တိုဘာ ၁ ရက်က ပြည်သူလူထုသို့ ပြောကြားခဲ့သည့် (၁၀) ကြိမ်မြောက် ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် လက်ရှိအစိုးရအဖွဲ့၏ စက်တင်ဘာအတွင်း လုပ်ဆောင်ခဲ့မှုများ မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ရေဒီယိုမှ တစ်ဆင့် မိန့်ခွန်းပြောကြားခဲ့ခြင်း ဖြစ်ပြီး ရေရှည်တည်ဆောက်ရမည့် အမျိုးသား ပြန်လည်စည်းလုံး ညီညွတ်ရေးနှင့် တိုက်ရိုက်သက်ဆိုင်သည့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ်များကို ဦးစားပေး ပြောကြားခဲ့ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်သည့် အစိုးရအဖွဲ့၏ ရပ်တည်ချက်များကို ရှင်းပြခဲ့သည်။ ''ခေတ်အဆက်ဆက်မှာ ငြိမ်းချမ်းရေး တည်ဆောက်မှုကို အစဉ်တစိုက် ကြိုးပမ်းခဲ့ကြပါတယ်။ လုပ်ဆောင်မှုပုံစံနှင့် စိတ်စေတနာမှန်ခြင်း၊ မှားခြင်းဆိုတဲ့ ကိစ္စရပ်ကတော့ သမိုင်းက အဆုံးအဖြတ်ပေးတဲ့ ကိစ္စရပ်ဖြစ်ပါတယ်''ဟု နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြောကြားသည်။ ထို့ပြင် နိုင်ငံတော်သမ္မတဦးသိန်းစိန်က ''သမိုင်းဖြစ်ရပ်တွေကို အခြေခံတဲ့လက်တွေ့ သင်ခန်းစာတွေက ညွှန်ပြနေတဲ့ အချက်တစ်ခုကတော့ တိုင်းရင်းသားများ အားလုံးပါဝင်တဲ့ ခိုင်မာ၍ ရေရှည်တည်တံ့မည့် ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဉ်တစ်ရပ် ပိုင်ဆိုင်နိုင်ဖို့ဆိုရင် အပစ်အခတ်ရပ်စဲရေး တစ်ခုတည်းနဲ့ မလုံလောက်ဘဲ လက်နက်ကိုင် ပဋိပက္ခများရဲ့ ဇာစ်မြစ်ဖြစ်တဲ့ ပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့က အဓိကဖြစ်တယ် ဆိုသည့်အချက်ပဲ ဖြစ်ပါတယ်''ဟု ပြောကြားသည်။ ပြည်တွင်း ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် လိုအပ်ချက်များစွာနှင့် အားနည်းချက်များစွာ ရှိသော်လည်း ချိန်ထိုးကြည့်ပါက အောင်မြင်မှုများစွာ ရရှိခဲ့သည့်အတွက် ဆွေးနွေးဖက် အဖွဲ့အစည်းများဖြစ်သည့် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များကို လည်းကောင်း၊ တပ်မတော်ကို လည်းကောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအသီးသီးကို ချီးကျူးဂုဏ်ပြုရမည်ဟု နိုင်ငံတော်သမ္မတက မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသည်။ -- Sent from my Android phone with EMAIL 4 MM.

No comments: