Wednesday, October 30, 2013

သမ္မတမည်သူဖြစ်မည်နည်း

သမ္မတမည်သူ ဖြစ်မည်နည်းနှင့် ၅၉(စ) ပြင်ဆင်ရေး (ဆောင်းပါးရှင် - ဒေါက်တာရန်မျိုးသိမ်း) ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေး သမိုင်းတွင် ထူးခြားအရေးပါသော နိုင်ငံရေးဖြစ်စဉ်တစ်ခု ဖြစ်လာမည် ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သမ္မတအဖြစ် ရွေးကောက်ခံရန် ပြင်ဆင်နေပြီး ဒေါ်အောင်ဆန်းစုကြည်၏ ပြိုင်ဘက်သည် သူမ၏မိတ်ဆွေ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်း ဖြစ်နေခြင်းကြောင့်လည်း လာမည့်ရွေးကောက်ပွဲကို စိတ်ဝင်စားမှု မြင့်မားခြင်း ဖြစ်သည်။ သမ္မတမည်သူ ဖြစ်မည်ဆိုသော မေးခွန်း၏ အဖြေသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်နှင့် ဆက်စပ်နေသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မည်ရွေ့မည်မျှ ပြင်ဆင်နိုင်သည်ကို ဦးစွာစောင့်ကြည့် ရမည်ဖြစ်သည်။ လက်ရှိ လွှတ်တော်နိုင်ငံရေးတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ကိုယ်စားလှယ်နေရာ အများစု ရရှိထားပြီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၅ ရာခိုင်နှုန်းကို ရရှိထားသဖြင့် အခြေခံ ဥပဒေပြင်ဆင်ရေးသည် ပြည်ခိုင်ဖြိုးနှင့် တပ်မတော်တို့အပေါ် မူတည်နေသည်ဟု မှတ်ချက်ပြုနိုင်သည်။ ဒီချုပ်၏ ပြင်ဆင်ရေးအသံ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဒီချုပ်အနေဖြင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် အချက် ၁၀၀ ကျော်ကို ပြင်ဆင်ရန် ဆန္ဒရှိကြောင်း၊ ပြည်ထောင်စု လွှတ်တော်တွင် ဖွဲ့စည်းထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ၏ စည်းမျဉ်းစည်းကမ်းအရ အဆိုပါ အချက် ၁၀၀ ကျော်ကို ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိကြောင်း သတင်းမီဒီယာကို ဖြေကြားခဲ့သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ပါဝင်ပြီး ပုဒ်မ ၇၄ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၊ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၊ ထောက်ခံမှုဖြင့်သာ ပြင်ဆင်နိုင်မည့် အဓိက ပုဒ်မများဖြစ်သည်။ ကျန်ပုဒ်မ ၃၈၃ ခုသည် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် ပြင်ဆင်နိုင်မည် ဖြစ်သည်။ ဒီချုပ်၏ အချက် ၁၀၀ ကျော်တွင် နှစ်ဆင့်ပြင် အဓိကပုဒ်မ မည်မျှပါဝင်မည်ကို စောင့်ကြည့်ရဦးမည် ဖြစ်သည်။ တပ်မတော်၏ ပြင်ဆင်ရေးအသံ ပြည်ထောင်စု လွှတ်တော်တွင် ကိုယ်စားလှယ် ၁၆၆ ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်း တင်သွင်းခွင့်အား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရရှိထားသော တပ်မတော်၏ အခန်းကဏ္ဍသည်လည်း အခြေခံဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွင် အလွန်အရေးပါလျက် ရှိသည်။ တပ်မတော်နှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များသည် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာသုံးသပ်မှုများ ပြုလုပ်နေပြီး ပြင်ဆင်သင့်သော အချက်များနှင့် ပတ်သက်၍ အစီရင်ခံစာတစ်စောင် ပြုစုပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီသို့ တင်သွင်းမည်ဖြစ်သည်။ တပ်မတော်မှ အဆိုပြုမည့် ပြင်ဆင်လိုသော အချက်များသည် အရေးပါမှု မြင့်မားသည်ဟု သုံးသပ်နိုင်သည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အခန်းပါ ပုဒ်မများအရ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှု မရရှိလျှင် ပြင်ဆင်ရေး အထမမြောက်နိုင်သဖြင့် တပ်မတော်မှ အဆိုပြုမည့် အချက်များသည် ပြင်ဆင်နိုင်ခြေ မြင့်မားသော ပုဒ်မများ ဖြစ်လာနိုင်သည်။ ပုဒ်မ ၄၃၅ အရ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ချက် ဥပဒေမူကြမ်းကို ပြည်ထောင်စုလွှတ်တော်တွင် လက်ခံဆွေးနွေးရန် တင်ပြရာ၌ လိုအပ်သော လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းထက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ ရာခိုင်နှုန်းက သာလွန်နေသဖြင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထောက်ခံလျှင် ဥပဒေကြမ်းကို လွှတ်တော်၌ လက်ခံဆွေးနွေးနိုင်မည် ဖြစ်သည်။ -- Sent from my Android phone with EMAIL 4 MM.

No comments: