မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, October 11, 2013
ကျွန်တောါမမေ့နိုင်သောအဆောက်အဦး
မတကသ ကပ်တဲကြီတချိန်က
မန္တလေးတက္ကသိုလ်မှာ ရွှေပြည်အေး၊ အောင်မင်္ဂလာနဲ့ ရတနာပုံဆိုတဲ့
အမျိုးသားကျောင်းဆောင်များတည် ရှိတဲ့ လမ်းတိုအတိုင်းအရှေ့ဘက်ကနေလျှောက်လာရင်
အနောက်ဖက်ဖျားကိုရောက်တော့ သွပ်မိုးကပ်တဲကြီးတွေကို တွေ့ရပါတယ်။
အဲဒါတွေဟာအခုဝန်ထမ်းနေအိမ်ဆိုလားဖြစ်နေပြီး အရင်ကျနော်တို့ခေတ်ကတော့
အဆောင်ကျောင်း သားတွေအတွက် ထမင်းစားဆောင်နဲ့ မီးဖိုတွေဖြစ်ပါတယ်။
ဒါပေမဲ့အဲဒီတဲတွေရဲ့အနောက်ဖက်ဆုံးမှာ တခြားတဲကြီး တွေနဲ့ဆက်မနေတဲ့
တဲကြီးတလုံးရှိပါတယ်။ အဲဒါကတော့ မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အဆောက်အဦပဲ
ဖြစ်ပါတယ်။
ဒီအဆောက်အဦရဲ့ရှေ့မှာ မန္တလေးတက္ကသိုလ်အတွင်းအနှံ့စီးဆင်းနေတဲ့
ရေဆိုးမြောင်းလည်းမဟုတ်၊ ရေကြည်မြောင်း လည်းမဟုတ်တဲ့ မြောင်းလေးတခုရှိပါတယ်။
အမျိုးသားကျောင်းသားဆိုရင် လွှားကျော်သွားလို့ရတဲ့ ဒီမြောင်းပေါ်မှာ
ပျဉ်သုံးချပ်လောက်ကိုတံတားအဖြစ် ခနော်ခနဲ့ခင်းထားပါတယ်။ နောက်ပြီး
တမာပင်ထင်ပါရဲ့ သစ်ပင်တပင်။ အဆောက် အဦဟာ အုတ်ခုံခင်းထားတာမှန်ပေမဲ့
သူ့ပတ်ပတ်လည်မှာတော့ မြက်တွေ၊ ခြုံတွေချည့်ပါပဲ။ မြွေ၊ ကင်းတွေ မကြာခဏ
တွေ့ရတတ်ပါတယ်။
ကပ်တဲကြီးရဲ့အ၀င်တံခါးအပေါ်မှာတော့ “မန္တလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ” ဆိုတဲ့
အနီရောင်ဆိုင်းဘုတ် ရှိပါ တယ်။ ဆေးတွေက ကွာသလောက်ကွာနေပါပြီ။
ပေငါးဆယ်လောက်ရှည်ပြီး အရှေ့အနောက်တန်းနေတဲ့ ဒီတဲကြီးရဲ့အရှေ့ထိပ်မှာ
လူဆယ်ယောက်ကျော်လောက် အစည်းအဝေးထိုင်နိုင်တဲ့ စာပွဲကြီးတလုံးနဲ့
ကုလားထိုင်တွေရှိပါတယ်။ ဒါပေမဲ့ အားလုံးက ဟောင်းဟောင်းနွမ်းနွမ်းပါ။
စာပွဲကြီးရဲ့နောက်ကျောက ထရံမှာတော့ ခွပ်ဒေါင်းအလံကိုကန့်လန့်ဖြတ်
ချိတ်ထားပါတယ်။ အခန်းထောင့်တနေရာမှာ ခြောက်ပေအမြင့်လောက်ရှိမယ့်
ကျောင်းသားအာဇာနည် ဗိုလ်အောင်ကျော်ရဲ့ပန်းချီပုံကြီးတခုကိုထောင်ထားပြီး ထရံ
တနေရာမှာ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပုံချိတ်ထားတာပါတယ်။ နောက်ပြီး
နိုင်ငံတကာကျောင်းသားလှုပ်ရှားမှုက ပိုစတာအနည်းအပါး ကပ်ထားတယ်လို့
မှတ်မိနေပါတယ်။ အခန်းထဲမှာ စာအုပ်ဘီဒို (သူများလှူထားတာတွေ) လေးခု လောက်ပေမဲ့
စာအုပ်များများစားစားမရှိဘဲ သတင်းစာဟောင်းတွေပဲရှိပါတယ်။
အဲဒီတုန်းက ကျောင်းသားသမဂ္ဂတွေဟာ ငွေကြေးအရချို့တဲ့ပါတယ်။ ဒါကြောင့်
အခမ်းအနားတခုလုပ်တယ်ဆိုရင် အနီးအနားက ဆရာတွေရဲ့အိမ်တွေကိုသွားပြီး
စာပွဲခင်းကအစ ရက်ကော်ဒါအသံသွင်းစက်အဆုံး ငှားရမ်းကြရပါတယ်။
ကျနော်ပါဝင်ငှားဖူးတဲ့ ဆရာဦးခင်မောင်တင့် (တက္ကသိုလ်ဘုန်းနိုင်)၊ ဆရာဟာဂျီ
(အင်္ဂလိပ်စာကထိက) တို့ အိမ်တွေ ဆိုရင် အင်မတန်လိုလိုလားလားနဲ့
ထက်သန်ရက်ရောစွာထုတ်ကြတာကို ကောင်းကောင်း မှတ်မိနေပါတယ်။
ကျနော် တက္ကသိုလ်ကျောင်းကိုရောက်တဲ့နှစ်ဟာ နောက်ဆုံး (အခုအထိ)
တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေး ကောက်ပွဲလုပ်တဲ့နှစ် ဖြစ်ပါတယ်။
ကျောင်းဖွင့်ပြီး နှစ်လလောက်အနေမှာပဲထင်ပါရဲ့၊ မန္တလေးတက္ကသိုလ်ကျောင်းသား
ညီညွတ်ရေးတပ်ဦးညီလာခံ ကျင်းပါတယ်။ သမဂ္ဂအဆောက်ဦထဲမှာ လုပ်တာဖြစ်ပြီး
စိတ်ဝင်စားသူဘယ်သူမဆို တက် လို့ရပါတယ်။
ကျနော်က နောင်တော့်နောင်တော်ကြီးများနဲ့အတူ သွားတက်တော့
တက္ကသိုလ်ကျောင်းသားမဟုတ်တော့တဲ့ တပ်ဦး ကောင်စီဝင် (အဖွဲ့ဝင်ကိုကောင်စီဝင်လို့
ခေါ်ပါတယ်) တွေ လာတက်တာလည်း တွေ့ရပါတယ်။ အစည်းအဝေးမစခင် ကျနော့်ဘေးပတ်လည်က
နောင်တော်ကြီးများက ကျနော့်ကိုတပ်ဦးကောင်စီဝင်မလား မေးကြပါတယ်။ ကျနော်ကလည်း
ဒီလိုအပြောကိုစောင့်နေသလိုမို့ ချက်ခြင်းပဲခေါင်းညိတ်လိုက်တော့ သူတို့ချင်း
လက်တွေ့လုပ်ဆောင်စရာတွေ ညှိနှိုင်းတာ တွေ့ရပါတယ်။ သူတို့အထဲကတယောက်က
သဘာပတိစာပွဲပေါ်မှာရှိတဲ့ ကောင်စီဝင်လျှောက်လွှာကို သွားတောင်းယူခဲ့ ပါတယ်။
အဲဒီလျှောက်လွှာကို ကျနော်က ဖြည့်ပြီးတော့ ကျောင်းသားညီညွတ်ရေးတပ်ဦး
ဖွဲ့စည်းပုံဥပဒေအတိုင်း ထောက်ခံမယ့်လူနှစ်ယောက် ရှာရပါတယ်။ ကျနော့်ကိုဝင်ဖို့
စတိုက်တွန်းတဲ့ ကိုသောင်းရွှေ (ပေါင်းလောင်းဒေသဖက်မှာ ကျဆုံးသွားသူ) က
ထောက်ခံသူတယောက်လုပ်ပြီး နောက်တယောက်ဘယ်သူလုပ်မလဲလို့ မေးတော့ အတူထိုင်နေတဲ့
စာရေးဆရာမောင်မိုးသူ (သူက အဲဒီအချိန်မှာ တက္ကသိုလ်ကျောင်းသား မဟုတ်တော့ပါဘူး) က
“ဒီကောင်ဆိုရင်တော့ ငါထောက်ခံမယ်ကွာ” (ဒါသူ့ စကားအတိုင်းပါပဲ၊
ကျနော်အတိအကျမှတ်မိနေပါတယ်) ဆိုပြီး လျှောက်လွှာ ပုံစံမှာ လက် မှတ်ထိုးပေးပါတယ်။
ရန်ကုန်တက္ကသိုလ်မှာ ကျောင်းသားသမဂ္ဂအဆောက်အဦကြီးကို
ဒိုင်းနမိုက်နဲ့ခွဲလိုက်ပြီဆိုတော့ တပြည်လုံးက တက္ကသိုလ်နဲ့
ကောလိပ်အားလုံးကိုလည်း ပိတ်လိုက်တာမို့
နောက်တနေ့မှာကျနော်တို့ကျောင်းသွားမတက်ကြပါဘူး။ ဒါကြောင့် မန္တလေးတက္ကသိုလ်သမဂ္ဂ
အဆောက်အဦကိုတော့ ဘယ်လိုသဘောထားတယ်ဆိုတာကို သိချင်နေကြပါ တယ်။ ဒါပေမဲ့
မကြာပါဘူး။ သတင်းစာတိုက်မှာနေသူဆိုတော့ အဲဒီမနက် (ဇူလိုင်လ ၈ ရက်) မှာပဲ
သတင်းကိုကြားရပါ တယ်။
မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂအဆောက်အဦကိုလည်း နန်းတွင်းကလာဖျက်ပြီး
ကားနဲ့တိုက်ယူသွားကြ သတဲ့။ ကျနော်မှတ်တာမမှားဘူးဆိုရင် အဲဒီတုန်းက ဗမာပြည်မှာ
ကျောင်းသားများသမဂ္ဂအဆောက်အဦဆိုလို့ ဒီနှစ်ခုပဲ ရှိတာပါ။ ဒီတော့
ကျောင်းသားသမဂ္ဂနဲ့ပတ်သက်တာမှန်သမျှ ကျူငုတ်တောင်မကျန်အောင်လုပ်လိုက်တဲ့
သဘောပါပဲ။ အုတ်ခုံကလေးသာကျန်ပါတယ်။
ဒါပေမဲ့ ကျောင်းသားတွေကိုတော့ ကျူငုတ်ပါမကျန်အောင် သူတို့မလုပ်နိုင်ခဲ့တာမို့
မကြာခင်မှာဘဲ လှုပ်ရှားမှုတွေ ပြန် ပေါ်ပါတယ်။ ၁၉၆၃ ခုနှစ်မှာ
တော်လှန်ရေးကောင်စီစစ်အစိုးရက တပြည်လုံးငြိမ်းချမ်းရေးခေါ်ဆိုတဲ့အခါမှာ ကျောင်း
သားလှုပ်ရှားမှုတွေ ပြန်ပေါ်လာပါတယ်။ ကျနော်တို့တတွေ မြို့နယ် ဗကသ၊ ခရိုင် ဗကသတွေ
ပြန်ထောင်ကြပါတယ်။ ကျနော်လည်း ခရိုင်ဗကသ အမှုဆောင် (အတွင်းရေးမှူး)
ဖြစ်လာပါတယ်။ ဒါပေမဲ့ တကသ ကတော့ ရွေးကောက်ပွဲနဲ့မှ ဖွဲ့စည်းနိုင်တာမို့
ကျနော်တို့တက္ကသိုလ်နယ်မြေအတွင်းမှာ ပြန်စုစည်းဖို့လိုနေပါတယ်။
ဒီလိုနဲ့ ၁၉၆၃ ခုနှစ် ၇ ရက် ဇူလိုင်အခမ်းအနား (ထင်ပါတယ်) ကို အဲဒီ မတကသ
အဆောက်အဦကွက်လပ်လေးပေါ်မှာ ကျင်းပခဲ့ကြပါတယ်။ စာပွဲလေးတလုံးချ၊
သဘာပတိနဲ့အခမ်းအနားမှူးအတွက် ကုလားထိုင်လေး ၂ လုံးခင်းပြီး ပရိဿတ်က
အုတ်ခုံပေါ်မှာထိုင်ကြပါတယ်။ ဖျာကြမ်းခင်းပေးနိုင်၊ မပေးနိုင်မမှတ်မိတော့ပါဘူး။
ကျနော့်ကိုလည်း စင်တင်တဲ့အနေနဲ့ နောင်တော်ကြီးများက “ဒီမိုကရေစီရေး”
အဆိုတင်သွင်းဖို့ တာဝန်ပေးပါတယ်။ “ဘာတွေပြောကွာ” လို့ ဘယ်သူကမှမပြောခဲ့ပါဘူး။
ဒါကြောင့် ကျနော့အလှည့်ရောက်လို့ ခုနကပြောတဲ့ စာပွဲလေးအနားရပ်လိုက်တော့
တုန်လိုက်တဲ့ဒူးတွေ၊ ထိန်းမနိုင်သိမ်းမရပါပဲ။ ထိန်းလို့ရလိုရငြား
စားပွဲကိုလက်ထောက်လိုက်တော့လည်း မထူးပါဘူး။ ပရိဿတ်ထဲမှာရှေ့ဆုံးကထိုင်တဲ့
အမျိုးသမီးကျောင်းသူတွေကတော့ ကျနော့အဖြစ်ကိုသိလို့၊ အားနာလို့လားမသိပါဘူး
အားလုံး ခေါင်းငုံ့နေကြပါတယ်။ ကျနော်လည်း
စဉ်းစားထားတာရဲ့တ၀က်လောက်ကိုပဲပြောပြီး မိန့်ခွန်းကို သိမ်းလိုက်ပါ တယ်။
အခမ်းအနားပြီးသွားလို့ ပစ္စည်းတွေသိမ်းကြတော့ အဲဒီနှစ်မှာ
ကျောင်းသားညီညွတ်ရေးတပ်ဦး ဥက္ကဋ္ဌ ဖြစ်လာတဲ့ ကိုကျော်ခင်က တဟဲဟဲ ရီရင်း
“ကောင်လေးဘာတွေပြောလဲမသိဘူး” လို့ ပြောပါတယ်။ ဒီအခါမှာ ကျန်တဲ့ရဲဘော်များ
ကလည်း ရီကြပါတယ်။ ဒါပေမဲ့ အားလုံးက ကျနော့ကိုချစ်ကြနားလည်ကြတော့ ဘယ်သူကမှ
အပြစ်တင်တာ၊ လှောင် ပြောင်တာမလုပ်ပါဘူး။ ဒါဟာ ကျနော့ဘ၀မှာ ပထမဆုံးအကြိမ်
မိန့်ခွန်းပြောတာမဟုတ်လား။ ၁၈ နှစ်သားအရွယ်လေ။
ဒီအကြောင်းတွေကြောင့် ဒီအဆောက်အဦကို ကျနော့ဘ၀မှာ မမေ့နိုင်တဲ့
အဆောက်အဦတခုလို့ မှတ်တမ်းထိုးမိတာပါ။ တနေ့ကတော့
အာအက်ဖ်အေအသံလွှင့်အစီအစဉ်ကဆောင်းပါးတခုမှာ ဒီကွက်လပ်နေရာဟာ
ခြုံနွယ်ပိတ်ပေါင်းတွေနဲ့ ဖြစ်နေပြီတာ့ ကြားလိုက်ရပါတယ်။
ဝမ်းနည်းစရာစိတ်မကောင်းစရာပါ။
တနေ့မှာ ဒီခြုံနွယ်ပိတ်ပေါင်းတွေကို ရှင်းနိုင်ရင်
ရိုးသားစွာကျောင်းသားအရေးအတွက် စွန့်လွှတ်လုပ်ကိုင်ခဲ့ကြတဲ့
ကျောင်းသားတွေရဲ့ဇာတ်လမ်းတွေ ပေါ်လာမလားမသိပါဘူး။ ကျနော့အသိထဲမှာတော့
ဒီခပ်ကုပ်ကုပ်ကပ်တဲကြီးထဲက ထွန်းပြောင်တဲ့စကားတွေနဲ့
လုပ်ရပ်တွေပေါ်ထွက်ခဲ့တယ်ဆိုတာ စွဲနေပါတယ်။
ဖိုးသံ (လူထု)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment