Sunday, October 13, 2013

ဘုံရန်သူဒေါ်စု

့ မိတ်ဆွေတို့အတွက် ပြန်လည်မျှဝေတာပါ ခင်ဗျာ.... --------------------------------------------- ဒေါ်စုကြည် (သို့မဟုတ်) ဘုံရန်သူ 5:29am (သရော်စာ) မနေ့က ဒေါ်စုကြည် စင်္ကာပူ မှာ မြန်မာတွေနဲ့ တွေ့တယ်။ ဒီ့ မတိုင်ခင် ကထဲက စင်္ကာပူရောက် မြန်မာတွေ ဟိုကပွက် ဒီကညံ နဲ့ ဘာမှ မပြောချင်တာနဲ့ ဝင်မပြောခဲ့ဘူး။ အခုတော့ ကျုပ် ပြောမှ ဖြစ်တော့မယ်လို့ စဉ်းစားမိတယ်။ မပြောလို့လဲ မဖြစ်တော့ဘူးလေ။ ဒင်းတို့တွေ ဓါတ်ပုံတွေ အလုအယက်တင်၊ ဒေါ်စုကြည် အာဝါဒါး လျှောက်ပြောသွားတာကို အဟုတ်ကြီး မှတ်ပြီး ရှယ်ကြ ပြုကြနဲ့ ဆိုတော့ ဒေဝဒတ်ကို ဆရာ မတင်မိအောင် အသိပညာပေးဖို့ ကျုပ်မှာ တာဝန်ရှိတယ် လို့ ကျုပ်ဘာသာ သတ်မှတ်ထားတယ်။ အော်... အေး... ဒေါ်စုကြည် ဆိုတာ ဒေဝဒတ် လို့ ပြောရင် ဘုရားရှင်က ဘယ်သူဖြစ်မလဲ ကျုပ်မမေးနဲ့ ခင်ဗျားတို့ ဖြုတ်ဦးနှောက်လေး နဲ့ ကိုယ့်ဘာသာ စဉ်းစားကြ။ သိပ် မပိန်းကြနဲ့ ဟုတ်ပြီလား။ ဒီ အဘွားကြီးက နည်းနည်းလေး အခွင့်အရေး ရတာနဲ့ ဟုတ်သည်ရှိ မဟုတ်သည်ရှိ အခြေခံ ဥပဒေ ပြင်ဖို့ ချည်း အော်နေတယ်။ ဒီ အခြေခံ ဥပဒေ ဆိုတာ နှယ်နှယ်ရရ မဟုတ်ဘူး။ အနှစ် ၂၀ လောက် ပြင်ဆင်ပြီး ညောင် ၂ပင် က ရုက္ခစိုး ကြီး ၂ယောက် တာဝန်ယူပြီး ရေးထားခဲ့ရတာ။ ရုက္ခစိုးကြီး ၂ ယောက် ဆိုတာ ဘယ်သူတွေတုန်း ကျုပ်လာမေးရလောက်အောင် လဲ ထပ် မပိန်းကြနဲ့အုံး။ တယောက်က တိုင်းပြည်အတွက် ကြီးကောင်ကြီးမား အထိ တာဝန်ကျေကျေ လုပ်ပေးပြီးလို့ ကျန်းမာရေးအတွက် အေးအေးဆေးဆေး စာဖတ် အနားယူနေပြီ။ နောက် တယောက်ကတော့ ဘယ်သူလဲ ကိုယ့်ဘာသာ ရှာဖတ်ကြ။ အဲဒီ အခြေခံ ဥပဒေ ရေးနေတုန်းက ဒေါ်စုကြည် ဘာလုပ်နေတုန်း လို့ ကျုပ်မေးချင်တယ်။ ဘုမသိ ဘမသိ လျှောက်ပြောပြီး ရုက္ခစိုးချုပ်ကြီး ကို ဆန့်ကျင်ချင်တာနဲ့ ညောင် ၂ ပင် အောက်က ထွက်သွားတာ သူ့ အပိုင်း။ သူ့ အဖေလို သူများ သတ် သွားမှာ ဆိုးလို့တောင် ကျုပ် ဘကြီးက အစောင့် အရှောက်နဲ့ အိမ်ထဲက အိမ်ပြင် မထွက်ပါနဲ့ဆိုပြီး စောင့်ရှောက်ပေးခဲ့ရတဲ့ ကျေးဇူးမှ မထောက်၊ အခုတော့ ဒီ အခြေခံ ဥပဒေ ကိုဘဲ အရိုးများသလေး ချေးခါးသလေး လာလုပ်နေတယ်။ လူကြီးက လက်နဲ့ ရေးထားတာကို ခြေနဲ့ ဖျက်ဖို့ ကြိုးစားနေတယ်။ တကယ်တော့လဲ မတော်မတရား လုပ်ထားတာ မဟုတ်ပါဘူး။ ပြင်ချင်သပ ဆိုရင်လဲ ပြင်လို့ရအောင် မျှမျှတတ လုပ်ပေးထားတာပါ။ လူက ရေးထားတဲ့ ဥပဒေ ပြင်လို့ မရ ရှိပါ့မလားဗျာ။ တခုတော့ ရှိတာပေါ့။ အရင်က အတွေ့အကြုံတွေ ဖြစ်တဲ့ ၄၇ အခြေခံ ဥပဒေလို၊ ၇၄ အခြေခံ ဥပဒေတွေ အာဏာသိမ်းပြီးတာနဲ့ စက္ကူစုတ်လို လွှင့်ပြစ်တာမျိုး မဖြစ်ရလေအောင်၊ စည်းလေး ကမ်းလေး နဲ့ ဖြစ်အောင် ၂၀၀၈ အခြေခံ ဥပဒေ ပြင်ခွင့်ကို စနစ်တကျ ဒီမိုကရေစီ နည်းကျကျ ပြင်ခွင့် သတ်မှတ်ပေးထားတာပါ။ အနောက်ကနေထွက်၊ အရှေ့ မှာနေ၀င်၊ တောင်ထိပ်မှာ ကြာပေါက်၊ ပိတောက်တွေ ပြာ၊ တမာတွေချို၊ မိုးပြို၊ မြေအက်၊ ကမ္ဘာပျက် မှ ပြင်လို့ ရမှာ မဟုတ်ပါဘူး ဘယ်လို ပြင်လို့ ရမယ် ဆိုတဲ့ အခန်း ကို ရက်ရက်ရောရောကြီး ထည့်ပေးထားပါတယ်။ လွှတ်တော်ထဲက ပြောပေါ့ဗျာ။ အဘ ဟောင်းတွေ ပါတဲ့ ပြည်ခိုင်ဖြိုး ပါတီရော၊ ၂၅% သော တပ်မတော်သား အမတ် တွေကရော တိုင်းပြည် အတွက် ဆို အိပ်ငိုက် နေမှာ မဟုတ်ပါဘူး။ ပြောသွားသေးတယ်။ အိမ်ဖော်တွေ ကို အစိုးရ က အကာအကွယ် ပေးရမယ်။ ဟုတ်စ။ သူတို့ ကို ဘယ်သူက ရိုက်လွှတ်ပြီး အိမ်ဖော်သွား လုပ်ခိုင်းနေလို့တုန်း။ သခင်ကိုယ်တော်မှိုင်း ပြောသလို ပြောလိုက်မယ်... ကိုယ့်တိုင်းပြည်မှာ ထမင်း တလုတ် အတွက် ထင်းခုတ်စားတောင် မငတ်ဘူး။ တိုင်းပြည်ချစ်တဲ့သူတွေ ထင်ခုတ်စားနေတာ ပိုလျှံလွန်းလို့တောင် တရုတ်ပြည်ကို ကားတွေ အစီးလိုက် export လုပ်လို့ ရနေသေးတယ်။ တိုင်းပြည်ကို မချစ်လို့ ထွက်သွားတဲ့သူတွေ သေတောင် သောက်ဂရု မစိုက်ဘူးမှတ်။ နိုင်ငံ နဲ့ လူမျိုး သိက္ခာကျတယ်။ ထွီ.. ဒီမယ်.. ဒီမယ်.. rule of law, rule of law ဆိုပြီး ကိုယ်တိုင် ပူးပေါင်းပြီး မလုပ်ဘူးဘဲ နဲ့ ရွှတ်ရှက် ဒွတ်ဒက်တွေ ဖင်ပိတ် အော်မနေနဲ့။ ကိုယ့်တိုင်းပြည်ထဲ မှာ အလုပ်ကောင်းကောင်း မလုပ်တဲ့ ဝန်ထမ်းတွေ ဆို ဒို့ ဘကြီး မြေးလေးကတောင် မနေနိုင်ဘဲ ဝင်ဆုံးမ ပေးနေရသေးတယ်။ ဟိုတလောလေးကဘဲ ယာဉ်ထိန်းရဲ တယောက် ကိုယ့် အလုပ်ကိုယ် ကောင်းကောင်း မလုပ်လို့ နည်းနည်း မှတ်လောက်သားလောက်အောင် ဆုံး မ ပေးသေး။ ဘေးထိုင်ဘုပြော လောက်နဲ့ တော့ တိုင်းပြည် တည်ဆောက်လို့ မရဘူးဗျ။ ဘကြီးမြေးလေးလို ကိုယ်နိုင်ရာ က ဝင်ပြီး တာဝန်ယူကြပေါ့။ သူ့လို့ ရိုးရိုးသားသား နဲ့ လုပ်စားတဲ့သူများ ဘကြီး မြေးမှန်း မသိဘဲနဲ့တောင် တင်ဒါတွေ အောင်လို့။ ဘာဝိတ်မှ သုံးတာ မဟုတ်ဘူးနော်။ အာဏာကို အလွဲသုံးစား ဘယ်တုန်းကမှ လုပ်ခဲ့တဲ့သူတွေ မဟုတ်ဘူး။ လာဒ်ပေးလာဒ်ယူ ကိစ္စ ပြောတာ လက်ရှိဝန်ကြီးတွေကို ပုတ်ခတ်လား ပုတ်ခတ်ရဲ့။ ကျုပ်တို့ ဝန်ကြီးတွေက တပ်မတော်က လာတဲ့သူချည်းဘဲ။ အာဏာအတွက် လုပ်နေတာမဟုတ်ဘူး.. အမျိုးသားရေး အတွက် နိုင်ငံ့ တာဝန် မလွှဲမရှောင်သာ ယူထားရတာ အနှစ် ၂၅ ရှိပြီ။ နောက် အနှစ် ၁၀၀၀ လောက်ဆို စစ်တန်းလျားကို ပြန်ချင် ပြန်တော့မှာ။ ကျုပ်တို့ တပ်မတော်သားတွေက တိုင်းပြည်ကို ချစ်လွန်းလို့ အသက်စွန့်ဖို့ တပ်မတော်ထဲ ဝင်ခဲ့တာ။ မျိုးချစ်စိတ်က တော့ ကျုပ်တို့ သွေးတွေ ဖောက်ထုတ်ကြည့်လိုက်ဦး… ပွက်ပွက် ဆူနေတယ်။ ဒီလောက် စွန့်လွှတ် အနစ်နာခံထားတဲ့သူတွေအတွက် တယောက်ကို အိမ်လေး မြေလေး အလုံး ၄၀ ၅၀ ဆိုတာ ကျုပ်တို့ အနစ်နာ ခံထားတာ နဲ့ နှိုင်းယှဉ်ရင် မြင့်မိုရ်တောင် နဲ့ ဇီးစေ့ လောက် ရှိတာ။ အခု ဆို ကျုပ်တို့ ဝန်ကြီးတွေ အိမ်ရောင်း ကားရောင်းနဲ့တောင် ငြိမ်းချမ်းရေး အတွက် အလုပ်လုပ်နေတာသာကြည့်။ ဆွေစဉ်မျိုးဆက် ချမ်းသာလာတဲ့ အမွေတွေ အဆုံးရှုံး ခံပြီး လုပ်နေတာ။ မောင်နှမ လေး ၂ ယောက်ဘဲ ကျန်တာတောင် တရားတဘောင် ဖြစ်ပြီး အမွေ လုနေရတာနဲ့ ယှဉ်ကြည့်ကြပေါ့.... ကျုပ်တို့ ဝန်ကြီးတွေ ဘယ်လောက် အဂတိ ကင်းတယ် ဆိုတာ။ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု တွေ ဝင်မလာတာ အခြေခံ အဆောက်အဦးတွေ မရှိလို့ ဟုတ်လား။ ဘာတဲ့... စက်ရုံတရုံဆောက်တာ လမ်းပါ ဖောက်ပေး ရမယ် ဆို ဘယ်လာတော့မလဲ တဲ့။ ဒေါ်စုကြည် ညံ့ချက်ကတော့ ကျုပ် ပြောကို မပြောချင်ဘူး။ ကျုပ် လူပျိုပေါက် ကထဲက အခု အသက် ၄၀ အထိ TV ဖွင့်ကြည့်ရင် နေ့စဉ် မြင်ရ ကြားရတာ လမ်းဖွင့်ပွဲ နဲ့ တံတား ဖွင့်ပွဲဘဲ။ အဆိုးမြင် ဝါဒီ လက်ကိုင်ထားနေမှတော့ အဲဒီ လမ်းသစ်တွေ တံတားသစ်တွေကို ဘယ် မြင်လိမ့်မလဲ။ ရန်ကုန် မန္တလေး အမြန်လမ်းကြီး အကြောင်းဆို နေ့စဉ် နီးပါး ဂျာနယ်တွေထဲ ပါနေတာကြည့်။ ကားတွေ မှောက်တာတော့ မောင်းတဲ့သူတွေ သောက်ရမ်းကာရော မောင်းလို့ ဖြစ်ရတာ။ လမ်းတွေက ကောင်းမှကောင်း။ Infrastructure ဆိုပြီး မီးလေး ခဏတဖြုတ် ပျက်တာလောက်တော့ လာပြီး ဇာချဲ့ မနေနဲ့... ပိုနေလို့တောင် ထုတ်ရောင်းနေရသေးတာ။ နိုင်ငံခြားက ဝင်လာတဲ့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု လုပ်ငန်းတွေ ခေါင်းပုံဖြတ်တာကို အစိုးရက အကာအကွယ် မပေးဘူးများ ထင်နေကြလား။ တရုတ်ကုမ္ပဏီတွေ CEO က စပြီး ထမင်းချက် ဒရိုင်ဘာ ထိ ခေါ်လာတာ မသိလို့ မဟုတ်ဘူး တရုတ်ကို ကြောက်လို့ လွှတ်ပေးထားရတာ။ အခု တယ်လီဖုန်း ကုမ္ပဏီတွေကို ခေါင်းပုံ မဖြတ်အောင် ဘယ်လောက် ကာကွယ်ပေးနေလဲ မသိဘူးလား။ ကိုယ့် တိုင်းရင်းသား ကိုယ့်လူမျိုး ပိုင်တဲ့ ဦးပိုင် လီမိတက် ကို အကာအကွယ်ပေးတာ ကိုယ့်နိုင်ငံသားကို အကာအကွယ် ပေးနေတာဘဲလေ။ မစ္စိယစိတ်တွေ မထားဘဲ မုဒိတာလေး ပွားကြမယ် ဆိုရင် ဘယ်လောက် တိုင်းပြည်သာယာလိမ့်မလဲ။ မနာလို စိတ်တွေ များတဲ့ ကျုပ်တို့ မြန်မာလူမျိုးတွေကြောင့် တိုင်းပြည်အတွက် ရင်လေးသေးတယ်။ Infrastructure တွေ အတွက် စီမံကိန်းတွေ ချလုပ်ခဲ့တာပေါ့။ သူပြောမှလား။ ဧရာဝတီမြစ် ပိတ်ပြီး မြစ်ဆုံဆည်ဆောက်တာ ဆိုလဲ အနှစ် ၅၀ ပြီးရင် ကိုယ်က အပိုင်ရမှာလေ။ အကောင်းကြီး ကျန်မဲ့ဟာ.. သုံးပါလေ့ နောက်ထပ် အနှစ် ၂၀၀… ၃၀၀။ ဆောက်တုန်း ခဏတော့ သူ့ အလုပ်သမားတွေ ခေါ်လာမှာပေါ့။ ကိုယ့်လူ သွားထည့်လို့လဲ တရုတ်စကား နားလည်ကြတာမှ မဟုတ်တာ ဟုတ်ဘူးလား။ သူ့ဘာသာ တရုတ်အင်ဂျင်နီယာ မကလို့ ထမင်းချက် ဒရိုင်ဘာအထိ အကုန်ခေါ်လာတာ ဘာမှ မနာလို စရာ မရှိဘူး။ ဆည်ဆောက်ဖို့ ရှင်းတာ လင်းတာ စင်္ကာပူ တနိုင်ငံစာလောက် သစ်ပင်လေး ခုတ်ယူသွားတာ အမှိုက်ရှုပ်တောင် သက်သာသေး။ အမှိုက်တွေ ရှုပ်တော့ အဲဒီ အဘွားကြီး လာရှင်းပေးမှာလား။ မြစ်ကြီး ကောသွားလို့လည်း ပူစရာ မလိုပါဘူးကွာ။ အဘ တို့က ဒါမျိုး အံတို နေပြီ။ တခါထဲ တရုတ်ကြီးကို ချုပ်ထားပြီးသား။ မြစ်ကြီးကို ပြန်ဆယ် ပေးဖို့ စာချုပ် လေ။ တရုတ် ကုမ္ပဏီ လုပ်တဲ့ မြစ်ဆုံကြောင့် မြစ် ကောသွားမှာကို တရုတ် ကုမ္ပဏီ ကိုဘဲ မြစ် ပြန်ဆယ် ခိုင်းထားတယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တယ် ဆိုတာ ဒါမျိုးပေါ့။ ဟား… ဟား… ဟား… ။ မြစ်ဆယ်ပေးလို့ မြစ်ထဲက သဲတွေတောင် ငါတို့ဆီ မထားခဲ့နဲ့ တရုတ်ပြည် ယူသွားလို့ ပြောထားတယ်။ ကိုယ့်တိုင်းပြည်မှာ အမှိုက် မရှိအောင်လေ။ မပိုင်ဘူးလား။ ဘာ.. မြစ်ထဲက ရွှေတွေ ထွက်တယ် ဟုတ်လား။ အလကား ကောလဟာလ တွေ။ ဒါကြောင့် ကျုပ်ပြောတာပေါ့ အဘတို့ စီးပွားရေး အကွက်အကွင်း မြင်ချက်ကတော့ ကမ်းကုန်ဘဲ။ ဒေါ်စုကြည် နိုင်ငံခြား ရောက်တုန်း ဟိုက မြှောက်ပေးပြီး စင်ပေါ်လေး တင်ပေးလိုက်တာနဲ့ တောပြောတောင်ပြော သာ လျှောက်ပြောနေတာ နိုင်ငံခြားရေး ပေါ်လစီ ဆိုတာလဲ သိတာ မဟုတ်ဘူး။ ရိုဟင်ဂျာ ဆိုတာ မသိဘူး ဘင်္ဂလားက တရားမဝင် ဝင်လာတဲ့ လူဝင်မှု ကိစ္စတွေ ရှိတယ် ဘာညာတွေ လျှောက်ပြောတော့ အမကြီး ဟာစိနာ ခင်မျာ ဟစိဟစိ ဖြစ်ပြီး ဆွေ့ဆွေ့ခုန် နေရှာတယ်။ ဟုတ်လဲ မဟုတ်ဘဲနဲ့ အိမ်နီးနားချင်း မျက်နှာပျက်စရာ ဖြစ်ရော။ ရိုဟင်ဂျာ ဆိုတာ ဘင်္ဂလားဒေရှ့် က ဝင်လာတာ မဟုတ်ဘူး။ ဆွေစဉ်မျိုးဆက် နေလာတာ ကြာလှပေါ့။ ကဒ်ဖြူကြီးတွေ ထုတ်ပေးပြီး မဲပေးခိုင်းထားသေးတာ။ ကျုပ် အဘ လွှတ်တော်မှာ ပြောသလိုပေါ့.. အခု နိုင်ငံသား မဟုတ်သေးလဲ နောင်တနေ့ နိုင်ငံသား သေချာပေါက် ဖြစ်မှာဘဲလေ။ ၈၂ နိုင်ငံသား ဥပဒေ ဆိုတာ သွေးနဲ့ စစ်တာ မို့လား။ မြန်မာစကားသာ မတတ်တာ အမျိုး အရင်းကြီးတွေ။ တရုတ် ကုမ္ပဏီတွေတင် မကဘဲ အပြင်က ဝင်လာမဲ့ နိုင်ငံခြားကုမ္ပဏီတွေကိုလည်း healthy scepticism ထားရမယ် ဆိုပြီး ဟန့်လား ဟန့်ရဲ့၊ ဒါကြောင့် တရုတ်ကြီးက ဆို သူ့ကို မျက်နှာချင်းကို ဆိုင်တာ မဟုတ်ဘူးလေ။ FDI တွေ ဝင်မလာတာ အဲဒါကြောင့်။ ကျုပ်တို့ ဥပဒေ စိုးမိုးရေး ဘာရေး အာမခံချက် မရှိလို့ ဆိုတာ မဟုတ်ဘူး။ သူ့ကြောင့်။ ဟိုတခါကလည်း ထိုင်းသွားပြီး ရွှေ့ပြောင်း အလုပ်သမား ကိစ္စတွေ ပြောလား ပြောရဲ့။ ယဉ်လတ်တို့ဆို မတတ်သာလို့ သာ ဆက်ဆံနေတာ။ အလကား နေရင်း ထိုင်း လုပ်ငန်းရှင်တွေ ဈေးပိုပေးနေရပြီ။ မနေ့တနေ့က တခါ မြန်မာ အင်ဂျင်နီယာတွေ၊ ကွန်ပျူတာ ပညာရှင်တွေ၊ အလုပ်သမားတွေ အဆင့်မျိုးစုံ အများကြီး နဲ့ လည်ပတ်နေတဲ့ စင်္ကာပူကို သွားပြီး ကိုယ့်နိုင်ငံ ကောင်းကျိုး ပြန်လုပ်ပေးဖို့ သွားပြောတော့ စင်္ကာပူ သတင်းစာတွေက သောက်မြင်ကပ် နေပြီ။ စင်္ကာပူ ဆိုတာ မျက်နှာပျက်လို့ မဖြစ်ဘူးနော်.. ဘဏ်စာရင်းတွေ ရှိတယ်… ဘဏ်စာရင်းတွေ ရှိတယ်။ ကဲ.. ကျုပ် မပြောချင်ဘူး။ ပြောရင်လဲ လွန်ရာကျမယ်။ တရုတ်ကြီး ကလဲ သောက်မြင်ကပ်၊ ဘကုန်း ကလည်း မကြည်လင်၊ ယပလက် ကလည်း အချိုသတ်ထား၊ လီရှန်းလွန်း ဆိုတာ အတွင်းကျိတ် လူလည်ကြီး၊ ပညာရှိ အမျက် ပြင်မထွက် နေနေတာ။ အဲဒါကြောင့် ပြောတာ ဒေါ်စုကြည် ဆိုတာ ဘုံရန်သူ လို့။ ____________________________________________________________________ ဒေါ်အောင်ဆန်းစုကြည် ကို အထူးလေးစားသူ ဖြစ်သော်လည်း သရော်စာ ပီသစေရန် “ဒေါ်စုကြည်/ အဘွားကြီး”

No comments: