Friday, October 11, 2013

ဈေးချုကိုဘယ်သူဖြတ်

ဈေးချိုကို တစ်ခေါက် ရောက်တော့ ဈေးချို လမ်းတွေ ရှင်းနေတယ်။ ဈေးသည်တွေလည်း ယပ်တောင်လေးတွေ ကိုင်ရင်း အချင်းချင်း စကားပြောနေ ကြတာကို တွေ့ခဲ့ရတယ်။ ဈေးချို ဈေးရုံတွေထဲ လှည့်ပတ် ကြည့်ရင်းက ရွှေမန်းရုံ ဘက်ရောက် ခဲ့ပါတယ်။ မိတ်ဆွေ ဦးလေးကြီးနဲ့ စကားပြော ဖြစ်ကြရင်း ဈေးရောင်းပါးတဲ့ အကြောင်းနဲ့ ဟိုးအရင် ဈေးချိုရုံဟောင်းတုန်းက စည်းလုံးခဲ့။ ညီညွတ်ခဲ့ကြတဲ့ ဈေးချိုသူ၊ ဈေးချိုသားတွေရဲ့ ပုံရိပ်တွေကို ပြန်ပြောပြတယ်။ ဈေးချိုရုံဟောင်းတွေ ဖျက်လိုက်တော့ ဒီဈေးချိုထဲမှာ ဘ၀တွေရင်းပြီး စီးပွားရေး ရင်းနှီးမြှုပ်နှံထားသူ မန္တလေးသူ မန္တလေးသား၊ ဈေးချိုသူ၊ ဈေးချိုသား စစ်စစ်တွေရဲ့ ဘ၀တွေ ပျက်စီးယိုယွင်းကုန်တဲ့ အကြောင်းတွေလည်း တစ်သီတစ်တန်းကြီး ပြောပြခဲ့တယ်။ အခုလက်ရှိဈေးချိုကြီးကလည်း မှောင်တဲ့အခါမှောင်။ စက်လှေကားကြီးကလည်း ရပ်တဲ့အခါရပ်၊ မိုးရွာလို့ မိုးရေတွေ ပေါက်ကျလို့ ပစ္စည်းတန်ဖိုးတွေ ဆုံးရှုံးရသူက ဆုံးရှုံးနဲ့။ ဟိုးအ၇င် ဈေးချိုရုံဟောင်းကြီးရဲ့ အနားသတ်ကြွက်ကြွက်ညံနေရော့သလား ထင်မိတယ်။ ဟုတ်ပ။ ဒီဈေးချို၊ ဒီရုံဟောင်းကြီးကို ဘယ်သူကဖျက်လို့ ဘယ်လိုလူတွေ ဘယ်ဘ၀ကိုများ ရောက်ကုန်ပါလိမ့်လို့ တွေးမိခဲ့တယ်။ အရှေ့ အနောက် (၂၃) မိုင်ခန့်၊ တောင်မြောက် (၃၂) ကျယ်ပြီး အရှေ့ လောင်ဂျီတွဒ် ၉၆ ဒီဂရီ အလွန်နဲ့ မြောက်လတ္တီတွဒ် ၂၂ ဒီဂရီတို့ဆုံရာ မျဉ်းပေါ်မှာတည်ရှိနေတာကတော့ မန္တလေးလို့ခေါ်တဲ့ ရွှေမြို့တော်ကြီးပါပဲ။အရှေ့မှာ နတ်ထိပ်တောင်ရိုး၊ တောင်ဘက်မှာ ဒုဋ္ဌဝတီ (ခေါ်) မြစ်ငယ်၊ အနောက်မှာ ဧရာဝတီနဲ့ မြောက်ဘက်မှာ ချောင်းမကြီးခေါ် မတ္တရာမြစ်ဆိုတာကလည်း နယ်နိမိတ်ပိုင်းခြားထားတဲ့ စည်းတွေပဲဖြစ်ပါတယ်။ ကုန်းဘောင်မင်းဆက် (၁၁) ဆက်မှာ ဒုတိယနောက်ဆုံးမင်းဖြစ်တဲ့ “သီရိပဝရ ဝိဇယာနန္တယ သပဏ္ဍိတ မဟာဓမ္မရာဇာဓိရာဇာ” ဘွဲ့တံဆိပ် နာမံခံတဲ့ ဆဒ္ဒန်ဆင်မင်းသခင် မင်းတုန်းမင်းဟာ မန္တလေးကို တည်စဉ်ကတည်းက တာ၅၀(ပေ ၅၅၀ ၀န်းကျင်)ကို တစ်ပြနှုန်းသတ်မှတ်ပြီး လေးပြပတ်လည် စတုရန်းကွက်တွေနဲ့ ဖွဲ့စည်းထားခဲ့တယ်လို့ စာအုပ်စာပေတွေကနေ လေ့လာမှတ်သားရပါတယ်။ ဒီလို မန္တလေးရတာနာပုံ တည်စဉ်ခါကတည်းကလည်း လူနေအိမ်ခြေတွေနဲ့အတူ ဈေးတွေကိုပါ တည်ထားခဲ့တာပါ။ မန္တလေးရဲ့ အထင်အရ ၊ မန္တလေးလို့ပြောရင် ဈေးချိုနာရီစင်နဲ့ ဈေးချိုတော် ၁၂ ရုံကို ပြေးပြေးမြင်တယ်လို့ လူကြီးသူမတွေကလည်း စကားဝိုင်းတိုင်းမှာ ထည့်ထည့်ပြောလေ့ရှိပါတယ်။ အခုတော့ ဘယ်သူဖျက်လို့ ပျက်ခဲ့မှန်းမသိ၊ ဘယ်သူ့ကြောင့် ဘယ်သူတွေဘ၀ပျက်ပါတယ်လို့ လက်ညှိးထိုးပြရမှန်းမသိလိုက်ဘဲ မိ၇ိုးဖလာလုပ်ငန်းကိုင်ငန်းတွေ ပျက်စီးပြိုလဲကုန်ရင်း ဘ၀တွေလည်း လုံချာလည်လိုက်ခဲ့ကြရတာကတော့ ဈေးသူ/သားတွေပဲ ဖြစ်မှာပါ။ “လွတ်လပ်ရေး မရခင်ကတည်းက ဦးလေးတို့ မိဘဘိုးဘွားတွေက ဈေးချိုထဲမှာ ဆိုင်ဖွင့်လာကြတာလေ။ ဦးလေးဈေးထဲမလိုက်ခင် အမတွေက အရင်ဈေးထဲလိုက်ကြတယ်။ ဦးလေးဈေးထဲလိုက်တော့ရုံဟောင်းတွေကို ဖျက်နေပြီ။ ရုံဟောင်းတွေဖျက်တော့ အခု ဦးလေးတို့ “g” လည်းအသစ်ပြန်ဆောက်လိုက်တယ်။ ပထမ ရုံခြောက်ရုံကိုဖျက်တယ်။ ခြောက်ရုံကျန်တယ်။ ဖျက်လိုက်တဲ့ ခြောက်ရုံက ဈေးသည်တွေကို သုံးထပ်လေးထပ်တွေမှာ နေရာပြန်ပေးတော့ ဈေးကရောင်းမကောင်းကြတော့ဘူး။ အရင်အရမ်းကို ဈေးရောင်းကောင်းကြတဲ့ ဆိုင်တွေတောင် အပေါ်ထပ်ကိုလည်းရောက်သွားရော တစ်လလုံးနေလို့ ငွေငါးထောင်တောင် ပြန်မရကြတာတွေရှိလာတယ်။ တဖြည်းဖြည်းနဲ့ မွဲငတ်ကုန်တာပေါ့ကွယ်။ ဈေးဦးမပေါက်တဲ့ ဆိုင်တွေဆိုလည်း အများကြီးပဲ။ ဒီလိုနဲ့ပဲ ဘ၀ပျက်ကုန်ကြတာ။ ဒါ ကိုယ်သိတဲ့သူကိုပဲ ပြောတာနော်။ မသိတဲ့သူတွေလည်း အများကြီးပဲ။ ”လို့ ရွှေမန်းရုံမှာ ဒန်ပစ္စည်းရောင်းဝယ်တဲ့ ဆိုင်ရှင်ဦးလေးကြီးက သူကြုံတွေ့သမျှ ပြောပြခဲ့တယ်။ ဈေးချို၊ ယိုးဒယားဈေး၊ မလွန်ဈေး၊ ရဟိုင်းဈေး၊ ညောင်ပင်ဈေးနဲ့ ညွန့်ပေါင်းဈေးဆိုတာက မန္တလေးမြို့ရဲ့ အမှတ်တံဆိပ် ဈေးတွေလို့ သိခဲ့၇တယ်။ ပြဒါးမှုန် မန္တလေးမှန်ရိပ်(၃) မှာ ရေးဖွဲ့ထားတဲ့ စာရေးဆရာဆူးငှက်ကတော့ မန္တလေးဈေးချိုအကြောင်းကို “ဈေးချိုသည်“ဈေးကြို”အမည်မှ ပြောင်းလဲလာပြီး၊ အင်းဝနှင့် အမရပူရမြို့များ ပန္နက်၌ပင် “ဈေးကြို” “ဈေးကြိုရပ်”များ ပါရှိခဲ့သည်။ ထို့ကြောင့် အင်းဝနှင့် အမရပူရတွင် ယနေ့အထိဈေးချိုရပ်ကွက်မှာ အထင်အရှားရှိသည်။ ဖြင့် သာသာယာယာရှိသည်။ အများသိကြုံ၊ မြင်တွေ့ဖူးသော ဈေးချိုကြီးမျာ ၁၉၀၂ ခု။ ဧပြီလ ၁၂ ရက်တွင်ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။ မန္တလေးဈေးချိုနှင့် ပုံစံတူမှာ အီတလီပြည် မီလင်မြို့တွင် တစ်ခုသာရှိသည်။ ယခုအခါ အီတလီ မီလင်မြို့ရှိဈေးက ပြိုင်ဘက်မရှိ တစ်ခုတည်းသော ရှေးဟောင်းပစ္စည်းဖြစ်သွားပါပြီ။ ”လို့ ရေးသားဖော်ပြထားပါတယ်။ “အခုဆိုရင် ဈေးချိုရုံဟောင်းမှာ ဈေးရောင်းခဲ့ကြတဲ့ မန္တလေးသူ၊ မန္တလေးသားစစ်စစ်တွေ က သိပ်မရှိကြတော့ဘူး။ အခုက လူသစ်တွေများတယ်။ လူမျိုးကြားတွေများတယ်။ဟိုးအရင်ကတည်းကစပြီးတည်လာခဲ့တဲ့ ဈေးချိုသူ/သား အစစ်တွေက အခုဆိုရင် သုံးပုံတစ်ပုံတောင် ကျန်ချင်မှ ကျန်တော့မယ်။ အပြင်က ၀င်လာတဲ့သူတွေကများတယ်။ ဗမာတွေကလည်း မတတ်နိုင်ကြတော့ဘူးလေ”လို့ ဈေးချို “G”ရုံမှာ ဆိုင်ဖွင့်ထားတဲ့ ဆိုင်ခန်း၇ှင်တစ်ဦးက ပြောပါတယ်။ မန္တလေးဈေးချိုတော်မှာ ရှိတဲ့ဈေးသူဈေးသားတွေရဲ့ စည်းလုံးမှု ။ ညီညွတ်မှု။ အမျိုးဘာသာ သာသနာအပေါ် မြတ်နိုးကာကွယ်မှု၊ ရိုးရာအစဉ်အလာအပေါ် သံယောဇဉ်ကြီးမှု… ဆိုတဲ့ အမျိုးသားရေး စိတ်ဓာတ်တွေ ဟာ လူတိုင်းကိုယ်စီရင်ထဲမှာရှိနေကြတဲ့ စိတ်ဓာတ်တွေလို့ မန္တလေးမြို့ခံတွေက ပြောပါတယ်။ စည်းလုံးညီညွတ်မှုတွေ မန္တလေးအင်အားတွေ ပေါင်းစည်းနေတဲ့ ဒီဈေးချိုတော်ကြီးကို စတင်ဝါးမြိုလိုက်တာကတော့ မန်ကျည်းပင်ဈေးအရပ်က မီးဘဲဖြစ်ပါတယ်။ ၁၂၃၆ ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်နေ့မှာ လောင်လိုက်တဲ့မီးကြောင့် ပျက်စီးသွားတဲ့ အဆောက်အဦးတွေကို ၁၂၃၈ ခုနှစ်ပြာသိုလဆန်း ၁၄ရက်နေ့မှာ ဈေးချိုတော်အသစ် ထပ်မံတည်ဆောက်ခဲ့တယ်လို့ မြို့ခံတွေပြောပြချက်အရ သိရပါတယ်။ ဒီဈေးသစ်ကြီးကိုပဲ ၁၂၅၈ခုနှစ်မှာ မီးထပ်သင့်ခဲ့ပြီး နောက် ၃နှစ်အကြာ ၁၉၀၀ပြည့်နှစ် ဧပြီ ၃ရက် မှာလည်း ဈေးချိုတော်ကို နောက်ထပ်တစ်ကြိမ် မီးထပ်လောင်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်မီးလောင်မှု ဖြစ်တဲံ ၁၉၀၂ခုနှစ် ဧပြီ ၂ရက်နေ့ မီးလောင်မှုအပြီးမှာတော့ ရုံကြီး ၁၂ရုံနဲ့ ဖွဲ့စည်းထားတဲ့ ဈေးချိုတော်ကြီးကို ပြန်လည်တည်ဆောက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဘယ်လိုပဲ မီးဘေးနဲ့ ကြုံတွေ့ရပါစေ။ အခက်အခဲတွေကို ရင်ဆိုင်ကြရင်း ကုန်းရုန်းတည့်မတ်နိုင်ခဲ့ကြတဲ့ ဈေးချိုရဲ့ ပုံရိပ်တွေက မန္တလေးသူ၊ မန္တလေးသားတွေရဲ့ စိတ်ကို ပိုမိုခိုင်မာစေခဲ့သလို ပိုမိုပြီးလည်း စည်းလုံးညီညွတ်ခဲ့ကြပါတယ်။ ဒါတွေကြောင့်လည်း ဈေးချိုဆိုတဲ့ ပုံ၇ိပ်ကြီးဟာ မန္တလေးမြို့ခံတွေအတွက်တော့ နှလုံးသည်းပွတ်ဖြစ်ခဲ့ကြတာ မဆန်းဘူးလို့လည်း ဆိုနိုင်ပါတယ်။ ဈေးချိုကို မိဘအိမ်သဖွယ် နေထိုင်လုပ်ကိုင်လာကြတဲ့ ဈေးသူဈေးသားတွေဟာ ဈေးချိုရုံဟောင်းတွေကို ဖျက်လိုက်တဲ့အခါမှာ နဂိုမူလ မိမိတို့ဆိုင်ခန်းတည်ရှိရာ နေရာတွေမှာပြန်လည်မရရှိဘဲ အ၀င်အထွက် အသွားအလာနည်းတဲ့ အထပ်မြင့်တွေပေါ်က ဆိုင်ခန်းတွေကို ပြန်လည်ဝယ်ယူ၇တာဖြစ်တဲ့အတွက် အချို့ဈေးသည်တွေဟာ ငွေကြေးမတတ်နိုင်ကြတော့ဘဲ အဲဒီချိန်ခါကတည်းကဈေးချိုကို ကျောခိုင်းခဲ့ရသူတွေလည်း အများအပြားရှိခဲ့တယ်လို့ ဆိုပါတယ်။ ဈေးချိုရုံဟောင်းမှာ ဈေးရောင်းခဲ့တဲ့ ကိုကျော်ကတော့“ကျွန်တော်တို့ အဖွားတွေလက်ထက်ကတည်းက ဈေးချိုထဲမှာပဲကျင်လည်ခဲ့ကြတာ။ ကျွန်တော်တို့ဆိုရင် မိုးလင်းတာနဲ့ ဈေးထဲရောက်ပြီ။ ကျောင်းပိတ်ရက်ဆိုရင် ဒီဈေးထဲမှာပဲနေတာ။ ဆိုင်ပိတ်မှ မိသားစု အိမ်ပြန်ကြတာ။ အခုလို ရုံတွေဖျက်လိုက်တော့ အဖေကောအမေကော ဒီစိတ်နဲ့ ဆုံးသွားတယ်။ ကျွန်တော့်ရဲ့ အဖေက ပျော်ပျော်နေတတ်တဲ့သူ။ လူချစ်လူခင်လည်းပေါတယ်။ ဒီလိုလူက ဈေးချိုအဖျက်ခံရတော့ စိတ်ဓာတ်တွေကျပြီး အပြင်ကိုမထွက်သလောက်ဖြစ်သွားတယ်။ စိတ်ကျရောဂါတွေဝင်ပြီးဒီစိတ်နဲ့ပဲဆုံးသွားတာ။ ”လို့ ရင်ဖွင့်ခဲ့ပါတယ်။ “အရင်က အရမ်းကို ရောင်းကောင်းကြတဲ့သူတွေက အပေါ်ထပ်တွေကိုလည်းရောက်ကုန်ရော တစ်လလုံးနေလို့ ငွေငါးထောင်တောင် ပြန်မရကြတာတွေဖြစ်လာတယ်။ ဈေးဦးမပေါက်တဲ့ရက်တွေဆိုလည်း အများကြီးပဲ။ ဒီလိုနဲ့ ဘ၀ပျက်ကုန်ကြတာ။ ဒါကိုယ်သိတဲ့ကိုယ့်မျက်စိရှေ့တင်ဖြစ်သွားတဲ့သူတွေကို ပြောတာနော်။ ကိုယ်မသိလိုက်တဲ့သူတွေလည်း အများကြီးပဲ။ ”လို့ သူက ဆက်ပြောပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုဒီရေအမြင့်ဆုံးဖြစ်ခဲ့တဲ့ ၁၃၀၀ပြည့် ကာလ(၁၉၃၉ ခုနှစ်)မှာလည်း နယ်ချဲ့ကို ဆန့်ကျင်သပိတ်ဆင်နွဲကြတဲ့ ရဟန်းပျိုအဖွဲ့၊ ဗဟိုအမျိုးသား အထက်တန်းကျောင်းသူ၊ ကျောင်းသားများနဲ့ မန္တလေးမြို့လူထုကို ဈေးချိုတော် က အထူးအားပေးပူးပေါင်းဂုဏ်ပြုလို့ အစိုးရက ဈေးချိုမှာ ပုဒ်မ၂၃(၇)ကို ထုတ်ပြန်ပြီး ဖိနှိပ်ခဲ့တယ်လို့ စာအုပ်စာပေတွေမှာ ဖတ်မှတ်ခဲ့ရပါတယ်။ ဒါကြောင့် ဈေးချိုသူ၊ ဈေးချိုသား တွေက ဈေးချိုရုံကြီး ၁၂ရုံကို သပိတ်မှောက်ကာ အိမ်တော်ရာဘုရားဝင်းထဲမှာ ဈေးသွားဖွင့်ပြီး ဆန့်ကျင်ကန့်ကွက်ခဲ့ကြတဲ့အထိ ဈေးချိုရဲ့ နှလုံးသားဟာ မာခဲ့တယ်ဆိုတာကို အားလုံးလည်း သိပြီးဖြစ်ပါတယ်။ “ဒီဈေးချိုကလူတွေက ဘာသာရေးနဲ့ပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်အတွက်ပဲဖြစ်ဖြစ်၊ ဈေးချိုက အထင်ကရပဲ။ ရွှေဆိုင်တန်းကထိန်ဆိုရင်လည်း အထင်ကရပဲ။ ဒီလိုပဲ အားပေးမှုခြင်း၊ စည်းလုံးမှုခြင်းက ဈေးချိုက အရမ်းစုစည်းတယ်။ ညီညွတ်တယ်။ စုစည်းမှုအားကောင်းတယ်လို့ ပြောလို့ရတယ်။ အရေးအခင်းကာလတွေမှာဆိုရင် ဈေးချိုမိသားစုရဲ့ လှုပ်ရှားမှုကလည်း တော်တော်လေးကို အားကောင်းခဲ့တယ်။ ကျွန်တော်ထင်ပါတယ်။ အဲဒီဈေးချိုရဲ့ စည်းလုံးမှုကြီးကို ဖြိုခွဲချင်တာလည်း ပါပါလိမ့်မယ်။ ”လို့ ဈေးချိုဟောင်း “J” ရုံမှာ ဆိုင်ဖွင့်ခဲ့ဖူးသူ ကိုကျော်က ပြောပြပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုကာလတွေမှာ ဈေးချိုတော်ဟာ မပါမပြီး ပါဝင်ကာ ရပ်တည်ချက်မှန်ကန်ခဲ့တယ်။ လွတ်လပ်ရေးခေတ် ပြည်တွင်းစစ်ကာလမှာလည်း မြို့သူ၊ မြို့သား တိုင်းသူ ပြည်သားလူထုဆန္ဒနဲ့ ကိုက်ညီ တဲ့ ပြည်တွင်းငြိမ်းချမ်းမှုကို ဈေးချိုသူ၊ ဈေးချိုသားတို့က ထောက်ခံခဲ့ကြတယ်။ အထူးသဖြင့် ၁၉၈၈ရဲ့ သမိုင်းဝင် အရေးတော်ပုံကြီးမှာ ဈေးချိုတော်ဟာ ရဲရဲဝံ့ဝံ့နဲ့ ပြည်သူလူထုဘက်တော်သားဖြစ်ခဲ့ပြီး၊ ရဟန်း ကျောင်းသား ပြည်သူတွေရဲ့ လူထုတိုက်ပွဲတွေကို ရုပ်ဝတ္ထုအရရော စိတ်ဓာတ်အရရော အားပေးပူးပေါင်းခဲ့ကြတယ်လို့လည်း မန္တလေးမြို့ခံ စာရေးဆရာဆူးငှက်က ဆောင်းပါးမှာရေးသားထားတာကိုဖတ်မှတ်ခဲ့ရပါတယ်။ “ဒီဈေးချိုရုံတွေကို တိုင်းအမိန့်ဆိုပြီးဖျက်တာပဲ။ ဦးလေးကြားဖူးသလောက်တော့ အဲဒီတုန်းက မြေလှန်လှန်ဘာလုပ်လုပ်ဆိုပြီး အာဏာရှိတဲ့စစ်ဦးဘီလူးပေါ့နော်။ ၈၈၊ ၉၀၊၉၁ ခုနှစ်ဆိုတာက တိုင်းမှူးနဲ့ မြို့တော်ဝန်မှာအာဏာအပြည့်ရှိတယ်။ ဈေးချိုရုံတွေဖျက်ပြီး ချယ်လှယ်သွားတဲ့အထဲမှာ ဈေးချိုမိသားစုဘ၀တွေ အကုန်ပေးဆပ်လိုက်၇တယ်။ ဆိုင်ခန်းအစားချပေးတော့ ပြန်မ၀ယ်နိုင်ကြတော့ဘူး။ ဈေးတွေက အ၇မ်းကြီးနေတယ်။ အချို့ ကိုယ့်အိမ်ရောင်းပြီးဆိုင်ခန်းဝယ်ကြတော့ နေစရာပေါပျောက်ကုန်ကြရတယ်လေ။ ဦးလေးသူငယ်ချင်းက အိမ်ရောင်းပြီးဆိုင်ခန်းဝယ်လိုက်တာ။ ဆိုင်ကလည်း အထပ်မြင့်ပေါ်မှာဆိုတော့ ဈေးဝယ်ကမလာဘူး။ ဒီလိုနဲ့ပဲ မြို့ပေါ်မှာ မရပ်တည်နိုင်တော့ဘဲ မိသားစုလိုက်ပြောင်းကုန်ကြတယ်။ အခြေပျက်ကုန်တယ်။ ဦးလေးတို့ အသိမိတ်ဆွေတွေ အများကြီး ဘ၀ပျက်ကုန်ကြတယ်။ ဒီဈေးရုံကြီးကို ဗန်းပြပြီး သိန်းသောင်းဂဏန်းပိုက်သွားသူတွေက ခရိုနီတွေချည်းပါပဲ။ ခံလိုက်၇တဲ့မြေဇာပင်တွေက ဈေးသူ/သားတွေပေါ့။ မ၀ယ်နိုင်လို့ ဘ၀ပျက်တဲ့သူနဲ့၊ ၀ယ်ပြီး ရောင်းကောင်းနိုးမျှောလိုက်ရင်း ဘ၀ပျက်တဲ့သူနဲ့ ဒါပါပဲကွယ်”လို့ ဈေးချိုမှာ အစဉ်အဆက်ဈေးရောင်းလာတဲ့ ဈေးသည်တစ်ဦးက ရင်ဖွင့်ပါတယ်။ “ကျွန်တော်တို့ဆိုလည်း စားဝတ်နေရေးတွေ ခက်ခဲသွားတယ်။ ဒီလိုလေးပြန်ရပ်တည်နိုင်ဖို့ အချိန်တွေအကြာကြီးယူခဲ့ရတာ။ တကယ်ဆို ဒီဘက်ခြောက်ရုံက လူတွေကို အမြင့်ပေါ်တင်လိုက်တာပိုဆိုးသွားတယ်။ ရုံပြန်ဆောက်ရင် အစားပြန်ပေးသင့်ပေမယ့် ပြန်မပေးဘဲ သိန်းပေါင်းများစွာနဲ့ေ၇ာင်းစားတော့ ကိုယ့်ဗမာလူမျိုးက မတတ်နိုင်တော့ဘူး။ ”လို့ ရွှေမန်းရုံမှာ တာရာပုံးတွေေ၇ာင်းတဲ့ ဆိုင်ရှင်တစ်ဦးက ပြောပါတယ်။ ဖျက်ခံရတဲ့ဆိုင်ခန်း အစားပြန်ပေးတော့ ငွေနှစ်သိန်းခွဲပေးဝယ်ခဲ့ရတာပါ။ အဲဒီခေတ်ကာလမှာ ငွေကျပ်နှစ်သိန်းခွဲဆိုတာ ဘယ်လိုမှ မတတ်နိုင်ကြတဲ့ ငွေကြေးမျိုးမို့ တစ်ချို့သော ဗမာလူမျိုးတွေဟာ ငွေမတတ်နိုင်တဲ့အတွက် လက်ရှိဘ၀ကနေ လက်မဲ့ဘ၀ကို အလိုလိုတွန်းပို့ခံရပြီးသားဖြစ်သွားခဲ့ပြီး ဈေးချိုကြီးရဲ့ ပြင်ပကို ရောက်ရှိခဲ့ကြရပါတယ်။ “အခုအပေါ်ထပ်ဆိုင်ခန်းတွေကအခွန်ဆောင်ပြီး ပိတ်ထားရတယ်။ အဲဒီမှာ လူမရှိ၊ ဈေးဝယ်မလာတော့ လုံခြုံရေးအရ ပိတ်ထားတယ်”လို့ တာရာပုံးရောင်းတဲ့ဆိုင်ရှင်က ဆက်ပြောပြပါတယ်။ မန္တလေးဟာ နောက်ဆုံးမင်းစိုက်သွားတဲ့မြို့ဖြစ်တဲ့အတွက် သမိုင်းအမွေအနှစ်တွေ အများဆုံးကျန်ရစ်ခဲ့တဲ့ မြို့လည်းဖြစ်ပါတယ်။ “သမိုင်းဆိုတာ ဖျောက်လို့မရဘူး။ သမိုင်းဆိုတာ ရောင်ခြည်နဲ့တူတယ်။ တံခါးပွင့်တာနဲ့ ရောင်ခြည်ဝင်လာသလို အခုပွင့်လင်းရာသီရောက်လာပြီဆို တော့လည်းဖျက်ထားတဲ့ သမိုင်းက အကုန်ပြန်ပေါ်လာမှာပါပဲ။ စိတ်အနာဆုံးကတော့ မန္တလေးဟာ မီးခဏတိုင်းလောင်တဲ့မြို့ဖြစ်လို့ မီးဘေးအန္တရာယ် ကာကွယ်တဲ့ မီးခံအုတ်တွေနဲ့ ဆောက်လုပ်ထားတဲ့ မန္တလေးဈေးချိုတော်ကြီးကို ရည်ရွယ်ချက်ရှိရှိဆောက်ထားတာကို ဖျက်ပစ်လိုက်တာက သမိုင်းတရားခံပဲ။ တိုက်သစ်ကြီးတွေ တည်တိုင်းအနောက်နိုင်ငံက အထင်ကြီးတာမဟုတ်ဘူး။ သမိုင်းကို လာကြည့်ကြတာ။ အခု ၂၆ ဘီလမ်း၊ ဈေးချိုမြောက်ဖက်တိုက်တန်း၊ အရှေ့ဘက်တိုက်တန်း ပျောက်သွားတယ်။ ဈေးချို ၁၂ ရုံဆိုတာက သူ့သမိုင်းနဲ့သူ ရှိပြီးသား။ “လို့လည်း မန္တလေးမြို့မိမြို့ဖ တစ်ဦးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘာပတိဖြစ်တဲ့ ဦးသိန်းတန်က လည်း ပြောပါတယ်။ ဈေးချို ၁၂ ရုံမှာ တစ်ရုံချင်းစီမှာ ကုန်ပစ္စည်းတစ်မျိုးစီကို သီးသန့်ရောင်းဝယ်ဖောက်ကားကြပြီး ဆိုင်ခန်းတွေ။ ဈေးရုံတွေမှာလည်း သီးသန့်ကြားလမ်းလေးတွေ ရှိတယ်လို့ ဆိုပါတယ်။ ဈေးချိုမှာ လမ်းလယ်ခေါင် ပလက်ဖောင်းကြီးနဲ့ ကုက္ကိုလ်ပင်တန်းကြီးကိုလည်း အဓိပ္ပာယ်ရှိရှိ ထားရှိခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။ “ဒါတွေထားရခြင်းက ဈေးချိုကို ဈေးဝယ်လာရင် စက်ဘီးကို လမ်းလယ် ပလက်ဖောင်းမှာ ရပ်ထားလို့ရအောင် လုပ်ထားတာ။ နောက်ပြီးကုက္ကိုလ်ပင်တန်းကြီးထားတာက အရှေ့ဘက်က နေထိုးရင်အရိပ်ရဖို့အတွက် ထားခဲ့တာ။ ဒါတွေကို ဖျက်ဆီးပစ်လိုက်ကြတယ်”လို့ ဦးသိန်းတန်က ဆိုပါတယ်။ သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ အခုလို ဖျက်ဆီးခံလိုက်ရတဲ့အတွက် မန္တလေးရဲ့ ပုံရိပ်တွေပျောက်သွားခဲ့တဲ့အပြင် မန္တလေးရဲ့ အသည်းနှလုံးတွေလည်း ကြွေမွပျက်စီးခဲ့ရပါတယ်။ ဒါကြောင့် မန္တလေးကို ချစ်မြတ်နိုးကြသလို မန္တလေးရဲ့ အသည်းနှလုံးဖြစ်တဲ့ ဈေးချိုတော် ၁၂ ရုံကို ဖျက်ဆီးပစ်ခဲ့တဲ့သူတွေကို သမိုင်းတရားခံအဖြစ် နှလုံးပိုက်ထားကြမြဲဖြစ်တယ်ဆိုတာ မန္တလေးရဲ့ ရင်ဖွင့်သံအစစ်အမှန်တွေပဲဖြစ်ပါတော့တယ်။ မြနန္ဒါ ဂျာနယ် အတွဲ-၂ အမှတ် -၁၉ ။ ဆောင်းပါးရှင် - သင်းသင်းသော် မန္တလေးခေတ်  http://feeds.feedburner.com/thithtoolwin/yIWV

No comments: