Saturday, October 26, 2013

ရခိုင်ပြည်နယ်ရှိစစ်တပ်

ရခိုင်ပြည်နယ်ရှိ စစ်တပ် တပ်ရင်းများတွင် ရဟတ်ယာဉ်ကွင်းများ တည်ဆောက် 24.10.2013 ရခိုင်ပြည်နယ် အတွင်းရှိ စစ်တပ် တပ်ရင်းများအားလုံးတွင် ရဟတ်ယာဉ်များ အချိန်မရွှေး ဆင်းသက်နိုင်ရန် အတွက် ရဟတ်ယာဉ်ကွင်းများ တည်ဆောက်နေသည်ဟု စစ်တပ်နှင့် နီးစပ်သူ တစ်ဦးက ပြောသည်။ “ အချင်း ပေ ၄၀ စီရှိတဲ့ ရဟတ်ယာဉ်ကွင်း (၃) ခုကို တပ်ရင်းတစ်ခုစီမှာ တည်ဆောက်ဖို့ အထက်က ညွှန်ကြားလာတဲ့ အတွက် တပ်ရင်းတိုင်းမှာ တည်ဆောက်နေတာကို တွေ့ရပါတယ်” ဟု သူက ဆိုသည်။ အထူးသဖြင့် ရဟတ်ယာဉ်ကွင်းများကို ရခိုင်ပြည်နယ် ဒေသကွပ်ကဲမှူးဌာနချုပ် (ဒကစ) လက်အောက်ရှိ တပ်ရင်းများတွင် တည်ဆောက်နေခြင်း ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။ “ အဓိက ဒကစ လက်အောက်ခံ တပ်ရင်းတွေရှိတဲ့ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဍားကျွန်း၊ စစ်တွေ၊ ကျောက်တော်နဲ့ ချင်းပြည်နယ်ထဲက ပလက်ဝ မြို့တွေမှာ တည်ဆောက်နေတာကို တွေ့ရပါတယ်” ဟု ဆိုသည်။ ယခုကဲ့သို့ ရဟတ်ယာဉ်ကွင်းများ တည်ဆောက်ခြင်းမှာ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် သက်ဆိုင်ကြောင်း၊ များမကြာမီက ပြုလုပ်ခဲ့သော ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၏ ရခိုင် ခရီးစဉ်တွင် ညွှန်ကြားချက် ထုတ်ပြန်ခဲ့ကြောင်း၊ အချိန်မီ တည်ဆောက် မပြီးစီးသော တပ်ရင်းများကို အရေးယူမည်ဟု ညွှန်ကြားချက်ထဲတွင် ပါကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။ ရခိုင်ပြည်နယ် အတွင်းရှိ စစ်တပ် တပ်ရင်းများကို အနောက်ပိုင်းတိုင်းနှင့် ဒကစ လက်အောက်ခံ တပ်ရင်းများဟု ခွဲခြားထားပြီး အနောက်ပိုင်းတိုင်း လက်အောက်ခံ တပ်ရင်းတွေများတွင်လည်း ထိုကဲ့သို့ တည်ဆောက်မူများ ရှိကြောင်း သတင်း ရရှိကြောင်း သူက ပြောသည်။ ရခိုင်ပြည်နယ်၏ လုံခြုံရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာ အစိုးရ အာဏာပိုင်များက ဦးစားပေး အဆင့်တွင် သတ်မှတ်ထားပြီး လှည့်ကင်းများ၊ အမြဲတန်းကင်းများကို နေရာအများအပြားတွင် ဖြန့်ကျက်ချထားကာ နယ်မြေလုံခြုံရေးကို စောင့်ကြပ်လျှက်ရှိကြောင်း၊ အထူးသဖြင့် ပင်လယ်ထွက်ပေါက်- ၀င်ပေါက်များ ရှိရာ ဒေသများတွင် ဖြစ်ကြောင်း ၎င်းစစ်တပ်နှင့် နီးစပ်သူက ဆိုသည်။ သို့သော်လည်း ရခိုင်ပြည်နယ် ဒေသ အချို့တွင် အကြမ်းဖက်တိုက်ခိုက်မူများ ဆက်လက် ပေါ်ပေါက်နေဆဲ ဖြစ်ကြောင်း သိရသည်။ နိရဉ္စရာ

No comments: